မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲပေးမှုရာခိုင်နှုန်းမှာ တဖြည်းဖြည်းကျဆင်းလာပြီး ထိုသို့ မဲပေးမှုရာခိုင်နှုန်း ကျဆင်းမှုသည် မြန်မာနိုင်ငံအတွက် အန္တရာယ်တစ်ခုဟုမြင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲပေးမှုရာခိုင်နှုန်းမှာ တဖြည်းဖြည်းကျဆင်းလာပြီး ထိုသို့ မဲပေးမှုရာခိုင်နှုန်း ကျဆင်းမှုသည် မြန်မာနိုင်ငံအတွက် အန္တရာယ်တစ်ခုဟုမြင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 16 November 2019
မင်းနိုင်စိုး

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲပေးမှုရာခိုင်နှုန်းမှာ တဖြည်းဖြည်း ကျဆင်းလာပြီး ထိုသို့မဲပေးမှုရာခိုင်နှုန်း ကျဆင်းလာမှုသည် မြန်မာနိုင်ငံအတွက် အန္တရာယ်တစ်ခုဟုမြင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ The Yomiuri Shimbun သတင်းဌာနတို့၏ သီးသန့်တွေ့ဆုံမေးမြန်းမှု နောက်ဆက်တွဲကို နိုဝင်ဘာ ၁၆ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆက်လက်ဖော်ပြခဲ့ပြီး အဆိုပါသီးသန့် တွေ့ဆုံမေးမြန်းမှုတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံ၏ မဲပေးမှုများကို ကြည့်သည့်အခါ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်သည့်အချိန်က မဲပေးပိုင်ခွင့်ရှိသူ၏ ၇၇ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၆၉ ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့ကြောင်း၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် ၁၀ ရာခိုင်နှုန်းကျော် ၁၅ ရာခိုင်နှုန်းခန့် မဲပေးခဲ့ကြောင်းနှင့် တဖြည်းဖြည်း မဲပေးသူဦးရေ ကျဆင်းလာသည့်အတွက် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားလျော့လာသည်ကို တွေ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“ ဒါကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ လူအများစုမဲပေးတဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ လိုတယ်လို့ ကျွန်တော် ပြောလိုတယ်။ အဲဒီတော့ နိုင်ငံတကာမှာလည်း ရွေးကောက်ပွဲတွေ လုပ်ကြတယ်။ ခင်ဗျားတို့ ဂျပန်မှာလည်း ဒီလိုပဲ။ မကြာသေးမီက  အိန္ဒိယမှာ ရွေးကောက်ပွဲ လုပ်သွားတယ်။ အမေရိကန်လည်း မကြာခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ ရှိတယ်။ ရွေးကောက်ပွဲလုပ်တဲ့အခါကျတော့ ဖိလစ်ပိုင်ဆိုလည်း ရွေးကောက်ပွဲနဲ့ တက်လာတာပေါ့။ ရွေးကောက်ပွဲလုပ်ရင် တိုင်းပြည်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်ကြတာပေါ့။ ဘယ်သူတွေ၊ ဘယ်ဝါတွေ၊ နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တဲ့သူတွေအပေါ် မူတည်ပြီး ရွေးကောက်ပွဲမှာ အုတ်အော်သောင်းတင်း ဖြစ်ကြတယ်။ တော်တော့်ကို စိတ်ဝင်တစားနဲ့ ငါတို့တိုင်းပြည်ကို ဦးဆောင်မယ့်သူ၊ အဖွဲ့အစည်း၊ အစိုးရပေါ့လေ။ ဒီမှာကျတော့ ခုနကပြောသလို Decline (ကျဆင်းမှု) ဖြစ်လာတာပေါ့။ Decline (ကျဆင်းမှု) ဖြစ်လာတဲ့အခါ ကျွန်တော်တို့အတွက် အန္တရာယ်တစ်ခုလို့ မြင်ပါတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထုက အစိုးရတစ်ရပ်ကို ရွေးချယ်ခြင်းဖြစ်ကြောင်း သို့မဟုတ် နိုင်ငံ၏ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်သည့်လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတိုင်းတွင် အင်မတန် အလေးထားရသောအရာ ဖြစ်ကြောင်း၊ ပြည်သူများ၏ အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ အဆိုပါ အခွင့်အရေးကို ပြည်သူလူထုက မှန်မှန်ကန်ကန် အသုံးချနိုင်မည်ဆိုပါက အင်မတန်အကျိုးရှိသည့် ကောင်းသောအရာတစ်ခုဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရသည် NLD ဖြစ်ခြင်း၊ USDP ဖြစ်ခြင်းထက် ရွေးကောက်ပွဲသည် တကယ်အကျိုးရှိသော ရွေးကောက်ပွဲဖြစ်ရန် ပိုအရေးကြီးကြောင်း၊ ပြည်သူလူထုကမူ ၎င်းတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သော အစိုးရမျိုးကို ရွေးချယ်မည်ဖြစ်ကြောင်း၊ USDP အစိုးရလက်ထက်တွင် အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်မှုများလည်း ရှိကြောင်း၊ NLD အစိုးရလက်ထက်တွင်လည်း အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်မှုများလည်း ရှိကြောင်း၊ ထို့ကြောင့် မည်သည့်အဖွဲ့ အစိုးရ ဖြစ်မည်ကို ထင်မြင်ချက်ပေးရန် ခက်ခဲကြောင်းနှင့် အဆိုပါကိစ္စသည် ပြည်သူက ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်မှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD) ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီနှစ်ခုကို သတင်းဌာနက မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ ရွေးကောက်ပွဲတွင် အနည်းဆုံး သုံးမြို့နယ် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ပါဝင်လာမည်ဖြစ်ကြောင်း၊ အားကောင်းသော နိုင်ငံရေး ပါတီအချို့ရှိနေသည်ကို သတိပြုမိကြောင်းနှင့် တိုင်းရင်းသားပါတီများသည် တိုင်းရင်းသားနယ်မြေများတွင် ပို၍အားကောင်းနိုင်သော အနေအထားမျိုးကို တွေ့ရကြောင်း ပြောကြားသည်။

 

 

Most Read

Most Recent