တို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင် မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို စဉ်းစားပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သွားရမည်ဖြစ်ပြီး အဆိုပါ အချက်အပေါ် မူတည်၍ ဆောင်ရွက်မှသာ အဆင်ပြေလိမ့်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင် မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို စဉ်းစားပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သွားရမည်ဖြစ်ပြီး အဆိုပါ အချက်အပေါ် မူတည်၍ ဆောင်ရွက်မှသာ အဆင်ပြေလိမ့်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 15 November 2019

တို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင် မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို စဉ်းစားပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသွားရမည်ဖြစ်ပြီး အဆိုပါ အချက်အပေါ် မူတည်၍ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှသာ အဆင်ပြေလိမ့်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ၊ The Yomiuri Shimbun သတင်းဌာနတို့၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို နိုဝင်ဘာ ၁၅ ရက်တွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖော်ပြခဲ့ပြီး အဆိုပါ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားခဲ့သော အချက်များရှိကြောင်း၊ သမိုင်းနောက်ခံများနှင့် မတူညီကွဲပြားခြားနားမှုများကို စဉ်းစားခဲ့သည့်အပြင် ပဋိပက္ခ ဖြစ်ပွားမှုများကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြောင်း၊ ထို့နောက် ပြည်တွင်း၊ ပြည်ပ ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုအန္တရာယ်များကို စဉ်းစား၍ တို့တာဝန် အရေးသုံးပါး ဖြစ်ပေါ်လာခြင်းဖြစ်ကာ အဆိုပါ အရေးသုံးပါးကို မည်သို့ ထိန်းသိမ်းမည်ဆိုသည်ကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။  

"ဒါဟာ နိုင်ငံတိုင်း နိုင်ငံတိုင်း ဒီတိုင်းပါပဲ။ ဘယ်နိုင်ငံကြည့်ကြည့် သူတို့နိုင်ငံ ဘယ်လို တည်တံ့ခိုင်မြဲအောင် လုပ်မလဲဆိုတာကို အခြေခံ Concept ကို စဉ်းစားပြီးမှ လုပ်တာဖြစ်ပါတယ်။ ဒီ Constitution ပြင်ဆင်ရေးဆိုတဲ့ နေရာမှာလည်း ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားပြီးတော့မှ ပြင်ဆင်ရေးကို သွားရမှာဖြစ်ပါတယ်။ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အခြေခံဥပဒေကို ကျွန်တော်တို့က ပြင်ဆင်ရေး လုပ်ငန်းတွေ သွားလို့ရှိရင်တော့ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ပြောလိုတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းသည် တိုင်းပြည် တည်တည်ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တို့တာဝန် အရေးသုံးပါးအပေါ် အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေမှာ နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသကဲ့သို့ လုံခြုံရေးအရလည်း တည်ငြိမ်မှု မရှိကြောင်းနှင့် ငြိမ်းချမ်းရေးသည်လည်း အပြည့်အဝ မရရှိနိုင်သေးသည့် အခြေအနေတွင် ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

"ဒါကြီးကို မယိုင်လဲအောင် ထိန်းသိမ်းဖို့က ကျွန်တော်တို့ လိုတယ်။ ဒါ တပ်မတော်က တာဝန်ထမ်းဆောင်တာ။ အဲဒါကြောင့် လွှတ်တော်ထဲမှ ၂၅ ရာခိုင်နှုန်းပါဝင်ပြီးတော့မှ ဒီနိုင်ငံရေး တည်ငြိမ်မှုရှိအောင် ဝင်ရောက် ထိန်းသိမ်းပေးခြင်းဖြစ်တယ်။ တပ်မတော်က အာဏာယူမှု လုပ်တဲ့ သဘောလည်း မဟုတ်ဘူး၊ အာဏာကိုင်ထားခြင်း သဘောမဟုတ်ဘူး။ ဒီလိုတည်တည်ငြိမ်ငြိမ်ဖြစ်သွားတဲ့အခြေအနေမျိုး ရောက်သွားပြီး စောစောက ခင်ဗျား ကျွန်တော့်ကို မေးတဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်တဲ့ ဖြစ်လာပြီဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ လက်ခံထားပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အချိန်တွင် ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ အဆိုပါ စနစ်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး သဘောထား ကွဲလွဲမှု များကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်ခဲ့ကာ နောက်ဆုံး ၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ရကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီ  စစ်အုပ်ချုပ်ရေးဖြင့် သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာဆိုရှစ်လစ်လမ်းစဉ်ပါတီ အစိုးရစနစ်ဖြင့် သွားခဲ့ပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တပ်မတော်အစိုးရစနစ်ဖြင့် သွားခဲ့ကာ ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဗဟိုက ဦးဆောင်သည့် ဗဟိုချုပ်ကိုင်မှု အစိုးရစနစ်ဖြင့် သွားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ အစိုးရစနစ်ကို ကျင့်သုံးခဲ့ကြောင်းနှင့် မြန်မာ့နိုင်ငံရေးစနစ်သည် မကြာခဏ ပြောင်းနေ၍ မဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

"ဒီလိုအပြောင်း အလဲတွေကြောင့် တိုင်းပြည်တိုးတက်မှုများ နှောင့်နှေးခဲ့တာတွေကို ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီစနစ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တယ်။ဖြစ်အောင်လည်း ကြိုးစားနေတာပေါ့။ ဒီဟာကို ပျက်အောင်လုပ်မယ့်သူမှန်သမျှကို လိုအပ်တဲ့တုံ့ပြန်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်ဘဲနဲ့ လုံခြုံရေးမတည်ငြိမ်ဘဲနဲ့ တိုင်းပြည်တစ်ခုကို အခြေအနေယိုင်သွားအောင် ပိုပြီးဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်သွားအောင်လုပ်ဆောင်မှုမျိုးကိုတော့ ဒီအချိန်မှာ မသင့်တော်ဘူးလို့ ကျွန်တော် ထင်ပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။  

 

ထို့ပြင် လက်ရှိအစိုးရသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ တက်လာသည့် အာဏာရပါတီက ဖွဲ့စည်းထားသော အစိုးရဖြစ်ပြီး ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆောင်ရွက်နေကြောင်း၊ အစိုးရနှင့် တပ်မတော်၏ ဆက်ဆံရေးသည် အခြေအနေ ကောင်းသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ အစိုးရ၏ ဆုံးဖြတ်ချက်ကို အောင်မြင်အောင် တပ်မတော်ဘက်က လုပ်နိုင်သော အရာများကို လုပ်ပေးကြောင်းနှင့် မလုပ်ပေးနိုင်သော အရာများကိုလည်း အခြေအနေအရ မတတ်နိုင်သည်လည်း ရှိလိမ့်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို လက်ရှိ ပေးထားပြီးဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ လွှတ်တော်များ ရှိကြောင်း၊ တိုင်းရင်းသားအုပ်စုများတွင်လည်း ဥပဒေနှင့်ညီညွတ်သော အုပ်စုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဟုဆိုကာ ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ ပေးထားချက်များ ရှိသည့်အတွက် အဆိုပါ ပေးထားချက်များကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

"သို့သော်လည်းပဲ သူတို့တစ်ခု ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့နေရာမှာ သူတို့ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးရဲ့ အစိုးရအဖွဲ့ အကြီးအကဲကို တိုက်ရိုက်ရွေးချယ်ပိုင်ခွင့်ကတော့ မရှိဘူး။ သမ္မတကနေ အဆိုပြုတာကို ကျွန်တော်တို့က ပေးရတာပေါ့။ အသေးစိတ်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါပါတယ်။ ကျွန်တော်တို့က ဒီအစားကို ပြည်နယ်တွေ၊ တိုင်းတွေကနေပြီး သူ့ကိုယ် စားလှယ် တိုက်ရိုက်အုပ်ချုပ်တဲ့သူ၊ တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ကိုသွားဖို့ဆိုပြီး တပ်မတော်က ဒါကို အဆိုပြုခဲ့တာရှိတယ်။ ကြီးမားတဲ့ပြင်ဆင်မှု တစ်ခုလုပ်ပေးဖို့အတွက် တောင်းဆိုခြင်းဖြစ်တယ်။ သို့သော် ဒါနဲ့ မလုံလောက်သေးဘူး။ ကျွန်တော်တို့ရဲ့ တို့တာဝန် အရေးသုံးပါးကို မထိခိုက်အောင် ဘယ်လိုပြန်လုပ်မလဲ ဆိုတဲ့ဟာကို စဉ်းစားတာ ရှိတယ်။ ဒါကြောင့် ဒီကိစ္စဟာ အင်မတန်နက်နဲ သိမ်မွေ့တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောလိုတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကတော့ ပေးပြီးသားလည်းဖြစ်ပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent