မြန်မာနိုင်ငံရဲ့ဆီအိုးကြီး ဖြစ်ရမည်ဆိုတဲ့ နောက်ကွယ်က မလှပသော ဘဝများ

မြန်မာနိုင်ငံရဲ့ဆီအိုးကြီး ဖြစ်ရမည်ဆိုတဲ့ နောက်ကွယ်က မလှပသော ဘဝများ
ပြောင်းရွှေ့ရတော့မည့် ချောင်းမွန်ရွာကို တွေ့ရစဉ်
ပြောင်းရွှေ့ရတော့မည့် ချောင်းမွန်ရွာကို တွေ့ရစဉ်
Published 13 October 2019
ဇော်မိုးဦး ( မြိတ် )

“ကျွန်တော် ဆီအုန်းကုမ္ပဏီကြောင့် ဘဝပျက်သွားတဲ့ အလုပ်သမားတွေအကြောင်း ပြောချင်တယ်”ဟု စကားအစချီပြီး ပြောလာသူက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ကနေ မြန်မာပြည်တောင်ဘက် အစွန်း တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ထဲက ဆီအုန်းကုမ္ပဏီတစ်ခုကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တဲ့လူငယ်တစ်ဦးပါ။

“တနင်္သာရီတိုင်းဒေသကြီးသည် မြန် မာနိုင်ငံရဲ့ ဆီအိုး ကြီးဖြစ်ရမယ်”ဆိုတဲ့ဆောင် ပုဒ်တွေကို တိုင်းအတွင်းက နေရာအနှံ့မှာ  လိုက်လံစိုက်ထူပြီး ဆီအုန်းစိုက်ဖို့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကစပြီး အကြီးအကျယ်အားပေးခဲ့တယ်။ ကုမ္ပဏီတွေအများအပြား ဆီအုန်းစိုက်ဖို့ဆိုပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ရောက်လာကြတယ်။ ဆီအုန်းစိုက်ဖို့ မြေနေ ရာတွေ အပြောင်ရှင်းကြတယ်။ မြန်မာပြည်အထက်ပိုင်းက အလုပ်သမားများကို မက်လုံးအမျိုးမျိုးပေးပြီး ခေါ်ယူလာကြကာမြေနေရာများ ရှင်းလင်းကြတယ်။ ပထမဆုံးရလဒ်က တနင်္သာရီရိုးမကြီး ပြောင်သလင်းခါသွားတယ်။ တောရိုင်းတိရစ္ဆာန်တွေအတွက် စားကျက်ပျောက်လာတယ်။ သစ်ပင်တွေကို အပြောင်ရှင်းပြီး ဆီအုန်းစိုက်မှာဖြစ်တဲ့အတွက် အကြီးအကျယ် သစ်ထုတ်လုပ်ခဲ့ကြတယ်။ အဲဒီမှာတင် ကုမ္ပဏီတွေအတွက် ဆယ်သက်စားမကုန်တဲ့ အကျိုးအမြတ်ကြီး စတင်ရရှိပြီး ဒေသခံတွေမှာတော့ တောင်ယာလုပ်ငန်းတွေ ပျောက်ကွယ်သူတွေကပျောက်ကွယ်၊ စာရွက်စာတမ်း အထောက်အထား မလုပ်ထားကြတဲ့ တောင်သူများမှာလည်း ဥယျာဉ်တွေ ပျောက်ကွယ်သွားတယ်။ ဒေသခံတွေနဲ့ ပြဿနာတွေ အမျိုးမျိုးတက်ပေမယ့် ကုမ္ပဏီတွေ ဆက်လက်အောင်ပွဲခံနေခဲ့တယ်။

ဆီအုန်းစိုက်ခင်းတွေမှာ နေစရာ၊ စား စရာအပြင်အလုပ်အကိုင်နဲ့ လစာပါရရှိမယ် ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတဲ့သူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်က ဦးမိုးသက်ဆိုသူလည်း ပါလာ တယ်။ သူနှင့်ဇနီးဖြစ်သူ (ထိုစဉ်က ကိုယ်ဝန် လွယ်ထားရ)တို့ အလုပ်အကိုင်ရမည်ဆိုသည့်အတွက် ဆီအိုးကြီးလို့ ခေါ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီးကို ရောက်လာကြ တယ်။ ဘုတ်ပြင်းမြို့နယ်အတွင်း ရောက်တော့ ဆီအိုးကြီးအကြောင်း သူတို့နဖူးတွေ့ဒူးတွေ့ကြုံရပါတော့တယ်။

“စလာတုန်းက ရန်ကုန်ကပါ။ မှော်ဘီ တိုက်ကြီးမှာနေတယ်။ အဲဒီမှာ ကုမ္ပဏီတစ်ခုက ကလာခေါ်လို့ ဒီရောက်လာတာပါ။ နေဖို့ ထိုင်ဖို့ စားရေးသောက်ရေး အကုန်အဆင် ပြေအောင် လုပ်ပေးမယ်ဆိုပြီး ဓာတ်ပုံလေး နဲ့တကွပြတယ်။ လူတွေလိုက်ခေါ်ရင်းနဲ့ ကျွန် တော်တို့ဆီကို ရောက်လာတယ်။ နေဖို့ထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ လုပ်ငန်းတွေလည်း အဆင်သင့်ဖြစ်နေပြီဆိုပြီး ပြောတယ်။  တကယ်တမ်း ဒီရောက်တော့ စားရေး သောက်ရေးတောင် အဆင်မပြေဘူး။ နေ ရေးထိုင်ရေးအတွက်လည်း ၀ါးတွေ၊ ဓနိတွေ ခုတ်ပြီး နေရတယ်။ တာပေါ်လင်ထုတ်ပေးလို့ တာပေါ်လင်မိုးပြီး နေရတယ်။ အမျိုးသမီးက လည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အတော်လေး ကိုဒုက္ခရောက်ခဲ့တယ်။ ကျွန်တော်တို့ကိုခေါ်တုန်းက ဆောက်လုပ်ရေးလုပ်ရမယ်ဆိုပြီး ခေါ်တယ်။ ဒီရောက်တော့ တောကြီးတွေ ခုတ်ခိုင်းတယ်။ အကြွေးများတယ်လို့လည်း ပြောတယ်။ ကျွန်တော်တို့ နေ့တိုင်းအလုပ် လုပ်နေရတယ်။ လုပ်အားခတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။ လုပ်အားခလည်း ရှင်းမပေးဘူး။ ဆန်တစ်ပြည်ကို တစ်ထောင် ပေးရတယ်။ ဆန်တစ်မျိုးတည်းကိုစားပြီး ဒီ အလုပ်ကိုမလုပ်နိုင်ဘူး။ ခင်ဗျားတို့အလုပ်ကိုလည်း မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ကျွန်တော်တို့ တောထဲရောက်သွားတဲ့အချိန်က ကျွန်တော့်သားလေးဆိုရင် ကုမ္ပဏီကနှိပ် စက်တယ်လို့ပဲပြောမယ်။ ဆေးမသောက်ရ လို့ တောထဲမှာသေသွားတယ်။ အခု ကျွန်တော်တောထဲကနေ ဒီကိုပြန်ရောက်လာတာ ဆိုရင် ရှစ်နှစ်ရှိသွားပြီ။ ကျွန်တော်တို့ကို တစ်နေ့ကို ကျပ်တစ်သောင်းခွဲပေးမယ်။ တောကြီးခုတ်မယ်ဆိုရင် ဧကစားပေးမယ်။တစ်ဧကကို တစ်သိန်းကနေ တစ်သိန်းခွဲပေး မယ်ဆိုပြီးခေါ်လာတယ်။ တကယ်တမ်းကျ တော့မရဘူး”လို့ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ကနေ လာရောက်ပြီး ဆီ အုန်းလုပ်သား လုပ်ခဲ့ဖူးသူ ဦးမိုးသက်က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက တီဗွီတွေမှာ ကြော်ငြာကြတယ်။ ဆီအုန်းကုမ္ပဏီတွေမှာ ဘယ်လိုနေထိုင်ရေး စီစဉ်ပေးထားသလဲ။ ကလေးတွေကို ကျောင်းဘယ်လိုထားပေးသလဲစသည်ဖြင့် မက်လုံးပေးကြော်ငြာထည့် ကြတယ်။ အခုခေတ်စကားနဲ့ဆိုရင် ချင်းထည့်ကြတာပေါ့။ အဲဒီချင်းကိုမသိဘဲ အိပ်မက်လေးမက်ပြီး လိုက်လာတဲ့သူတွေ အများကြီးရှိခဲ့တယ်။

“ကျွန်မတို့လာတဲ့ အကြောင်းရင်းက ကုမ္ပဏီတွေက ဒီမှာအလုပ်ကောင်းတယ်။ ငွေလည်း မှန်ပါတယ်ဆိုပြီး ပြောတော့ လာခဲ့ တာပါ။ ဒီရောက်တော့ ကျွန်မတို့ကို ပြောခဲ့ တာနဲ့ တခြားစီဖြစ်နေတယ်။ ဒီမှာမတရား ခိုင်းပါတယ်။ သူကျွေးတာစား၊ သူခိုင်းတာ လုပ်၊ ဘေးပတ်ဝန်းကျင်နဲ့လည်း ပြောဆိုခွင့် မပြုပါဘူး။ သူတို့ပေးတဲ့ရိက္ခာကလည်း မြေကြီးမှာ ပုံပြီးပေးပါတယ်။ ရေနံဆီနံ့နံနေတဲ့ ဆန်တွေကို ၁၆ ရက်စားခဲ့ရတယ်။ ရေနံစော်နံနေလို့ ပြန်လဲပေးဖို့ ပြောတာကို ကံတရားနဲ့ကျတာ။ မလဲပေးနိုင်ဘူးလို့ ပြောပါတယ်။ ပိုက်ဆံလည်းတစ်ကျပ်မှ မကိုင်ခဲ့ရပါဘူး။ အသား၊ ငါးဆိုလည်း မစားခဲ့ရပါဘူး။ နောက်ဆုံး မခံနိုင်တော့ဘူး ငါးလခွဲအထိ အလုပ်လုပ်ပေမယ့်လည်း ပိုက်ဆံလုံးဝမရခဲ့ဘူး။ ရှေ့ဆက်ပြီး မတရားခိုင်းတာကို မလုပ်နိုင်တော့ဘူးဆိုပြီး ထွက်လာခဲ့ပါတယ်။ ချောင်းမွန်ရွာနားမှာရှိတဲ့ ဥယျာဉ်ခြံတွေမှာ အလုပ်လုပ်စားခဲ့ရပါတယ်”လို့ ဧရာဝတီတိုင်းမှ ရွှေ့ ပြောင်းလုပ်သား ဒေါ်ပြုံးက သူမကြုံတွေ့ခဲ့ရတာကိုပြောပြခဲ့တာပါ။

မြန်မာနိုင်ငံနေရာအနှံ့က ဒီလိုပဲ လာရောက်လုပ်ကိုင်ပြီး အနီးအနားက ဥယျာဉ် တွေ၊ ဆီအုန်းခြံတွေမှာ သောင်တင်နေရတဲ့သူ တွေ အများကြီးပါ။ နေရပ်ပြန်ဖို့လည်း စရိတ် မရှိ၊ နေစရာမြေလည်းမရှိ၊ ရွာနီးစပ်မှာနေတဲ့ သူတွေကနေ၊ ရွာသစ်လေးတည်ပြီး နေထိုင် တဲ့သူတွေကလည်း နေထိုင်(အစိုးရမှ တရား မဝင်ရွာတွေအဖြစ် သတ်မှတ်ပြီး ယနေ့အထိ ပြဿနာများ မရှင်းလင်းနိုင်ကြသေး)နေ ကြရတယ်။ ဘုတ်ပြင်းနှင့် ကော့သောင်းတစ်လျှောက်မှာ ရွာသစ်တွေ အများကြီး ပေါ်လာတယ်။ အစိုးရအဆက်ဆက် လျစ် လျူရှုထားပြီး အခုအစိုးရလက်ထက်မှ အရှုပ်ထုပ်ပေါင်းစုံ ရှင်းနေရတယ်။ အရင်အစိုးရ လက်ထက်က နှစ်ပေါင်း ၆၀ လုံး ခြစားထား တာကိုး။ အခုအစိုးရက လေးနှစ်ငါးနှစ်လောက်နဲ့ ဘာမှလုပ်လို့မရဘူးလေ။ အရင်ကထက်စာရင် မျှော်လင့်ချက်တွေ နည်းနည်း ရှိလာတယ်။ နိုင်ငံတော်အစိုးရဆီမှာ ဆီအုန်း စိုက်မယ်ဆိုပြီး ပရောဂျက်ဆွဲလိုက်တယ်။ ဒါပေမဲ့ တစ်နှစ်လောက်ပဲ။ သူတို့ရင်းနှီးမြှုပ်နှံလိုက်တယ်။ နောက်တော့သစ်တွေချည်းထုတ်လိုက်တယ်။ တောင်ပေါ်တွေမှာဆိုရင် တန်ချိန်ရာနှင့်ချီပြီးရှိတဲ့ သစ်ပုံတွေရှိတယ်။အဲဒီလိုသစ်ပုံတွေ အများကြီးရှိတယ်။ တ နင်္သာရီတိုင်းဒေသကြီးမှာ သစ်တောတွေပြုန်း တီးသွားတယ်ဆိုတာ လက်လုပ်လက်စား တွေကြောင့် မဟုတ်ဘူး။ အစိုးရ ဆီအုန်းကုမ္ပဏီတွေကို ပေးလိုက်တယ်။ ဆီအုန်း အမည်ခံပြီး သစ်တွေထုတ်ပစ်လိုက်တယ်။ မချိမဆန့်ကို ထုတ်ကြတာ။ မိုးရာသီကျရင် တောင်ပေါ်က ပြန်ချလို့မရပဲ ကန့်လန့်တွေ ဖြစ်ပြီး သစ်ပုံတွေအများကြီးကျန်ခဲ့တယ်။ သစ်တွေလည်းဆွေးပြီး အကုန်ဆုံးရှုံးသွားခဲ့တယ်။ အခုဆိုရင် အိမ်ဆောက်ဖို့တောင် သစ်လုံး အတော်လေးရှားပါးသွားပြီ။ ကုမ္ပ ဏီတွေနှိပ်စက်လို့ကုန်ပြီ။ တနင်္သာရီတိုင်း ဒေသကြီးဟာ ဆီအိုးကြီးဖြစ်ရမယ်လို့ ကြွေး ကြော်ထားတာပဲ။ ဒါပေမဲ့ ဆီအိုးကြီးက ဖိတ်သွားပြီ”လို့ ဦးမိုးသက်က ပြောကြားခဲ့တယ်။

“ဆီအုန်းကုမ္ပဏီအများအပြားမှာမြိတ် ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း အဓိက လာရောက်လုပ်ကိုင်နေပြီး တနင်္သာရီရိုးမကို စနစ်တကျနှင့် ဖျက်ဆီးနေသူများအဖြစ် ဒေသခံတွေက မြင်ကြတယ်။ ရွေ့ပြောင်းလုပ်သားတွေလည်း အများအပြားဒုက္ခ ရောက်ပြီး အဲဒီခရိုင်နှစ်ခုအတွင်းမှာ သောင် တင်နေတဲ့သူတွေ အများကြီးရှိနေတယ်။  ဆီအုန်းကုမ္ပဏီတွေက ခေါ်ယူလို့ဒီရောက်လာတာပါ။ လုပ်အားလခတွေ မှန်အောင် မပေးတဲ့အတွက် ကျွန်တော်ထွက်ပြီး ရွာမှာ နေရတယ်။ သူများဥယျာဉ်ခြံအတွင်းမှာ နေခဲ့ရတယ်”လို့ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ဦးသန်းဦးက ပြောကြားခဲ့ပါတယ်။

ဆီအုန်းကုမ္ပဏီအများစုကြောင့် ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိပေမဲ့ တချို့ကုမ္ပဏီများမှာ စီမံကိန်းကိုစနစ်တကျ လုပ်သလို အလုပ်သမားများအပေါ်မှာလည်း ကောင်းမွန်စွာ ထားရှိပေးထားကြောင်း လုပ်အားခလည်း ပုံမှန်ပေးသည့် ကုမ္ပဏီတချို့ရှိ ကြောင်း သိရသည်။ “ပိုကောင်း ကုမ္ပဏီလည်း မဆိုးပါဘူးဗျ။  ငွေရေးကြေးရေးလည်း ရှင်းပေးတယ်။ ကမ်းရိုးတန်းကုမ္ပဏီလည်း မဆိုးပါဘူး။ အလုပ်သမားတွေကို ရက်ပတ် နှင့် မှန်အောင်ပေးတယ်။ အဲဒီကုမ္ပဏီတစ်ခုတည်းပဲ အလုပ်သမားတွေကို စောက်ကျင့်ယုတ်နေတာ။ ကျွန်တော်တို့ဘဝပျက်တာ ဒီကောင်တွေကြောင့်ပဲ။ တောင်ဒဂုံ ဆီအုန်းကုမ္ပဏီလည်း ကောင်းပါတယ်။ အလုပ်သမားတွေကိုနေရာ ပေးထားတာကအစ ကောင်းတယ်။ လမ်းပန်းဆက်သွယ်ရေး လည်းကောင်းအောင်လုပ်ပေးတယ်။ အဲဒီ ကုမ္ပဏီက ဆီအုန်းစိုက်ထားစိုက်ခင်းတွေ ကို ကြည့်လိုက် စုတ်ပြတ်သတ်နေတာပဲ။ အ လုပ်သမားတွေကို လုပ်အားခမပေးတော့ အလုပ်သမားမရှိဘူး။ အဲဒီတော့ ကုမ္ပဏီက အလုပ်သမားတွေကို မထိန်းနိုင်ဘူး။ ဆီအုန်းစိုက်ခင်းတွေမှာ ဧရာဝတီတိုင်းဒေသကြီးဘက်က လူတွေများတယ်။ ပြီးခဲ့တဲ့နာဂစ်တုန်းက လူတွေအတော်လေး အခြေပျက် အနေပျက်ဖြစ်ခဲ့ရတယ်။ မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ကြတယ်။ လူတွေက ပြိုပြီး တော့ ရန်ကုန်မြို့ကိုဆင်းလာကြတယ်။ ရန်ကုန်မှာလည်း အလုပ်အကိုင်တွေက မပေး နိုင်တော့ ဆီအုန်းကုမ္ပဏီတွေအတွက် အားသာချက်တွေ ဖြစ်ကုန်တယ်။ နေစရာပေးမယ်။ အလုပ်ပေးမယ်ဆိုပြီး ခေါ်လာတယ်။အထက်ကလာတဲ့သူတွေက မသွားတတ် မလာတတ်ကြဘူး။ နယ်မြေတွေက အရင်တုန်းက မအေးဆေးဘူးလေ။ အဲဒီမှာ ဒီကောင်တွေ လူပါးဝချင်သလို ဝကြတယ်။ လုပ်ချင်သလို လုပ်ကြတယ်။ တချို့လူတွေ ဆိုရင် တစ်နေရာကနေ တစ်နေရာရွှေ့ပြောင်းရင်း ကားပေါ်မှာ သေသွားတဲ့သူတွေရှိ တယ်။ အလုပ်လုပ်ရင်းနှင့် သေတာ၊ တစ်နေရာကနေ တစ်နေရာပြောင်းရွှေ့ရင်းနဲ့ သေတာ၊ ငှက်ဖျားမိလို့သေတာတွေ အများ ကြီးပဲ။ ဆီအုန်းတောထဲမှာပဲ မြှုပ်ထားတဲ့လူတွေ အများကြီးရှိတယ်။ ပြောမယ်ဆိုရင်ဗျာ မန်နေဂျာ၊ တာဝန်ခံ၊ စိုက်ပျိုးရေးတာဝန်ခံတို့၊ အလုပ်သမားခေါင်းဆောင်တို့ အဲဒီကောင်တွေလောက်ပဲ အဆင်ပြေတယ်။ ကျန်တဲ့ သူတွေမှန်သမျှ စုတ်ပြတ်သတ်နေကြတယ်။သူဌေးလာမယ့်နေ့ဆိုရင် ကျွန်တော်တို့ မသွားရဘူး။ အလုပ်သမားတွေနဲ့လည်း ပေးမတွေ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သိသလောက်ကတော့ သူဌေးက အတော်လေးကောင်းတယ်လို့ သိရတယ်။ အလုပ်သမားတွေကို အပြောအဆိုကောင်းတယ် နားလည်ပေးတယ်လို့ သိရတယ်။ ဒါပေမဲ့ အဲဒီအောက်က မန်နေဂျာတွေပဲ ကလိမ်ကကျစ်လုပ်နေတာ”လို့ ဦးမိုးသက်မှဆက်လက်ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးကို ဆီအိုးကြီး ဖြစ်ရမယ်ဆိုတာ စကားက တကယ်တမ်းမှာ ပြည်သူတွေကို ‘ချင်း’ ထည့်တာပဲ။ ဒေသခံတွေနှင့် တိုင်းရင်းသားတွေအဖို့မှာ လုပ် စားစရာမြေမရှိ၊ နေရာစရာမြေမရှိအောင် ဗျူဟာထည့်လိုက်တဲ့ သဘောပါ။ကုမ္ပဏီအ နေနှင့် ဆီအုန်းစိုက်ဖို့ မြေအပြောင်ရှင်းရ မယ်ဆိုတဲ့ အကြောင်းပြချက်နှင့် သစ်လုံးကြီး တွေ အကုန်ထုတ်တယ်။ နည်းပေါင်းစုံနှင့် ပြည်တွင်းပြည်ပကို ထုတ်ရောင်းခဲ့ကြတယ်။ တနင်္သာရီရိုးမကြီးကို စနစ်တကျနှင့် ရှင်း လင်းကြတယ်။ ကျိကျိတက် အကျိုးမြတ်ရသွားကြတယ်။ ဆီထွက်သလားဆိုတော့ လုံးဝ မထွက်ခဲ့ပါ။ ယခုအထိ ဆီကြမ်းအဆင့် နှင့် နှစ်ပါးသွားနေကြတုန်းပါ။ မလေးရှားနိုင်ငံကလည်း လူတွေစားသုံးဖို့ရတဲ့ အဆင့်အထိ လုပ်နိုင်တဲ့နည်းပညာကို ဘယ်တော့မှ ပေးမည်မဟုတ်ပါ။ ဒီတော့ ဟန်ပါပါနှင့် ဆီကြမ်းလေးထုတ်ပြီး မြေနေရာကို လောဘတကြီး ဖက်တွယ်နေကြလျက်ရှိတယ်။တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ဆီ အုန်းစိုက်ဧကပေါင်း ၁၉ သိန်းကျော်ရှိတယ်။ကုမ္ပဏီ ၄၄ ခုက လုပ်ကိုင်နေကြပြီး နိုင်ငံ တော်အတွက် ဘယ်လောက်အကျိုးအမြတ် ရသလဲ၊ ဒေသဖွံ့ဖြိုးမှု ဘယ်လောက်ရှိလာ သလဲဆိုတာ အစိုးရပိုင်းအနေဖြင့် သုံးသပ် ဖို့လိုလာပြီ။ လက်ရှိအစိုးရလက်ထက်မှာ ဆီအုန်းမစိုက်ဘဲ မြေလွတ်နေတဲ့နေရာကို ပြန်လည်သိမ်းဆည်းလိုက်တာက ဧက ပေါင်း ၃၀၁၆၈၈ ဧကရှိတယ်။ ဒေသခံ တောင်သူတွေကို ပြန်ပေးမပေးတော့ မသိ သေးပါ။ ဒါပေမဲ့ ဆီအုန်းစိုက်ထားတဲ့ ဧက ၁၉ သိန်းကျော်မှာ တိုင်းပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေရှိနေသလဲဆို တာ ပြည်သူတွေကို ချပြသင့်တယ်။ တကယ် အကျိုးရှိမယ်ထင်တာကတော့ အဲဒီဧက ၁၉ သိန်းကျော်မှာ တစ်အိမ်ထောင်စုကို ၁၀ ဧက လယ်ယာ၊ ဥယျာဉ်လုပ်ပိုင်ခွင့်ပေးလိုက်ရင် အိမ်ထောင်စုပေါင်း တစ်သိန်းကိုးသောင်းကျော်က ပြည်သူတွေဟာ တစ်ဝမ်းတစ်ခါး လှပလာမည့်အပြင် တိုင်းပြည်လည်း ယခု အချိန်မှာ တော်တော်လေး တိုးတက်နေတဲ့ မြင်ကွင်းကို မြင်တွေ့ရမှာပဲဖြစ်တယ်။ အခု ချိန်မှာ ဆီအိုးကြီးဖြစ်ရမယ်ဆိုတဲ့ ‘ချင်း’ ထည့်ခဲ့မှုရဲ့ နောက်ကွယ်က မလှမပဘဝလေး တွေကို စာနာပြီး သေချာဆန်းစစ်ရမယ့်အချိန် ရောက်လာပါပြီ။               

 

 

Most Read

Most Recent