ထိုသို့သော တစ်နေ့တာမျိုး

ထိုသို့သော တစ်နေ့တာမျိုး
Photo: liamofarrell
Photo: liamofarrell
Published 11 October 2019
လင်းခါး

“ ဒီလိုအချိန်မျိုးဆိုရင် စိတ်ညစ်စရာပါပဲဗျာ” လို့ ကျွန်တော်က ပြောတော့ ကျွန်တော့်မိတ်ဆွေကလည်း သဘောတူပါတယ်။ ဒါပေမဲ့ သူက အနည်းငယ်တော့ စောဒကတက်ချင်ပုံနဲ့ “ အသက်ကလည်း စကားပြောတယ်ကွ။ ငါတို့ ၂၀၊ ၂၅ အရွယ်တုန်းကကျလည်း ဒီလိုရက်မျိုးဆိုရင် အလိုလို လန်းဆန်းနေတော့တာ။ ဆိုင်ကယ် ဘာညာလည်း သိပ်မရှိသေးတော့ လူအုပ်ကြီးထဲ တိုးဝင်၊ လှည့်တဲ့ ကားတွေနောက် တကောက်ကောက်လိုက် ကျေနပ်နေတာပဲ” လို့ ပြောရင်း သက်ပြင်းတစ်ချက်တောင် ချလိုက်သေးတယ်။ “ သြော် အခုတော့ လွန်ခဲ့ပါပြီကောကွာ” ဆိုတဲ့ အဘိုးကြီးအိုပေါက်စဟန်ပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါကိုလည်း သဘောမတူနိုင်ဘူး။

“ ဟေ့လူ ကျုပ်က အသက် ၂၀ လောက်ကတည်းက ပွဲလမ်းသဘင်တွေကို မုန်းတတ်နေပြီဗျ။ ဘာကြောင့်မှန်းမသိဘူးဗျာ၊ သူများပျော်တာရွှင်တာကို မကျေနပ်နိုင်ဖြစ်တဲ့ စိတ်ရောဂါမျိုးများ ရှိသလားတော့ မပြောတတ်ဘူး” လို့ ကျွန်တော်ပြောတော့ မိတ်ဆွေက သနားဖို့ကောင်းလှတဲ့ မင်းဘဝပါလားကွာ လို့ ငေါ့တော့တော့ သရော်လိုဟန်အပြုံးနဲ့ ငေးကြည့်နေတယ်။ ပြီးတော့ သူ ပြောတယ်။

“ တို့ငယ်ငယ်တုန်းကဆိုရင် ဒီဘုရားပွဲအတွက်ကို မြို့အနီးအနားက ရွာတွေတင်မကဘူး၊ ဒီအပြင်မြို့တွေကပါ ရထားတွဲလိုက် ကျပ်သိပ်နေအောင် တိုးဝှေ့ရင်း လာကြတာ။ ရထားခေါင်မိုးပေါ်တွေဆိုတာလည်း လူတွေမှအပြည့်၊ ပြုတ်ပြတ်များကျလိုက်လို့ကတော့ မလွယ်ဘူး။ အဲဒါ မင့် တဟေးဟေး တဟားဟား  တဝါးဝါးနဲ့ကို ချီတက်လာကြတာ။ အဲဒီလို ရထားစီးလာရတာကိုက သူတို့အဖို့က ပျော်စရာကောင်းနေပြီ”

“ အဲဒါမျိုး ကျုပ်သိပါတယ်ဗျာ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းထဲ ရွှေစာရံဘုရားပွဲကို မန္တလေးကနေ လှည်းအတန်းလိုက်နဲ့ သွားကြတာမျိုးပေါ့။ ကာလသားတွေက လှည်းပေါ်က မလိုက်၊ လှည်းတန်းကြီး တစ်လျှောက် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ဘုရားပွဲသွားတဲ့ လမ်းပေါ်မှာတင် ကာလသားလှည့်နေကြတာဟာ တွေးကြည့်ရုံနဲ့တင် တော်တော်ပျော်ဖို့ ကောင်းလှပြီ။ ဒါပေမဲ့ အခုခေတ်က အဲဒီလို မဟုတ်တော့ဘူးဗျ။ ခင်ဗျားသိတဲ့အတိုင်း ဘယ်မြို့ရဲ့ ဘယ်ပွဲဖြစ်ဖြစ် ရိုးရာပျောက်ပြီး လော်စပီကာ ဆောင်းဘောက်တွေသာ ယဉ်ကျေးမှု ဖြစ်လာတော့တာ။ အလွန်အင်မတန် နားငြီးတယ်ဗျာ။ အဆိုးဆုံးက မူးမူးရူးရူးတွေနဲ့ ဆိုင်ကယ်တွေ ပရမ်းပတာ မောင်းကြ၊ တိုက်ကြ၊ ကွဲကြ၊ ကျိုးကြ။ အဲဒီတော့ အရွယ်မတိုင်ခင် သေကြရ။ ဟေ့လူရေ အခုနှစ်ပိုင်းအတွင်း လူငယ်တွေ သေလို့များ ကြည့်လိုက်ရင် အရက်ကြောင့် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆိုင်ကယ်အက်ဆီးဒင့်ချည်းပဲ ဆိုးတယ်ဗျာ”

ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေရဲ့ အပြောကို အဲဒီလို တန်ပြန်ရင်း “ကဲ ပြန်ကြရ အောင်ဗျာ” လို့ ဆိုရင်း လက်ဖက်ရည်ဆိုင်ကနေ အိမ်ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ဆိုင်ကယ်ဘီးက သိသိသာသာ လေလျော့နေလို့ ဘီးဖာနေကျ ဆိုင်ကို ဝင်တယ်။ ဆိုင်ကယ်ဘီးဖာ ဆရာကြီးဟာ သူ့သစ်သားထိုင်ခုံ ပြားပြားပုပုကလေးမှာ ထိုင်ရင်း ခွက်မှာ အိတ်စွပ်ထားလျက် လက်ဖက်ရည်ကလေး ငုံလိုက်၊ ဆေးပေါ့လိပ်ကလေး ဖွာလိုက်နဲ့ လမ်းရဲ့ ခပ်ဝေးဝေးတစ်ဖက်က အလှူခံမဏ္ဍပ်ရဲ့ လော်စပီကာကြီးနှစ်လုံးကို ငေးနေလေရဲ့။

“ ဗျို့ ဆရာကြီး ဘယ်လိုတုန်း။ ဒီနေ့ ပါးသလားဗျ”လို့ ကျွန်တော် မေးတော့၊ ခပ်ပြုံးပြုံးနဲ့ပဲ မဆိုးပါဘူးဗျ။ ခုနကလေးတင် ဆိုင်ကယ်တစ်စီး ထွက်သွားတာလို့ ပြောတယ်။ ပြီးတော့ ကျွန်တော့် ဆိုင်ကယ်ကို မေးငေါ့လို့ ပေါက်ပြန်ပလားလို့  ဆက်မေးတယ်။ မပေါက်ပါဘူးဗျာ လေနည်းနည်းလျော့နေလို့ လေထိုးလိုက်ဦးမယ်ဗျာလို့ ပြောရင်း လေထိုးတံကို ယူ၊ ကျွတ်တိုင်မှာတပ် ခပ်ပြင်းပြင်း အချက် ၂၀ လောက် ထိုးချနေမိတယ်။ ရာသီဥတုက ဆောင်းဝင်ချင်ပြီ ဆိုပေမဲ့လည်း နေ့ဘက်ပူတုန်းဆိုတော့ ချွေးတောင် တော်တော်ပြန်သွားတယ်။ နောက်ကယ်ရီယာခုံကနေ ဘီးကို နည်းနည်းဖိကြည့်တော့ အိုကေပြီ။ လေထိုးတံလေး ဘေးခဏချ၊ ချွေးကလည်း စိုစိုနဲ့မို့ ခုံပြားကလေးတစ်ခုံယူ ဘီးဖာဆရာကြီးနံဘေး ဝင်ထိုင်ရင်း ဆေးပေါ့လိပ် ဝင်ဖွာနေလိုက်မိတယ်။

ဆရာကြီးကတော့ ကျွန်တော်ဆိုင်ထဲ ဝင်လာကာစကလိုပဲ လက်ဖက်ရည်ကလေး အာဆွတ်ရုံ ငုံလိုက်၊ အာဆွတ်သွားတော့ ဖြစ်လာတဲ့ ခံတွင်းအချဉ်ဓာတ်ကလေးကို ဆေးလိပ်မီးခိုးကလေးနဲ့ သိပ်လိုက် လုပ်ရင်းပဲ လော်စပီကာကြီးနှစ်လုံးကို ငေးနေတုန်းပဲ။ ဘာတွေများ ဒီလောက် စိတ်ဝင်စားနေသတုန်းဗျာလို့ မေးတော့ ဘာရယ်မဟုတ်ပါဘူးဗျာ။ ဟောဟိုက လော်စပီကာကြီးတွေ မြင်တော့ ကျွန်တော့်အဖေ သတိရမိလို့ပါလို့ ဆိုတယ်။ ဘယ်လိုများ ဆက်စပ်သတုန်း ဆရာကြီးရဲ့လုပ်ပါဦးလို့ ကျွန်တော်လည်း မေးမိတယ်။ သြော် ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖေက အဲဒီလို လော်စပီကာတွေ အငှားလိုက်တာလေ၊ ရွာအလှူတွေပေါ့ဗျာလို့ ဆိုတယ်။ ဟိုတုန်းကတော့ ဒါကြီးတွေက တစ်ရွာနဲ့ တစ်ရွာ ဆက်သွယ်ရေးသဘောပဲလေဗျာ။ အလှူရှိတယ် လာကြဟေ့ပေါ့လေ။

ကျွန်တော်လည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း ခဏလေးပဲရှိသေးတယ် ဆိုပေမဲ့ ပျင်းသွားတယ်။ သွားဦးမယ် ဆရာကြီးရေလို့ နှုတ်ဆက်ပြီး ဆတ်ခနဲ ကျွန်တော် ထလိုက်တော့ဟာ ဘယ့်နှယ် သွားတော့မလားဗျ၊ ကျွန်တော်ဖြင့် ဘာမှတောင် မပြောရသေးပါဘူးလို့ ဆိုတယ်။ သူ့ဇာတ်လမ်းကလေး တည်ကာစဖြစ်နေတာကို ကျွန်တော်လည်း သတိမေ့သွားတယ်။ သူကလည်း ဒါကိုပဲ စိတ်အနှောင့်အယှက်ဖြစ်သွားပုံပဲ။ မေးလည်း မေးသေးတယ် ဇာတ်လမ်းစုံ ခင်းမယ်ဆိုကာမှ ထပြန်ရသလားကွာဆိုတာမျိုး ဖြစ်မှာပေါ့။ ကျွန်တော်လည်း ထပြီးမှတော့ မတတ်နိုင်ဘူး။ လုပ်စရာကလေးတစ်ခုရှိတာ မေ့နေတာဗျာ နောက်နေ့ကျ ဆက်ဆက် နားထောင်ပါမယ်လို့ ပြောရင်း ဆိုင်ကယ်ပေါ်တက် ထွက်ခဲ့တယ်။

အိမ်အပြန် ဆိုင်ကယ်မောင်းနေရင်းမှ အင်း ငါ့လုပ်ပုံက မဟုတ်ပါလားလို့ ဘီးဖာဆရာကြီးအပေါ် အားနာနေမိတယ်။ စိတ်မကောင်းလည်း ဖြစ်မိတာပေါ့။ ဒီတော့မှ ဘေးအိတ်ကလေးထဲ ပါလာတဲ့ ဆေးပေါ့လိပ် ငါးလိပ်ထုပ်ကလေးနှစ်ထုပ် ဝယ်လာခဲ့မိတာ သတိရပြီး ဘီးဖာဆရာကြီးရဲ့ဆိုင်ဘက်ဆီ ပြန်ကွေ့လိုက်တယ်။ ခုနက မေ့သွားတာ ဆရာကြီးရေ။ ဒီမှာ ဆရာကြီးဖို့ဆိုပြီး လမ်းကြုံဆေးပေါ့လိပ်ကလေး ဆွဲလာတာ အိမ်နားရောက်ကာနီးမှ သတိရလို့ ပြန်လှည့်ပေးတာလို့ ဖော်ဖော်ရွေရွေ စိတ်ကလေးနဲ့ ပြောလိုက်တယ်။ “အိုဗျာ တကူးတက လုပ်လို့၊ ကျေးဇူး တင်ပါတယ်” လို့ ပြောရင်း သူလည်း ဆေးလိပ်ထုပ်ကလေး ယူတယ်။ တာယာတွေ၊ ကျွတ်တွေ၊ ဂွေတွေကိုင်၊ မျက်နှာတွေ သုတ်လုပ်ထားလို့ နည်းနည်းမည်းနေတဲ့ မျက်နှာကတောင် ဝင်းလက်လို့ နေတယ်။ ကျွန်တော်လည်း အိမ်ပြန်ခဲ့တယ်။

ကျွန်တော့်အိမ်မရောက်ခင် နှစ်အိမ်မြောက်ကလေးမှာ ထမင်းဆိုင် ကုပ်ကုပ်ကလေးတစ်ဆိုင် ရှိတယ်။  ဖွင့်တာ သုံးလလောက်သာ ရှိဦးမယ်။ စျေးသမားတွေ စားကြတဲ့ ဆိုင်ကလေးပါပဲ။ နေ့လယ်နေ့ခင်းကြီးမှာတောင် ဆိုင်အတွင်းထဲ လှမ်းကြည့်လိုက်ရင် မည်းမှောင်နေလို့ ဆိုင်အခင်းအကျင်း ဘယ်လိုရှိမယ် မခန့်မှန်းတတ်ဘူး။ အဲဒီဆိုင်ရဲ့နံဘေးကပ်လျက်မှာ လူတစ်ယောက် ပက်လက်ကုလားထိုင်ကလေးနဲ့ အိပ်အိပ်နေတာ မြင်ရတာလည်း အဲဒီဆိုင်လေး စဖွင့်ကတည်းက ဆိုပါတော့။ တစ်ခါတလေ ခွေးခြေပုကလေးတစ်လုံးပါ ရှေ့ချပြီး ခြေထောက်တွေ ဘာတွေတင်လို့ သူ့ကြည့်ရတာများ ကျွန်တော် တစ်ခါမှ မမြင်ဖူး မရောက်ဖူးတဲ့ မြက်ခင်းပြင်ကျယ်ကြီးတစ်ခုမှာ ပက်လက်လှန် အိပ်မောကျပြီး ဇိမ်တွေ့နေတဲ့အတိုင်းပဲ။ ဆိုင်နံဘေးကလေးတင်ဆိုတော့ ဆိုင်ရှင်ရဲ့ ယောက်ျားတို့ ဘာတို့ ဖြစ်မှာပေါ့။

ကျွန်တော် အိမ်ကအထွက် လက်ဖက်ရည်ဆိုင်သွား၊ အဲဒီနောက် လက်ဖက်ရည်ဆိုင်ကအပြန် တစ်နေ့တစ်နေ့ အဲဒီအတိုင်းကလေးပဲ။ ခေါင်းအောက်ကို လက်နှစ်ဖက် ယှက်ထိုးထည့်ထားတဲ့ပြီး တစ်ခါတလေလည်း မျက်လုံးကလေးဖွင့်လို့ ကောင်းကင်ကို ငေးနေတယ်။ များသောအားဖြင့်တော့ သူအိပ်နေတာပါပဲ။ ပုံစံ ကြည့်ရတာတော့ အရက်ကလေး တစ်ခွက်နှစ်ခွက် ကစ်လိုက် ဇိမ်ယစ်လိုက်နေတာ ဖြစ်မှာပါ။ တခြားသော  ကျွန်တော် တပ်အပ်မပြောနိုင်တဲ့ သူ့ရဲ့အလုပ် မလုပ်ခြင်း (ဆိုင်က မနက်အစော စားစရာလေးတွေပါ ရောင်းတတ်တာဆိုတော့ အစောဖွင့် အဲဒီအချိန်တွေမှာ သူ့မိန်းမကို သူကူလုပ်ရင်လည်း ကျွန်တော် ဘယ်သိနိုင်မလဲ။ ကျွန်တော်က နေဖင်ထိုးမှ နိုးတဲ့ကောင်မျိုး) သောက်လိုက် မူးလိုက် မူးတဲ့အရသာကို ခံစားလိုက်။ ဒီလိုခေတ်ကြီးမျိုးမှာ လူ့တာဝန် မကျေတာ ဘာညာ ရှည်လျားထွေပြားတဲ့ ကိစ္စတွေ၊  အဲဒါတွေကို ထည့်စဉ်းစားမနေဘဲ မြင်ရတဲ့ အတိုင်း သက်သက်ကလေးပဲ ယူလို့ဆိုရရင်တော့ ကျွန်တော်ဟာ ဘာရယ်မဟုတ် တစ်နေ့ တစ်နေ့ သူ့ကို ကြည့်ပြီး အင်မတန်အားကျလို့ နေမိတယ်။ လူ့ဘဝ အရသာဆိုတာ ဒါမျိုးပဲ စသဖြင့်ပေါ့လေ။

အဲဒီနေ့ကတော့ ကျွန်တော်လည်း အိမ်ကအပြန် အိမ်ရှေ့မရောက်မီလေး သူ့သတိရမိသွားလို့ သူ့ကို လှမ်းကြည့်လိုက်တော့ သူဟာလည်း ကျွန်တော့်ကို လှမ်းကြည့်လို့နေတယ်။ သူ့ရှေ့က ဖြတ်သွားတဲ့အရာမှန်သမျှ လိုက်ငေးကြည့်နေပုံမျိုး ထင်ပါရဲ့။ အင်း ဒါပေမဲ့ ကျွန်တော့် စိတ်အထင် ကျွန်တော့်ကိုတောင် ပြုံးပြလိုက်သေးသလားပဲ။ သေချာတော့ မသိဘူး။ စိတ်ထဲကတော့ ဒီဘဲကတော့ ထာဝရ ဒီအတိုင်းလေးပဲလို့ ခံစားမိသလို ဖြစ်လာတာပေါ့။

ဒါပေမဲ့ ကျွန်တော် သုံးလိုက်တဲ့ ထာဝရဟာ တော်တော်ကုန်လွယ်တဲ့ ထာဝရဆိုတာမျိုးနဲ့ တူပါတယ်ဗျာ။ ဝတ္ထုဇာတ်လမ်းများလိုပဲ ညနေခင်းမှောင်စပျိုး မမှောင်ခင်ကလေးလောက်မှာ ရုတ်ရုတ်နဲ့ ဆူဆူညံညံအသံတွေ ထမင်းဆိုင်ဘက်က အတိုင်းသား ကြားနေရတယ်။ ကျွန်တော်လည်း အင်မတန် စပ်စုတတ်တဲ့ကောင်ဆိုတော့ ဘာများတုန်းလို့ အိမ်ရှေ့ထွက်ရပ်မိတော့ ထမင်းဆိုင်နံဘေး ပက်လက်ကုလားထိုင်ကလေးချ ထာဝရ နေသွားတော့မယ် ကျွန်တော်ထင်ခဲ့တဲ့လူဟာ  သူ့အတိုင်းလေး သေရှာနေသတဲ့။ ဘယ်အချိန်ကတည်းက သေနေတယ်တော့ မသိ။ ဆိုင်ပိတ်မယ်လုပ်ကာမှ နှိုးမရလို့ သိသတဲ့။

အဲဒီထက် မမျှော်လင့်သေးတဲ့ ကိစ္စက ထမင်းဆိုင်ရှင်ကလည်း အဲဒီလူကို ဘယ်ကမှန်းကို မသိတာတဲ့။ တစ်နေ့တစ်နေ့ အဲဒီလိုလေး လာလာထိုင်၊ လမ်းမကို လာလာငေး။ သူတို့ ထင်တာက ဒီရပ်ကွက်ထဲက လူတစ်ယောက်ပဲ ထင်ထားတာ။ တစ်ယောက်ကဆို ကျွန်တော့်အိမ်ကလို့တောင် ထင်နေသေးသတဲ့။ ရပ်ကွက်ထဲက လူတွေဆိုတာကလည်း တစ်ယောက်မျှ သူ့ကို မသိ။ အဲဒီလိုနဲ့ ကျွန်တော်လည်း ကိုယ့်အိမ်ထဲကိုယ် ပြန်ဝင်ထိုင်နေ၊ အမည်မသိ ငေးသူတစ်ယောက် ပိုင်ရှင်မဲ့  မသာ ဖြစ်သွားတော့ ဘယ်လိုတွေ ဆက်လုပ် ဆက်ဖြစ်ကြမှာပါလိမ့် ဆိုတာထက် အဲဒီအမည်မသိ ငေးသူဟာ ဘယ်မှာ အရွယ်ရောက်၊ ဘယ်မှာကြီးပြင်း၊ ဘယ်ဒေသရဲ့ဘယ်လို ပျော်ပွဲရွှင်ပွဲတွေမှာ ပျော်ခဲ့သူ၊ ဘယ်လို ကြေကွဲဝမ်းနည်းခဲ့ရသူ ဖြစ်ခဲ့မလဲလို့ ဘယ်ပေါ်မှာမှ ထင်ကျန်မနေရစ်တဲ့ ဘဝတစ်ခုရဲ့ ခြစ်ရာကို စဉ်းစားလို့ နေမိပါတယ်။

 

Most Read

Most Recent