ငြိမ်းချမ်းရေးခရီးရှည် ချောင်ပိတ်မိနေပြီလား

ငြိမ်းချမ်းရေးခရီးရှည် ချောင်ပိတ်မိနေပြီလား
စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းတိုင်း မဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်စဉ်
စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းတိုင်း မဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်စဉ်
Published 11 October 2019
ဒေါက်တာရန်မျိုးသိမ်း

မည်သည့်တိုင်းပြည်တွင်ဖြစ်စေ ငြိမ်းချမ်းရေး တည်ဆောက်ရခြင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရခြင်းတို့သည် စိန်ခေါ်မှုကြီးများပင် ဖြစ်သည်။ နှစ် ၇၀ ကျော်ပြည်တွင်းစစ်ကို နေ့ချင်းညချင်း လက်စသတ်နိုင်ဖို့က ပို၍ပင် ခက်ခဲဦးမည် ဖြစ်သည်။ အစမကောင်းခဲ့သဖြင့် အနှောင်းမသေချာ၊ မရေရာဖြစ်နေသည့် အားလျော်စွာ တိုင်းရင်းသား ပြည်သူလူထု အများစုသည် ပို၍ပို၍ရှုပ်ထွေးလာနေသည့် အခင်းအကျင်းထဲမှ ရုန်းထွက်နိုင်မည့် အခြေခံ အုတ်မြစ်ကောင်း၊ အစကောင်းကို လိုလားတောင့်တလျက် ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်မှုမရှိခြင်းသည် ချောင်ပိတ်မိခြင်းနှင့် ဆက်စပ်သော အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်။ အားလုံးမပါဝင်နိုင်သရွေ့ ဆေးမြီးတို သက်သက်သာ ဖြစ်နေဦးမည်ဟု ဆိုနိုင်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို အားလုံး ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းမရှိကတည်း က အစမကောင်းခဲ့ဟု မှတ်ချက်ပြုနိုင်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစုပင်လုံ) အစည်းအဝေးများတွင် အတည်ပြုခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်များနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်အကြား ဥပဒေနှင့်အညီ ချိတ်ဆက်မှု ထင်ထင်ရှားရှား မရှိခြင်းသည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချောင်ပိတ်မိစေဖို့ တွန်းအားပေးသည့်သဘော တွေ့နေရသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) အပိုဒ် ၂၂ (ဃ) တွင် ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူသည်ဟု ဖော်ပြထားသည့်အလျောက် ပြည်ထောင်စု သဘောတူညီချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြင်ဆင်မည်ဆိုလျှင် ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည့် သဘောဆောင်နေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချောင်ပိတ်မိစေသည့် အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်နေပြီလားဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။ အန်စီအေစာချုပ်က စင်းလုံးချော မဟုတ်သည်မှာ ထင်ရှားပြီးဖြစ်သည်။ အားနည်းချက်များ၊ ဟာကွက်များ၊ ဘေးထွက်ဆိုးကျိုးများကို စနစ်တကျ ပြန်လည်သုံးသပ်၍ ဖော်ထုတ်၊ ပြုပြင်ကြရမည်ဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့် ငြိမ်းချမ်းရေး အင်စတီကျူးရှင်းများသည် ကျေနပ်အားရဖွယ်မရှိဟု မှတ်ချက်ပြုရမည် ဖြစ်သည်။ အစိုးရနှင့် အစိုးရ အင်စတီကျူးရှင်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရ၏စွမ်းဆောင်ရည် ကျဆင်းလာမည်ဆိုပါက ပိတ်မိနေဆဲ ချောင်ထဲမှ ဖောက်ထွက်ဖို့ ခဲယဉ်းမည်ဖြစ်ပြီး အခြေခံအုတ်မြစ်ကောင်းကို အမြော်အမြင်ရှိရှိ ချမှတ်နိုင်ဖို့ ခက်ခဲနေဦးမည် ဖြစ်သည်။

လွှတ်တော်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ်၍ သွေးအေးလွန်းသည့်အပြင် အစိုးရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်မှု အားနည်းလွန်းသည်ဟု ဆိုရမည်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အများစုသည် သိမြင်နားလည်မှု၊ ယုံကြည်မှု၊ စိတ်ဝင်စားမှု၊ စိတ်ပိုင်း ဖြတ်ရပ်တည်မှုမှာ လျော့ရိလျော့ရဲဖြစ်နေဆဲပင် ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးဆိုင်ရာ လွှတ်တော်ကော်မတီများသည် တိမ်မြုပ်နေဆဲဖြစ်ပြီး နိုင်ငံရေးအရ စိတ်သွားတိုင်းကိုယ်ပါ မဖြစ်ဟု သုံးသပ်မိသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကလည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ဟုပင် ဆိုရမည်ဖြစ်သည်။ စစ်ဘက်လွှမ်းမိုးခေတ်မှ အရပ်ဘက်လွှမ်းမိုးခေတ်သို့ စပ်ကူးမတ်ကူးတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းဖို့သည် လိုအပ်ချက်တစ်ရပ်ပင် ဖြစ်သည်။ ၂၀၁၆ ခုနှစ်အလွန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ဘယ်သောင် ဘယ်ကမ်းဆိုက်နေသည်ကို အရှိအတိုင်း ဆန်းစစ် သုံးသပ်ကြည့်ဖို့ကောင်းသည်။ အရပ်ဘက်-စစ်ဘက်အကြား ယုံကြည်နားလည်မှု ကောင်းကောင်းထူထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေး၊ သဘောတူညီချက်များ ရယူနိုင်မှသာ ချောင်ပိတ်မိနေသည်ကို ဖြေလျှော့ရာရောက်မည် ဖြစ်သည်။

ကာလရှည်ကြာ အပစ်မရပ်နိုင်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချောင်ပိတ်စေသည့် အကြောင်းအချက်တစ်ခုပင် ဖြစ်သည်။ အကယ်စင်စစ် အစိုးရနှင့်တပ်မတော်အနေဖြင့် ကာလရှည်ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ တိုက်ရင်း ဆွေးနွေး၊ ဆွေးနွေးရင်း တိုက်နေမည်ဆိုလျှင် ချောင်ပိတ်သထက် ပိတ်လာမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးသထက် ဝေးနေဦးမည် ဖြစ်သည်။ အပစ်ရပ်ထားနိုင်မည်ဆိုလျှင် ယုံကြည်မှုတည်ဆောက်ရေးကို အားကောင်းစေမည် ဖြစ်ပြီး ယုံကြည်မှုအားကောင်းမှသာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးက အလုပ်ဖြစ်မည်ဖြစ်သည်။ ပိုနေမြဲ ကျားနေမြဲ အပစ်ရပ်ဖို့၊ ညှိနှိုင်းဆွေးနွေး၍ နယ်မြေသတ်မှတ်နိုင်ဖို့၊ နိုင်ငံရေးနည်းကျ ချဉ်းကပ် အဖြေရှာနိုင်ဖို့တို့သည်သာ ဖောက်ထွက်နိုင်မည့် လမ်းအပိုင်းအစများဟု ဆိုရမည်ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးဟုဆိုလျှင် ဘယ်ပုံဘယ်နည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။ အထက်မှအောက် ပုံစံနှင့် အောက်မှအထက် ပုံစံတို့ ပေါင်းစပ်ထားသည်ဟု နားလည်မိသည့် လက်ရှိဒီဇိုင်းသည် ဖောက်ထွက်နိုင်မည့် လမ်းပျောက်နေဆဲဟု သုံးသပ်နိုင်သည်။ ပေါင်းစပ်ပုံစံဟု ဆိုသော်ငြား အောက်မှ အထက် ပုံစံက ကဲနေသည်။ အဆုံးအဖြတ်ပြုနိုင်မည့် ပုဂ္ဂိုလ်ကြီးများအကြား အလွတ်သဘောနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးပွဲများကို ထိရောက်ကျယ်ပြန့်စွာ ဖော်ဆောင်နိုင်ဖို့ လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေးသဘော တူညီချက်များရရှိ၊ ဖော်ဆောင်နိုင်မှသာ ဆွေးနွေးပွဲက အလုပ်ဖြစ်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ အစိုးရနှင့် တပ်မတော်အကြား မည်သည့် သဘောတူညီချက်များရှိသည်နှင့် စပ်လျဉ်း၍ မရှင်းလင်းသကဲ့သို့ အစိုးရ၊ တပ်မတော်နှင့် EAO တို့အကြား ယုံကြည်မှု တည်ဆောက်ရေးသည်လည်း ခရီးမတွင်ဟု ဆိုရမည်ဖြစ်သည်။

အဆုံးအဖြတ်ပြုနိုင်မည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား အလွတ်သဘောနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုများသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သော့ချက်ကျသည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုများသည် စဉ်ဆက်မပြတ်ဖြစ်ဖို့ အရေးကြီးသကဲ့သို့ လွန်းပြန်သဘောမျိုး ဖော်ဆောင်ဖို့လည်း လိုအပ်မည် ဖြစ်သည်။ ယုံကြည်မှုတည်ဆောက်ရေးသည် ခေါင်းဆောင်ကြီးများအကြား ထုသားပေသားကျလာမှသာ ရှေ့ခရီးသည် ထိရောက်အလုပ်ဖြစ်ဖွယ် ရှိသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် လုံခြုံရေးကဏ္ဍ ပြန်လည်ပေါင်းစည်းရေးအကြား ၀ိ၀ါဒကွဲပြားနေသော်ငြား လုံခြုံရေး ကဏ္ဍနှင့်စပ်လျဉ်း၍ သုံးသပ်၊ ဆန်းစစ်၊ လေ့လာဖို့ မဖြစ်မနေလိုအပ်မည်ဖြစ်သည်။ လက်ရှိအခြေအနေမှန်ကို နီးနီးစပ်စပ် ထင်ဟပ်နိုင်မှသာ ပြုပြင်ပြောင်းလဲရေးဖြစ်ဖြစ်၊ ပြန်လည်ပေါင်းစည်းရေးဖြစ်ဖြစ် ခရီးပေါက်မည် ဖြစ်သည်။ ကိန်းတုကိန်းယောင်များနှင့် ပျော်မွေ့နေမည်ဆိုလျှင် အစီအစဉ်များ၊ စီမံချက်များက အိတ်ပေါက်နှင့် ဖားကောက်ရာရောက်မည် ဖြစ်သည်။ ဖက်ဒရယ်ဆိုင်ရာ မူဝါဒများ၊ တိုင်းဒေသကြီး/ပြည်နယ်အခြေခံဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်တို့သည်လည်း ဇာတ်လိုက်ကြီးများပင် ဖြစ်သည်။                       

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် တစ်စထက်တစ်စ ကျဉ်းမြောင်းလာနေသည်မှာလည်း ချောင်ပိတ်မိစေသည့် အကြောင်းရင်းတစ်ခုဟု ထင်မြင်မိသည်။ အစိုးရ၊ အစိုးရ၏ ငြိမ်းချမ်းရေး အင်စတီကျူးရှင်း၊ တပ်မတော်တို့အနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၏အမြင် သဘောထားများကို အလေးအနက်နားထောင်၍ ဆန်းစစ်သုံးသပ်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ 

လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြည့်မည်ဆိုလျှင် ကြားဝင်စေ့စပ်ညှိနှိုင်းနိုင် စွမ်းအားကောင်းမောင်းသန်သည့် လွတ်လပ်၍ ကြားနေသော အကျိုးဆောင်များ နှင့် အကျိုးဆောင်အဖွဲ့များ ပျောက်ဆုံးနေပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် Facebook အပါအဝင် လူမှုကွန်ရက် စာမျက်နှာများနှင့် သံခင်းတမန်ခင်းက ထင်သလောက် အလုပ်မဖြစ်ဟုဆိုရမည် ဖြစ်သည်။ အဆိုပါ အခင်းအကျင်းက ကျဉ်းမြောင်းလေလေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး ချောင်ပိတ်မိဖို့က ပိုအလားအလာ များလေလေ ဖြစ်သည်။

လူငယ်များအပါအဝင် ပြည်သူလူထု အများစု အထူးသဖြင့် ပြည်တွင်းစစ်နှင့် ကင်းလွတ်နေသည့် ဒေသများတွင် နေထိုင်သော ပြည်သူများအကြား ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိမြင်နားလည်မှု အားနည်းချည့်နဲ့နေသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ရှေ့တိုးဖို့ အားမဖြစ်စေနိုင်ဟု ဆိုရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဆက်စပ်သော မြို့ရွာလူထုအခြေပြု လုပ်ငန်းစဉ်များကလည်း ကွက်ကျားသက်သက်၊ ရာသီစာ သက်သက်သာဖြစ်နေသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပင် ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများပုံမှန် ကျင်းပနိုင်ရေးတို့ကို မျက်ခြည်မပြတ်ရန် သော့ချက်ကျသကဲ့သို့ ဗျူရိုကရေစီကဲလွန်း ၍ ဗဟိုချုပ်ကိုင်လွန်းသော ဝန်းကျင်သည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆေးမဖြစ် ဘေးဖြစ်နိုင်သည်ကို သတိမလစ်သင့်ပေ။ တိုက်ပွဲများအကြား အရပ်သားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်မှုနှင့် စပ်လျဉ်း၍ အစိုးရ၊ တပ်မတော်နှင့် EAO တို့ အနေဖြင့် ပူးပေါင်းစုံစမ်း စစ်ဆေးဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးခရီးသည်ကား စိန်ခေါ်မှု များ၊ အကျပ်အတည်းများအကြား ခယောင်းလမ်းပင် ဖြစ်သည်။ အားလုံးပါဝင်မှုနှင့်အတူ အားလုံးရိုးသားမှုကလည်း မဖြစ်မနေလိုအပ်မည ် ဖြစ်သည်။ တစ်ဆို့မှုများကို ဖြေလျှော့နိုင်မှသာ ရှေ့ခရီးသည် ဖြောင့်ဖြူးမည်ဖြစ်ပြီး အခြေခံလိုအပ်ချက်များ ဖော်ဆောင်ခြင်းနှင့်အတူ အခြေခံအုတ်မြစ်ကောင်းများ မချမှတ်နိုင်သရွေ့ ငြိမ်းချမ်းရေးခရီးသည် တိုင်ပတ်နေရဦးမည်ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို အမြန်ဆုံး ပြန်လည်သုံးသပ်၊ ဆွေးနွေးညှိနှိုင်း၊ အဖြေရှာနိုင်မည်ဆိုလျှင် ဘက်ပေါင်းစုံ တစ်ဆို့မှုများ၊ ပိတ်ဆို့မှုများမှ ဖောက်ထွက်နိုင်မည့် လမ်းစလည်း ပေါ်လာမည် ဖြစ်ပါကြောင်း မီးမောင်းထိုး သုံးသပ်တင်ပြလိုက်ရပါသည်။

 

Most Read

Most Recent