အ‌ဝေးပြေး

အ‌ဝေးပြေး
ကျောင်းပိတ်ရက်များသောကာလများ၌ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တောယာဉ်များ သွားလာမှုများနေသည်ကို တွေ့ရစဉ်။
ကျောင်းပိတ်ရက်များသောကာလများ၌ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တောယာဉ်များ သွားလာမှုများနေသည်ကို တွေ့ရစဉ်။
Published 10 October 2019
မောင်ကြည်

ကျွန်တော်သည် အ‌ဝေးပြေးလမ်းမပေါ် ရောက်နေသည်။ အဝေးပြေးလမ်းမဟူသည် အဝေးကို ပြေးသွားသည့် လမ်းမကိုခေါ်ခြင်း လေလား။ ဘယ်လောက်အထိ အကွာအဝေးကို အဝေးပြေးဟု ခေါ်လေသလဲ ကျွန်တော် မသိပါ။ သို့သော် လောလောဆယ်မှာတော့ ကျွန်တော် အဝေးပြေးလမ်းမပေါ် ရောက်နေပါသည်။ တိတိကျကျပြောရလျှင် အဝေး‌ပြေးလမ်းပေါ်မှာ မောင်းနှင်နေသည့် ယာဉ်တစ်စီး ပေါ်ရောက်နေသည်။ ထို့ကြောင့် ကျွန်တော် သည် အဝေးသို့ ပြေးနေသည့် လူတစ်ယောက် ဟုပြောမည်ဆိုလျှင် ပြော၍ရပါသည်။

ဘယ်လောက်ဝေးဝေးသို့ ပြေးနေမည် မသိသော်လည်း ပြေးတော့ပြေးနေသည်။ မိုင်တိုင် ရေးထားသည့် ကျောက်တိုင်တွေ ဖျတ်ခနဲ ဖျတ်ခနဲ နောက်မှာ ကျန်ရစ်ခဲ့ကြသည်။ အ‌ဝေးပြေးကားသည် အရာအားလုံးကို ခပ်‌ဝေးဝေးမှာ ထားရစ်ခဲ့ပြီ။ အရာအားလုံးသည် ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ခဲ့ကြသည်။ ကျွန်တော်ကြည့်နေစဉ်မှာပင် မြင်မြင်သမျှ အရာအားလုံးမြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြပြီ။ ဘယ်အရာကိုမှ သေသေချာချာ ကြည့်ခွင့်မရလိုက်။ ပီပီပြင်ပြင် မြင်ခွင့်မရလိုက်။ အရာရာသည် မြန်ဆန်လွန်းလှသည်။ အကယ်၍ ကားမှန်ပြတင်းကိုသာ ချထားမည်ဆိုလျှင် လေသည် တဝေါဝေါ ‌အော်မြည်ကာ ကားအတွင်းထဲသို့ တိုးဝင်လာမှာ သေချာသည်။ အခု‌တော့ လေသည် ကျွန်တော်တို့ကားကို တိုးဝှေ့ကာ ဖြတ်သန်းသွားလေသည်။ သို့မဟုတ် ကျွန်တော်တို့ကားက လေကို တိုးဝှေ့ ဖြတ်သန်းသွားတာလည်း ဖြစ်နိုင်ပါသည်။ အရာရာသည် နှေးကွေးလေးလံခြင်းမရှိဘဲ မြန်မြန်ဆန်‌ ရွေ့လျားနေကြပါသည်။

ကျွန်တော်သည် ရှေ့သို့ရွေ့လျားနေ သည့် ကားမှန်ပြတင်းမှတစ်ဆင့် အပြင်ကို ငေးမောနေမိသည်။ ကျွန်တော် အိပ်မရချေ။ ကြောင်နေသော မျက်လုံးများက လမ်းဘေး အမှောင်ရိပ်များကို ငေးကြည့်နေမိသည်။ ငေးသာ ငေးသည်။ ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရချေ။ ကားရှေ့မီးရောင်ကို အားပြုကာ လမ်းဘေးရှုခင်းများကို ပုံဖော်ကြည့်နေရသည်။ သစ်ပင်များ၊ လမ်းမြေသားများ၊ အဆောက်အအုံများ၊ ဘာမှန်းသေချာ မသဲကွဲသည့် ပုံရိပ်များ၊ ရှုခင်းများ။ အဝေးပြေးလမ်းမပေါ်မှာ မြင်နေကျ အရာများသာ ဖြစ်သည်။ ကျွန်တော့်မျက်လုံးထဲမှာ ထိုမထင်မရှား ပုံရိပ်များသည် တဝဲဝဲလည်ကာ ပတ်ချာလှည့်နေသည်ဟု ထင်ရသည်။ မသိလျှင် ထိုအရာများက ကျွန်တော့်ကို ၀ိုင်းကြီးပတ်ပတ် လှည့်နေသလိုပင်။ ထိုအခါ ကျွန်တော်သည်ပင် လည်နေသလော။ ကျွန်တော့် ပတ်ဝန်းကျင်သည်ပင် လည်နေသလော။ ကျွန်တော် မပြောတတ်တော့ပါ။ တကယ်တော့ ကျွန်တော့်မျက်လုံးများကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စား‌နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဘယ်အရာမှ မသေချာပါ။ အဘယ်အရာမှ မထင်ရှားပါ။ အဘယ်အရာမှ မပီပြင်ပါ။

ညသည် တဖြည်းဖြည်း နက်ရှိုင်းလာသည်။ ညသည် တွင်းနက်ကြီးတစ်ခုနှင့် တူနေပါသည်။ ကျွန်တော်တို့သည် ထိုတွင်းနက်ကြီးထဲသို့ တရွေ့ရွေ့တိုးဝင်မှန်းမသိ ဝင်နေလေသည်။ ထိုတွင်းနက်ကြီးထဲမှာ လေတွေလည်း တဝေါဝေါ စီးဆင်းနေပြန်သည်။ လေလှိုင်းတွေကြားထဲမှာ ကျွန်တော်တို့အားလုံး မျောပါနေကြသည်။ ထို့ပြင် တသွင်သွင်ခုတ်မောင်းနေသော တဒီးဒီးမြည်သံကိုလည်း အဆက်မပြတ် ကြားနေရပြန်သည်။ ဘာသံပါလိမ့်။ ကျွန်တော်တို့ကို အဆိုပါအသံက သယ်ဆောင်သွားနေသည်။ တဖြည်းဖြည်း နက်မှောင်လာသည့် အမှောင်ထုထဲသို့ ကျွန်တော်တို့ မျောပါမှန်းမသိ မျောပါသွားကြပြန်သည်။ စိတ်သည်လည်း အတည်တကျမရှိပြန်ချေ။ အတွင်းတစ်နေရာမှာ တလှုပ်လှုပ်တုန်ခါနေမှန်း သိပင်သိငြားသော်လည်း ဘာရယ်ဟု သေချာမသိပါ။ ဘယ်လိုဟုလည်း ရေရာမရှိပါ။ အဆက်မပြတ် တစ်ဆက်တစ်စပ်တည်း တဝဲဝဲ လည်နေလေ‌တော့သည်။ ထို့နောက် တစ်ချက် အငိုက် ဖျတ်ခနဲလန့်အနိုးမှာ ဝေ့ဝဲကြည့်မိပြန်တော့ အမှောင်မှတစ်ပါး အခြားမရှိပါချေ။ အမှောင် အမှောင် အမှောင်များသာ ။

တရိပ်ရိပ် မောင်းနှင်နေသည့် ကားဦးတည်ရာလမ်းမသည် ဟိုးအမှောင်ထဲသို့ တိုးဝင်ာ ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။ ထိုကဲ့သို့ တိုးဝင်လာတိုင်း တိုးဝင်လာတိုင်း အမှောင်သည် နောက်သို့ မသိမသာ ဆုတ်ဆုတ်သွားလေသည်။ မရဲတရဲအလင်းသည် သိပ်သိပ်သည်းသည်းအမှောင်ကို မဝံ့ မရဲ ထိုးခွဲနေသလိုပင်။ ထိုးခွဲလိုက်တိုင်း အမှောင်သည် မဆိုစလောက်သာ ဝင်ခွင့်ပြုချင်ပုံရသည်။ အလင်းသည်လည်း ရသမျှ အခွင့်အရေးကို မရမက ယူနေပြန်သည်။ လမ်းသည် အ‌နောက်ဘက်မှာ တဖြည်းဖြည်း ဝေးဝေးကျန်ရစ်ခဲ့ပြီ။ တော်တော်လေး ခရီးပေါက်ခဲ့ပြီဟု ဆိုရမည်။ လေတွေကတော့ အခုချိန်အထိ တဝေါဝေါ ထန်နေဆဲ။ ကျွန်တော်သည် တဒီးဒီးမြည်နေသံကို နား‌ထောင်ရင်း အမှောင်ထဲကို စူးစိုက်ကြည့်နေမိပြန်သည်။ အဝေးသို့ ပြေးနေသောကားသည် အ‌ဝေးပြေးလမ်းမပေါ်မှာ အရှိန်နှင့် ‌ပြေးနေဆဲ။ ပြေးနေသော ကားထဲမှ ကျွန်တော်သည် အသံတွေ အရုပ်တွေ အရောင်တွေ၏ တဝဲဝဲ လည်နေခြင်းကို မူးယစ်ရီဝေ ခံစားနေရသည်။ ကားသွားရာ လမ်းမသည် ဘယ်တော့မှ မဆုံးနိုင်သည့် အဝေးတစ်နေရာဆီသို့ ဦးတည်‌ ရွေ့လျားနေသလိုပင်။

နာရီလက်တံက မနက် ၁ နာရီတိတိကို ညွှန်ပြနေသည်။ ကားထဲမှာ လွှတ်ထားသည့် အအေးဓာတ်က ညဉ့်နက်လေ အေးစိမ့်လာလေ။ ပြာလဲ့လဲ့ မီးရောင်အောက်မှာ ခရီးသည်အားလုံး အိပ်မောကျနေပုံရသည်။ သေချာ နားစိုက်ထောင်ကြည့်လျှင် အသက်ရှူသံနှင့် ရောထွေးထွက်ပေါ်လာသည့် ဟောက်သံများကိုပင် ကြားရနိုင်ပါသည်။ သို့သော် ကျွန်တော် အိပ်မပျော်နိုင်သေးပါ။ အိပ်စက်ခြင်းအစား နိုးကြားနေခြင်းသာ ကျွန်တော့်ကို စိုးမိုးမင်းမူနေလေသည်။ ကျွန်တော်သည် ကိုယ်ပေါ်မှ လျှောကျသွားသည့်စောင်ကို အသာဆွဲခြုံလိုက်သည်။ မျက်လုံးကို ကားအတွင်းမှ ကားအပြင်သို့ ပို့လွှတ်လိုက်ပြန်သည်။ ထိုစဉ် တိုးဂိတ်တစ်ခုအရောက်မှာ ကားက အရှိန်လျော့သွားသည်။ ထို့နောက် တိုးဂိတ်မှ ပြန်ထွက်လာသည်။ သိပ်မကြာခင် အမှောင်ထဲသို့ ပြန်ရောက်သွားသည်။

လမ်းသည် ကွေ့သည့်အခါ ကွေ့။ ကောက်သည့်အခါ ကောက်။ ဖြောင့်သည့်အခါ ဖြောင့်။ နိမ့်သည့်အခါ နိမ့်။ မြင့်သည့်အခါ မြင့်။ သိမ့်ခနဲဖြစ်သည့်အခါ ဖြစ်။ ငြိမ့်ခနဲဖြစ်သည့်အခါ ဖြစ်။ ကားစီးရသည့် အရသာသည် အဆိုပါခံစားမှုကိုပင် ခေါ်လေသလား မသိချေ။ ကျွန်တော့်မျက်လုံးတွေ ငိုက်မျဉ်းစ ပြုလာသည်။ သို့သော် အိပ်မ‌ပျော်‌သေးဘဲ အသိစိတ် ရှိနေသေးသည်။ မျက်လုံးထဲမှာ လမ်းမီးတိုင်များ ရိပ်ခနဲ ရိပ်ခနဲ။ လမ်းတစ်လျှောက် စိုက်ထူထား‌သော မိုင်တိုင်များ ဖြတ်ခနဲ ဖြတ်ခနဲ။ တစ်ခါတစ်ရံ ဟိုမှာ ဒီမှာ ခပ်မည်းမည်း အဆောက်အအုံ တစ်ခုစ နှစ်ခုစ။ တစ်ခါတလေ တောင်ကုန်းများ၊ တံတားများ၊ သစ်ပင်ချုံနွယ်များ။ ကျွန်တော်တို့ စီးလာသောကားသည် ထိုအရာများ အားလုံးကို စုပေါင်းလုံးထွေးကာ ချန်ထားပစ်ခဲ့သည်။ နောက် ထိုအရာများ ပြန်ပေါ်လာသည်။ နောက် ပျောက်သွားပြန်သည်။ ပေါ်ခြင်းနှင့် ပျောက်ခြင်းသည် ခဏတာ အခိုက်အတန့်ဟု ထင်ရသည်။ ခဏတာများသည် အဆက်မပြတ် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပြန်သည်။ ပေါ်ခြင်းနှင့် ပျောက်ခြင်းကို အလင်းနှင့် အမှောင်က ပုံဖော်ပေးနေပြန်သည်။ ထိုအခါ ဘယ်အချိန်လင်းပြီး ဘယ်အချိန် မှောင်မှန်း သေချာစွာလိုက်မှတ်၍ မရပြန်ချေ။

ခဏအကြာမှာတော့ ကျွန်တော်တို့ကားက လမ်းမတစ်ခုသို့ ဖဲ့ဆင်းသွားသည်။ အ‌ဝေးပြေးလမ်းမမှ လမ်းမြွှာတစ်ခုကို ချိုးကွေ့လိုက်ခြင်းဖြစ်သည်။ အမြန်နှုန်းကို လျှော့ချလိုက်သောကြောင့် အရှိန်နှေးသွားသည်။ လည်နေသော ပုံရိပ်များ တဖြည်းဖြည်း ရပ်သွားလေသည်။ ထို့နောက် ကားထဲမှာ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ခေတ္တခဏ ရပ်တန့်လိုက်ခြင်းက ကျွန်တော်တို့ကို ပြန်လည်နိုးကြားလာစေသည်။ ငိုက်မျည်းနေသော မျက်လုံးကိုဖွင့် ကိုယ််ပေါ်မှ စောင်ကိုခွာပြီး ထိုင်ခုံမှ ထလိုက်သည်။ ကားအတွင်းမှာ အေးပြီး ကားအပြင်ဘက်မှာ နွေးနေသည်။ ထို့နောက် ခြေထောက်များ၏ သယ်ဆောင်ရာသို့ ကိုယ်ခန္ဓာက လိုက်ပါရတော့သည်။ တိုက်ခတ်နေသော လေသည် ငြိမ်သွားပြီ။ အရှိန်လည်း သေသွားပြီ။ ကျွန်တော်တို့သည် မီးထိန်ထိန်လင်းနေသော အရပ်ဆီသို့ ဦးတည်လာခဲ့ကြသည်။ စကားပြောသံများ၊ သီချင်းသံများ၊ လော်စပီကာသံများ ရောထွေး ထွက်ပေါ်နေသည်။ လူများသည် နေရာတစ်မှ တစ်နေရာသို့ လမ်းလျှောက်သွားနေ ကြသည်။ တစ်နေရာကိုဝင်ပြီး တစ်နေရာမှ ပြန်ထွက်လာကြသည်။ ဟိုမှာတစ်စုသည်မှာ တစ်စု ရပ်နေကြသည်။ ထိုင်သူ ထသူ ငေးသူ တွေးသူများ။ ကျွန်တော့်မျက်လုံးထဲမှာ လူတွေ အသံတွေ မြင်ကွင်းတွေ အကုန်ရောထွေး နေကြသည်။ လင်းလိုက်မှောင်လိုက် မီးလုံးများက မျက်လုံးကို ကျိန်းစပ်စေသည်။ လော်စပီကာမှ ထွက်ပါ်လာသော အသံက နားကို ဆူညံစေသည်။ စောစောတုန်းက အရှိန်နှင့် ပြေးနေသလို ခံစားမှုမျိုးသည် ယခုရပ်တန့်သွားသလို ခံစားရပြန်သည်။ အချိန်ကို ညွှန်ပြသည့် နာရီလက်တံတို့သည်ပင် နှေးကွေးလေး လံသွားလေသလား မသိချေ။

ခဏအကြာမှာတော့ ကျွန်တော်တို့ကား အဝေးပြေးလမ်းမပေါ် ပြန်လည်ရောက်ရှိသွားသည်။ ယခု ကားသည် တရိပ်ရိပ် ပြေးနေလေပြီ။ မြင်သမျှအရာရာ နောက်မှာ ကျန်ရစ်ခဲ့ကြသည်။ ပတ်ဝန်းကျင်၏ အမှောင်သည် တဖြည်းဖြည် မှိန်ဖျော့လာနေသည်။ သို့သော် အမှောင်က လုံးလုံး ထွက်ခွာမသွားသေးချေ။ ကားမှန်မှတစ်ဆင့် မြင်ရသမျှသည် တကယ်လေလား။ လှည့်စားချက်လေလား။ ဟောကြည့် အဝေးကို ပြေးနေသည့်အရာများ အဝေးမရောက်ဘဲ အနီးသို့သာ ပြန်ပြန်ရောက်နေသလို ခံစားရသည်။ ပြေးနေသည်ကတော့ အဝေးတစ်နေရာ။ သို့‌သော် ထိုအဝေးသည် တဖြည်းဖြည်း နီးနီးလာနေသည်။ ထို့နောက် အနီးဆုံးမှ အဝေးဆုံးသို့ ရောက်သွားပြန်သည်။ ဝေးသည်ထင်ရသော အရာသည် ကြည့်နေစဉ်မှာပင် နီးလာသည်။ နီးသည်ထင်ရသောအရာသည်လည်း ကြည့်နေစဉ်မှာပင် ဝေးဝေးသွားပြန်လေသည်။ ကျွန်တော်သည် အဝေးကို ပြေးနေရင်း ပြန်ဝေး သွားလေသလား။အနီးမှ ထွက်ပြေးရင်း ပြန်နီးသွားလေသလား။ ထိုသို့ဆိုပါလျှင် အဝေးပြေးဟူသည်မှာ အဘယ်နည်း။    ။

 

Most Read

Most Recent