မြန်မာနိုင်ငံအပေါ် စောင့်ကြည့်အစီရင်ခံနေသည့် ယန္တရား ခုနစ်ခုထက်မနည်းရှိပြီး ကုလသမဂ္ဂ၏ အချိုးကျထည့်ဝင်ကြေးများမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အကုန်အကျခံခဲ့ဟု မြန်မာဒုတိယအမြဲတမ်းကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံအပေါ် စောင့်ကြည့်အစီရင်ခံနေသည့် ယန္တရား ခုနစ်ခုထက်မနည်းရှိပြီး ကုလသမဂ္ဂ၏ အချိုးကျထည့်ဝင်ကြေးများမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အကုန်အကျခံခဲ့ဟု မြန်မာဒုတိယအမြဲတမ်းကိုယ်စားလှယ် ပြောကြား
Published 9 October 2019
                   မင်းနိုင်စိုး

မြန်မာနိုင်ငံအပေါ် စောင့်ကြည့် အစီရင်ခံနေသည့် ယန္တရား ခုနစ်ခုထက်မနည်းရှိပြီး ကုလသမဂ္ဂ၏ အချိုးကျ ထည့်ဝင်ကြေးများမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အကုန်အကျခံခဲ့ပြီးဖြစ်ကြောင်း မြန်မာဒုတိယအမြဲတမ်းကိုယ်စားလှယ် ဒေါ်မွှေးမွှေးခိုင်က ပြောကြားသည်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီ (ပဥ္စမကော်မတီ)၏ ဒုတိယအကြိမ် အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ၂၀၂၀ ပြည့်နှစ် ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်အဆိုပြုချက်တွင် ပါဝင်သော Independent Investigative Mechanismfor Myanmar (IIM) နှင့် ပတ်သက်၍ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဒေါ်မွှေးမွှေးခိုင်က ပါဝင်ဆွေးနွေးခဲ့ရာ ၎င်း၏ ဆွေးနွေးချက်တွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၊ အထူးအစီရင်ခံစာတင်သွင်းသူ စသည်တို့အပါအဝင် မြန်မာနိုင်ငံအပေါ် စောင့်ကြည့်အစီရင်ခံနေသည့် ယန္တရားခုနစ်ခုထက်မနည်းရှိပြီး၊ ကုလသမဂ္ဂ၏ အချိုးကျထည့်ဝင်ကြေးများမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အကုန်အကျခံခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတို့၏ ရလဒ်မှာ စိတ်ခံစားမှုများအပေါ် အခြေခံထားသည့် တစ်ဖက်သတ် အစီရင်ခံစာများသာဖြစ်ကြောင်း၊ ထို့ပြင် အစီရင်ခံရာ၌ ယင်းတို့၏ mandate ကို ကျော်လွန်ပြီး အစီရင်ခံစာပါ အကြောင်းအရာများမှာလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်မှုများအထိ ပါဝင်ကြောင်း၊ IIM သည် FFM စုဆောင်းထားသည့် အတည်မပြုနိုင်သော ဇာတ်ကြောင်းပြန်စကားများကို အတည်ပြု တံဆိပ်ကပ်ပေးမည့် ယန္တရားတစ်ခုသာဖြစ်ကြောင်း ဒုတိယအမြဲတမ်းကိုယ်စားလှယ်က ပြောကြားသည်။

IIM အတွက် ၂၀၂၀ ပြည့်နှစ် တစ်နှစ်အတွက်ပင် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် အဆိုပြုထားကြောင်း၊ နှစ်နှစ်တာအတွင်းမှာပင် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ရှိပြီဖြစ်ကြောင်း၊ IIM အတွက် ဘတ်ဂျက်သည် ကုလသမဂ္ဂ၏ ဥပဒေရေးရာ ကဏ္ဍတစ်ခုလုံးအတွက် အဆိုပြုထားသည့် ပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိကြောင်း၊ ဝန်ထမ်းအင်အား ၆၂ ဦးရှိပြီး ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်မှ ရာနှုန်းပြည့်ကျခံရန် အဆိုပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီ၏ ဘက်လိုက်ပြီး ခွဲခြားဆက်ဆံသည့် ဆုံးဖြတ်ချက်ဖြင့် ပေါ်ထွက်လာသည့် IIM ကို ထူထောင်စဉ်ကတည်းကပင် မြန်မာနိုင်ငံက လက်မခံခဲ့ကြောင်း၊ ယင်းနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းကိုလည်း အတိအလင်း ပြောကြားထားပြီးဖြစ်ကြောင်း၊ IIM သည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအပေါ် ငွေကြေးအရင်းအမြစ် အကုန်အကျများပြီး လုပ်ငန်းစဉ်များ အပ်ကြောင်းထပ်လျက်ရှိပြီးဖြစ်သည့် ယန္တရားများသို့ နောက်ထပ် ယန္တရားတစ်ခု တိုးလာခြင်းထက်မပိုကြောင်း ဒုတိယအမြဲတမ်း ကိုယ်စားလှယ်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အဓိက အရေးပါသည့် အချက်အဖြစ် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ စောင့်ကြည့်မှုအပေါ် စိုးရိမ်မှုမရှိကြောင်း၊ လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှ အခြေအမြစ်မဲ့စွပ်စွဲမှုများဖြင့် နိုင်ငံရေးအရ ဖိအားပေးရန် မမျှမတ ကြိုးပမ်းမှုများကို လက်သင့်မခံနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

သမိုင်းနှင့်ချီပြီး ရှုပ်ထွေးသောပြဿနာတစ်ရပ်ကို ဖြေရှင်းရန်မှာ အခြေအနေမှန်ကို  အပြည့်အဝ နားလည်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း၊ ဘက်လိုက်မှုမကင်းသည့် ယန္တရားပေါင်းများစွာကို ငွေကြေးအရင်းအမြစ် အကုန်အကျများစွာ ကျခံသုံးစွဲခွင့်ပြုနေရုံဖြင့် ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဖြုန်းတီးမှု သက်သက်သာဖြစ်ကြောင်း၊ ထိုအသုံးစရိတ်များကို နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ချက်များအတွက် သုံးစွဲခြင်းက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမပါဘဲ မည်သည့်ယန္တရားကမျှ ကောင်းမွန်သည့် ရလဒ်ထွက်ပေါ်မည်မဟုတ်ကြောင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဒုတိယအမြဲတမ်း ကိုယ်စားလှယ်က ပြောကြားသည်။

ပြစ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ခံမှုရှိစေရေးကိစ္စကို မြန်မာနိုင်ငံအနေဖြင့် ဆန့်ကျင်ခြင်းမရှိကြောင်း၊ တာဝန်ခံမှု ရှိစေရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကိုယ်တိုင်ဖြေရှင်းဆောင်ရွက်နိုင်စွမ်းရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရန် ဆန္ဒလည်းရှိကြောင်း၊ သို့သော် လူ့အခွင့်အရေးနှင့်ပတ်သက်၍ လိုရာသုံးပြီး ခွဲခြားဆက်ဆံခြင်းများကို လက်မခံသောကြောင့် IIM နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဤသို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံပြီး မျှတမှုမရှိသော ယန္တရားများစွာအပေါ် အချိန်ငွေကြေးအရင်းအမြစ်များစွာ ကုန်ကျခံလျက်ရှိသည့် လုပ်ဆောင်ချက်ကို အဆုံးသတ်နိုင်ရေး အလေးထား ဆောင်ရွက်သင့်ကြောင်း မြန်မာဒုတိယအမြဲတမ်းကိုယ်စားလှယ် ဒေါ်မွှေးမွှေးခိုင်ကပြော ကြားသည်။                   

 

Most Read

Most Recent