မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအကူးအ‌ပြောင်းကာလတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအကူးအ‌ပြောင်းကာလတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
 (၇၀) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ်
(၇၀) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ်
Published 9 October 2019

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အကူးအပြောင်းကာလတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံ Assembly Hallo တွင် အောက်တိုဘာ ၈ ရက်က ကျင်းပသည့် နိုင်ငံမဲ့ခြင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့် အထွေထွေဆွေးနွေးခြင်းကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက်တင်ပြခြင်း အစီအစဉ်၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တင်ပြချက်ကို ဖတ်ကြားတင်သွင်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြုပြီးဖြစ်၍ ဒေသအလိုက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အကူးအ‌ပြောင်းကာလတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ပြဿနာသည် ကိုလိုနီခေတ်မှစ၍ အမြစ်တွယ်လာပြီး ထိလွယ်ရှလွယ်သဖြင့် ကိစ္စရပ်တစ်ခုတည်းအဖြစ် သီးခြားစဉ်းစား၍ မရကြောင်း၊ ဘက်ပေါင်းစုံမှ ချဉ်းကပ်ရှုမြင်ရမည်ဖြစ်သကဲ့သို့ လူမှုအသိုက်အဝန်းအားလုံး၏ အသံကို နားထောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ARSA တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် အသင့်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှ ကော့ဘဇားသို့ နေရပ်စွန့်ခွာသွားသူများသည် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဆင့်အတန်းအမျိုးမျိုး ဖြစ်ကြောင်း၊ ၎င်းတို့အားလုံးကို နိုင်ငံမဲ့ဟု သတ်မှတ်၍မရကြောင်း၊ ၎င်းတို့ထဲတွင် မည်သည့်အထောက်အထားမျှမရှိပါက NVC ကတ် ဦးစွာကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ NVC ကိုင်ဆောင်ပြီး နိုင်ငံသားစိစစ်ရေး လျှောက်ထားနိုင်ကြောင်း၊ လွတ်လပ်စွာ သွားလာခွင့်တွင် လူမှုရေးအရ အဟန့်အတားများရှိသည်ကို ကျွန်ုပ်တို့ လျစ်လျူမရှုကြောင်း၊ သို့ဖြစ်၍  အသိုက်အဝန်းများအကြား ယုံကြည်မှု တည်ဆောက်ခြင်းနှင့် လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးသည် ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း၊မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကော့ဘဇားသို့ သုံးကြိမ်သွားရောက်ခဲ့ပြီး NVC ကိုင် ဆောင်ခြင်း အကျိုးကျေးဇူးများ၊ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်ထားရှိမှုများကို နေရပ်စွန့်ခွာသူများအား ရှင်းပြခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူညီထားသည့် နေရပ်စွန့်ခွာသူများ ဖြည့်စွက်ရမည့် ပုံစံများနှင့် သတင်းအချက်အလက်များသည် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ မရောက်ရှိသည်ကို ယင်းခရီးစဉ်တွင် သိရှိခဲ့ရကြောင်း၊ သို့ဖြစ်၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် NVC ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများပါဝင်သည့် သတင်းလွှာများကို နောက်ခရီးစဉ်တွင် ဖြန့်ဝေခဲ့ကြောင်း၊ ၎င်းစခန်းများတွင် နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေးမအောင်မြင်အောင် ဟန့်တားနှောင့်ယှက်မှုများရှိသည်ကို သတိပြုမိကြောင်း၊ အဟန့်အတားများရှိသော်လည်း ကော့ဘဇားမှ နေရပ်စွန့်ခွာသူ ၃၀၀ ကျော်သည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ ကော့ဘဇားရှိ နေရပ်စွန့်ခွာသူများတွင် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ကို ပြန်ခွင့်ပြုသင့်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရသည့် အခြေအနေများ ဖန်တီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့အတူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) အရလည်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် လျက်ရှိကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့သည် မြန်မာနိုင်ငံနှင့် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ထိရောက်မှု မြန်ဆန်သည့် စီမံကိန်း ၃၄ ခု ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေ ဖြင့်လည်းပြန်လည်ဝင်ရောက်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အစီအစဉ်များကို UNHCR နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

Most Read

Most Recent