နိုင်ငံတော်ကိုယ်စားပြု မှတ်တမ်းလား၊ ဖျော်ဖြေရေးအနုပညာလား ရေရေရာရာ မသိရသေးသည့် ဗိုလ်ချုပ်ရုပ်ရှင်

နိုင်ငံတော်ကိုယ်စားပြု မှတ်တမ်းလား၊ ဖျော်ဖြေရေးအနုပညာလား ရေရေရာရာ မသိရသေးသည့် ဗိုလ်ချုပ်ရုပ်ရှင်
အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးသည့် အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ Novotel Hotel ၌ ပြုလုပ်စဉ်
အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးသည့် အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ Novotel Hotel ၌ ပြုလုပ်စဉ်
Published 29 September 2019
အယ်ဒီတာအဖွဲ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်အပြီးနောက် တစ်ရက် တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားတစ်ခွန်းက စိတ်ဝင်စားစရာပါပဲ။ “အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာ အန်တီအစကတည်းကပြောတယ်။ ကိုယ်မှန်တယ်ထင်တာလုပ်ရင် အမုန်းခံရဲရတယ်၊ အမုန်းမခံချင်ရင် နိုင်ငံရေးမလုပ်နဲ့။ နိုင်ငံရေးဆိုတာ အချစ်ခံချင်လို့ လုပ်နေတာ မဟုတ်ဘူး။ အချစ်ခံချင်လို့ လုပ်တယ်ဆိုရင် ဒါနိုင်ငံရေး မဟုတ်တော့ဘူး၊ ဒါဇာတ်ကနေတာ။ အန်တီတို့မှာ ဇာတ်ကဖို့ အချိန်မရှိဘူး” လို့ မှတ်သားဖွယ်ရာ ဆိုခဲ့တာပါပဲ။

တစ်ခါက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသလိုပါပဲ။ လူတွေအားလုံး ကျေနပ်အောင် လုပ်ပေးနိုင်ဖို့တော့ မလွယ်ဖူးပေါ့။ ဒါကြောင့်မို့လည်း “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားပုံ ရှိနေတာလေ။ ဗိုလ်ချုပ်ရုပ်ရှင်ကို ဘယ်တော့ရိုက်မှာလဲ၊ ဘယ်တော့ရိုက်မှာလဲလို့ လူတွေ တစ်မေးတည်း မေးနေကြတယ်။ အခု ရိုက်တော့မယ် ဆိုပြန်တော့လည်း မကျေနပ်သူတွေ အသံပေါင်းမျိုးစုံ ထွက်လာပြန်တယ်။ မကျေနပ်တဲ့ အကြောင်းတွေကလည်းစုံလို့။ ဟိုဇာတ်ကောင်နေရာ ဟိုလူ သရုပ်ဆောင်မှာ မကြိုက်လို့ ဆိုတာကနေ နောက်ဆုံး MPT ကနေ SMS နဲ့ အလှူငွေတွေ ကောက်ခံတာ မကျေနပ်တာအထိ ပါတယ်။ ရုပ်ရှင်အနုပညာအပြင် သမိုင်းဆိုင်ရာနဲ့ နိုင်ငံရေး ရှုထောင့်တွေကနေ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ ရန်ကုန်မြို့ Novotel Hotel မှာ ‘အောင်ဆန်း’ ရုပ်ရှင်စတင်ရိုက်ကူးတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးမယ်လို့ ကြေညာခဲ့ပါတယ်။

‘အောင်ဆန်း’ ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားမှာ Suzuki မော်တော်ကား ကုမ္ပဏီက ငွေကျပ်သိန်းငါးထောင်ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

‘အောင်ဆန်း’ ရုပ်ရှင်ဇာတ်ကားရဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်အရင်းဖြစ်သူ ဇော်ဇော်ပိုင်၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနေရာမှာ ညိုမင်းလွင်၊ မန်းဘခိုင်နေရာမှာ အကယ်ဒမီမင်းဦး၊ ဦးသိန်းဖေမြင့်နေရာမှာ သရုပ်ဆောင် ကျော်ကျော်၊ သခင်မြနေရာမှာ အကယ်ဒမီ ရဲအောင်၊ ဒေါက်တာဘမော်နေရာမှာ အကယ်ဒမီ ရန်အောင်၊ ဦးတင်ထွဋ်နေရာမှာ ခန့်စည်သူ၊  ဗိုလ်မင်းရောင်နေရာမှာ လူမင်း၊ မာရီလှတောနေရာမှာ မိုးဟေကိုတို့ ပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးအတွက် MPT, MSM နဲ့ အလှူငွေတွေ ထည့်ဝင်နိုင်ကြောင်း MPT ရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာပြီးတဲ့နောက် အဲဒီကြေညာချက်အောက်မှာ အသုံးပြုသူ ပြည်သူတွေက ဘာအတွက် ကောက်ခံရသလဲဆိုပြီး ပြန်လည် မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်မှာ MPT ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အလှူငွေ ကောက်ခံခြင်း ပို့စ်အောက်မှာ Chan Myae Oo အကောင့်ပိုင်ရှင်က ‘‘ဘယ်သူက အလှူခံခွင့်ပြုထားတာလဲ။ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကလား၊ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာလား’’ လို့ မေးမြန်းထားပါတယ်။

အဲဒီမေးခွန်းကို MPT က အလှူခံခြင်းဟာ တရားဝင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လွတ်လပ်ရေးအတွက် အသက်ပေး ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးဗိသုကာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းဝင် ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးသွားမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးမှာ ထောက်ပံ့ငွေတွေကို နိုင်ငံသားတွေကိုယ်တိုင် အတူတကွ ဝင်ရောက်ပါဝင် ကူညီနိုင်စေရေးအတွက် အလှူငွေကောက်ခံခြင်းကို ဆောင်ရွက်ရတာ ဖြစ်ကြောင်း ပြန်လည်ဖြေကြား ထားပါတယ်။

အဲဒီလိုပဲ အလှူငွေ ကောက်ခံရရှိမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းထုတ်ပြန်မှုတွေ ပြုလုပ်ခြင်း ရှိမရှိ မေးမြန်းထားမှုတွေကို MPT က သူတို့အနေနဲ့ ကောက်ခံရရှိတဲ့ ငွေပမာဏ စုစုပေါင်းကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် ကောက်ခံရရှိမှု အခြေအနေကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာမှုရှိစွာ ပုံမှန်ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း၊ ကောက်ခံရရှိတဲ့ငွေတွေ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ကော်မတီကို လွှဲပြောင်းလှူဒါန်းသွားမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြား ထားပါတယ်။   

ဗိုလ်ချုပ်ရုပ်ရှင်အတွက် MPT ရဲ့စာတို SMS အလှူငွေ ကောက်ခံခြင်းစနစ်နဲ့ ပတ်သက်လို့လည်း တယ်လီဖုန်းအော်ပရေတာက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးဖို့အတွက် SMS တစ်ကြိမ် လှူဒါန်းမှုဟာ ၅၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ၉၀၀၀ ကို ဘာစာသားပဲဖြစ်ဖြစ် ရေးသားပေးပို့ရင် ၅၀၀ ကျပ် ဖြတ်တောက်လှူဒါန်းမှာ ဖြစ်ကြောင်း ဖြေကြားထားပါတယ်။

သခင်ဗဟိန်းအဖြစ် သရုပ်ဆောင်မယ့် ညိုမင်းလွင်က ‘‘ကျွန်တော့်ကို တစ်ရက်မှာ မက်ဆင်ဂျာကနေ ကိုလူမင်းက ဓာတ်ပုံတစ်ပုံ ပို့ပေးပါတယ်။ ကျွန်တော်က သူဒီဇာတ်ကားအတွက် စီစဉ်နေတာသိတော့ အစ်ကို ကျွန်တော့်ကို လူရှာပေးစေချင်လို့လား ဆိုတော့ သူကမဟုတ်ဘူးတဲ့။ မင်းမျက်မှန်ချွတ်ပြီး မှန်ထဲကြည့်လိုက် မင်းနဲ့တူတယ်တဲ့။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်လို့ ပြောတဲ့ ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းတဲ့။ ကျွန်တော့်ဘက်ကလည်း ဝမ်းသာပါတယ် အစ်ကိုလို ဒါရိုက်တာ လူမင်းနဲ့ ရိုက်ရမှာ ရိုက်ချင်ပါတယ်လို့။ ပုဆိုးဝတ်တာတော့ ကျင့်ရမယ်ထင်တယ် ပြောခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကိုလူမင်းလည်း အထူးသဖြင့် ဂုဏ်ယူပါတယ်။ ကိုလူမင်းက မြန်မာဘုရင်တစ်ပါးဖြစ်တဲ့ ကျန်စစ်မင်းအကြောင်းကို ရိုက်ခဲ့ဖူးတယ်။ အခုတစ်ခါလည်း မြန်မာခေါင်းဆောင်တစ်ယောက် အကြောင်းကို ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ကိုလူမင်းအတွက်ကိုလည်း တကယ်ဂုဏ်ယူပါတယ်။ ကျွန်တော် ဒီဇာတ်ကားမှာ ကိုဗဟိန်းဖြစ်အောင် ကြိုးစားပါ့မယ်။ ကျွန်တော်က Revolution လုပ်ရတာကို သဘောကျတဲ့သူ ဖြစ်တဲ့အတွက် တော်လှန်တဲ့သူ တစ်ယောက်ရဲ့ ကာရိုက်တာတစ်ခုကို ပါဝင်ခွင့်ရတာကို တကယ်ဝမ်းသာပါတယ်’’ လို့ ဆိုပါတယ်။

၈၈ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်း၊ ပြည်သူ့ပါတီ စီအီးစီ၊ ဒါရိုက်တာ သျှိုကြီး (ခ)သျှိုညိုထွန်းသိမ်းကတော့ ‘‘ရုပ်ရှင်ဖြစ်လာရင် သာမန်ပရိတ်သတ်တွေကတော့ ကြိုက်ချင်လည်း ကြိုက်ကြမှာပေါ့။ ပိုက်ဆံတော့ရမှာပေါ့။ ဒါပေမဲ့ အနုပညာသမားတွေရဲ့အမြင်၊ နိုင်ငံသမားတွေရဲ့ အမြင်အရတော့ အောင်မြင်ဖို့ သိပ်မလွယ်ဘူး။ ဥပမာဆိုပါစို့။ ဟင်္သာတက အမျိုးသမီး တစ်ယောက်ကို ထည့်ထားတာ မိုးဟေကိုကို ရွေးလိုက်တယ်။ ဒါမျိုးကျတော့ သဘောကျပါတယ်။ ဟို နိုင်ငံရေး အသိုင်းအဝိုင်း အရတော့ ကိုဗဟိန်းနေရာမှာ ညိုမင်းလွင်ကို ထည့်တဲ့ကိစ္စ တော်တော်ကန့်ကွက် ကြတယ်ဗျ။ ကျွန်တော် ကန့်ကွက်တာ မဟုတ်ဘူးနော်။ ညိုမင်းလွင်နဲ့ ကျွန်တော်နဲ့ ဘာမှပြဿနာမရှိဘူး။ ကိုဗဟိန်းရဲ့ ဓာတ်ပုံကို အဲဒီကော်မတီက မမြင်ဖူးဘူးလား မသိဘူး။ ရုပ်ချင်းက တခြားစီဗျာ။ နိုင်ငံရေး အသိုင်းအဝိုင်းကဆိုရင် သူ့ကို ကိုဗဟိန်းနေရာ ထားရမလားဆိုပြီး စိတ်ဆိုးကြတယ်ဗျ။ ဘာလို့လဲဆိုတော့ ကိုဗဟိန်းကို အရမ်းကြည်ညိုကြတာကိုး။ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ရော၊ လက်ဝဲအယူအဆ တွေကြောင့်ရော ကြည်ညိုကြတာကိုး။ ဒါက နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ အသံပါ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ပြီးတော့ ကိုရန်အောင်ပါတာ၊ ကိုရဲအောင်ပါတာ ကျွန်တော်အနေနဲ့ ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့လို့ နာမည်ကြီးတဲ့ သရုပ်ဆောင်တွေ မလိုဘူး။ ကျွန်တော့်အမြင်ပေါ့နော်။ ဥပမာ ကိုအောင်ဆန်းနဲ့ လိုက်ဖက်တဲ့ရုပ်ကို ရှာတယ်ဗျာ။ ဒီလိုမျိုးပဲ ရှာပြီးတော့ အိုက်တင်တွေ သင်ပေးကြပေါ့။ နာမည်ကြီး သရုပ်ဆောင်မှ မလိုတာကြီးကို။ အခုကျတော့ ဖြစ်သလို ရိုက်တဲ့အပေါက်လို့ ခံစားရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီနှစ်မှာ ဒီအချိန်မှာ ပြီးရမယ်ဆိုပြီးတော့ မြန်မြန်လုပ်တဲ့ သဘောတွေ လွယ်လွယ်ကူကူလုပ်တဲ့ သဘောတွေ မြင်ရတယ်။ ခံစားရတယ်။ ဒီကားကိုရိုက်တဲ့ ဒါရိုက်တာဟာ အနုပညာလည်း ကျွမ်းကျင်ရမယ်။ နိုင်ငံရေးလည်း နားလည်ရမယ်။ သမိုင်းကိုလည်း ကောင်းကောင်းသိရမယ်။ ဒီသုံးချက်နဲ့သာလုပ်ပါ။ အဲဒါ မီရဲ့လား အဲဒီကော်မတီ မီရဲ့လားလို့ပဲ မေးချင်ပါတယ်’’ လို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်ကတော့ ‘‘သရုပ်ဆောင်က ဘယ်သူသရုပ်ဆောင်ဆောင် အဆင်ပြေပါတယ်။ သူ့ရဲ့ဇာတ်ရုပ်က သမိုင်းထဲက တကယ့်ဇာတ်ကောင်အစစ် ဖြစ်တဲ့အတွက် စာသေသေချာချာဖတ်ပြီး သူဘာလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းကတော့ မှန်ဖို့လိုတယ်။ အဲဒါက အရေးပိုကြီးတယ်။ ဘယ်သူ သရုပ်ဆောင်တယ် ဆိုတာထက် ဇာတ်ညွှန်းထဲမှာ သူဘာလုပ်ခဲ့တယ်ဆိုတာ အမှန်အတိုင်းပါဖို့လိုတယ်။ ဇာတ်လိုက်က အောင်ဆန်းဆို အောင်ဆန်းတစ်ခုတည်း ဇာတ်လိုက် မဟုတ်ဘဲ ဒီကိစ္စတွေမှာ လွတ်လပ်ရေးလုပ်ဖို့ သူဘာတွေ ကူညီခဲ့လဲ၊ သူဘာတွေ တာဝန်ယူခဲ့သလဲဆိုတဲ့ကိစ္စက အမှန်အတိုင်းဖြစ်ဖို့ လိုတယ်။ အဓိက ကတော့ ဇာတ်ရုပ်နဲ့ လိုက်တာ မလိုက်တာကို သူသရုပ်ဆောင်တာ မကြည့်ရသေးဘဲ အကဲဖြတ်လို့ မရသေးဘူး။ တကယ်တမ်းကတော့ သမိုင်းကျကျ မှန်အောင် ရိုက်ဖို့တော့ လိုတယ်။ အဓိကကတော့ ဇာတ်ညွှန်းက ပိုပြီးအရေးကြီးတယ်လို့ ထင်တယ်။ ကောင်းတာ မကောင်းတာက ရုပ်ရှင်ကားထွက်လာမှ  ဆုံးဖြတ်လို့ရမှာ။ ဒီရုပ်ရှင်ကို ဖျော်ဖြေရေးအနေနဲ့တော့ မရိုက်စေချင်ဘူး။ ဖျော်ဖြေရေးသက်သက်ရိုက်မယ့်ရုပ်ရှင် ဆိုရင်တောင် တာဝန်ကြီးတဲ့ ရုပ်ရှင်ဖြစ်တယ်။ အဲဒါကြောင့် တကယ်တမ်းရိုက်မယ် ဆိုရင်တောင် အဆင့်အတန်းရှိရှိ ရိုက်စေချင်တယ်။ ပြီးတော့ လူထုကလည်း မျှော်လင့်ထားတာက ဖျော်ဖြေရေးသက်သက် ရုပ်ရှင်လောက် မျှော်လင့်ထားတာ မဟုတ်ဘူး။ အကုန်လုံးက သမိုင်းမှတ်တမ်းအမှန်နဲ့ နိုင်ငံတကာကို ဒီနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိပါဆိုပြီး ချပြလို့ရမယ့် အခြေအနေလောက်ကို မျှော်လင့်ထားတာဖြစ်တယ်။ အဲဒီလိုမျိုး ပေါ့ပေါ့ဆဆ ရိုက်တာမျိုးတော့ လက်မခံနိုင်ဘူး’’ လို့ ဆိုပါတယ်။

သူက ‘‘အဓိကတော့ နှစ်ချက်ပဲ။ နိုင်ငံအမျိုးသားခေါင်းဆောင်ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဖျော်ဖြေရေး အနေနဲ့ပါဆိုတဲ့ စကားကို လက်မခံဘူး။ နိုင်ငံတကာကို ဒီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့အတ္ထုပ္ပတ္တိပါဆိုပြီး ချပြနိုင်လောက်အထိကို ရိုက်တာမျိုး၊ ပြီးတော့ သမိုင်းထဲမှာ ပါတဲ့လူတွေက အပြင်လောကမှာ တကယ်ရှိခဲ့တဲ့လူတွေ ဖြစ်တဲ့အတွက် သမိုင်းအချက်လက်တွေက မှန်ဖို့ပေါ့’’ လို့လည်း ပြောပါတယ်။

တကယ်က ဗိုလ်ချုပ်ရုပ်ရှင်ဟာ ရိုက်ကူးပြီးရင် ပေပေါင်း ဘယ်လောက်ရှည်မယ် မသိရသေးပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး သမိုင်းကြောင်းကတော့ အတော့်ကို ပေရှည်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး အစီအစဉ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စတင်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ တွေ့ဆုံမှုအပြီးမှာ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကား ဖြစ်မြောက်ရေးအတွက် ‘ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီ’ ကိုလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲမှာပဲ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

စတင်ဖွဲ့စည်းခဲ့တဲ့ ‘ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီ’ မှာ နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးသူရ(ဇာဂနာ)၊ တွဲဖက်အတွင်းရေးမှူး ဦးဇင်ဝိုင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သမိုင်းအချက်အလက် ရှာဖွေရေး ကော်မတီမှာ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဘဏ္ဍာရေးကော်မတီမှာ ဦးမျိုးမင်း (ဒါရိုက်တာ မောင်မျိုးမင်း)၊ လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ဇာတ်ညွှန်းကော်မတီမှာ ဦးမိုးသူ၊ ဦးမော်လင်း၊ ဦးစိမ်းနီ၊ မောင်မျိုးမင်း၊ မင်းထင်ကိုကိုကြီး၊ ၀ိုင်း၊ ကြည်ဖြူသျှင်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှာ ဦးသူရ (ဇာဂနာ)၊ အရိုင်း၊ မောင်မောင်သာမြင့်နဲ့ ပြန်ကြားရေးအတွက် ကြည်ဖြူသျှင်နဲ့ မြစပယ်ငုံတို့က ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ဖွဲ့စည်းခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ကြတဲ့အခါ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်နေရာတွေအတွက် သရုပ်ဆောင်တွေကို စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဇာတ်ကားအတွက် လိုအပ်တဲ့ ရှေးခေတ်အသုံးအဆောင် တွေကိုလည်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့သလို ဖြစ်မြောက်ရေး အဖွဲ့မှာလည်း အဖွဲ့ဝင်အရေအတွက်နဲ့ လူတွေ အပြောင်းအလဲ ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန် ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန် ကြေညာချက်မှာ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ဦးမိုးသူ၊ ဦးသူရ (ဇာဂနာ)၊ ဦးစိမ်းနီ၊ ဦးမော်လင်း၊ ဦးဇင်ဝိုင်း၊ ဦးလူမင်း၊ ဦးမျိုးမင်း၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးအရိုင်း၊ ကိုဝိုင်း၊ ဦးဇော်သက်ထွေး၊ ကိုဝေဠုကျော်၊ ဒေါ်အိအိခိုင်၊ မထွန်းအိန္ဒြာဗိုလ်၊ မကြည်ဖြူသျှင်တို့ အားလုံးဟာ ဘုတ်အဖွဲ့ဝင်တွေသာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်သူဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ကို ဦးဇော်သက်ထွေးက ဆောင်ရွက်လျက်ရှိကြောင်း ပါရှိခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်နေရာတွေမှာ သရုပ်ဆောင်ဖို့ လျှောက်ထားသူတွေကိုလည်း သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့က အဆင့်ဆင့် စိစစ်ရွေးချယ်လျက်ရှိပြီး အဖွဲ့ဝင်၊ ဘုတ်အဖွဲ့ဝင်တွေသာမက ပညာရှင်တွေအဖြစ် ဦးညွန့်ဝင်း၊ ဦးအောင်လွင်၊ ဦးကြည်စိုးထွန်း၊ ဒေါ်ဆွေဇင်ထိုက်တို့လည်း ပါဝင်လျက်ရှိကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေက စုစုပေါင်း လှူဒါန်းငွေ ကျပ် ၁၂၂,၅၈၀,၀၀၀၊ အမေရိကန်ဒေါ်လာ ၄,၅၀၀ တို့ကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ အဲဒီငွေတွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အတွက်ပဲ အသုံးပြုသွားမှာဖြစ်ပြီး ဘဏ္ဍာရေးအဖွဲ့မှာ ဒေါ်အိအိခိုင်နဲ့ မထွန်းအိန္ဒြာဗိုလ်တို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း တွေကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ချစ်ဦးညို၊ ဦးငြိမ်းမင်း၊ ဦးကြည်စိုးထွန်းတို့နဲ့အတူ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ မကြည်ဖြူသျှင်တို့က တာဝန်ယူ ရေးသားလျက်ရှိကြောင်းနဲ့ ဇာတ်ညွှန်းရေးသားရာမှာ အချက်အလက် မှတ်တမ်းတွေ၊ မတိမ်းစောင်းစေဖို့အတွက် သမိုင်းပညာရှင်တွေ ဖြစ်ကြတဲ့ ဦးသော်ကောင်း၊ ဦးမြဟန်၊ ဦးသိမ်းလှိုင်၊ တက္ကသိုလ်စိန်တင်၊ ဦးဇော်လင်း၊ ဒေါက်တာ ခင်လှဟန်၊ ဒေါ်ခင်နှင်းဦးတို့က အကြံပေးစိစစ်ပြီး ပါဝင်ကူညီနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် နေရာတွေအတွက် သရုပ်ဆောင်ရွေးချယ်မှုတွေကို အဆင့်ဆင့်ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနေရာအတွက် မောင်ကျောက်ခဲနဲ့ ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည် နေရာအတွက် နန့်ဇာခြည်လင်းနဲ့ မသင်းမြတ်သန္တာလှိုင်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခဲ့ပြီးတဲ့ သရုပ်ဆောင်တွေ အတွက်ကိုလည်း သရုပ်ဆောင်သင်တန်းတွေ ပို့ချခြင်းနဲ့ လိုအပ်တာတွေအတွက် သင်ကြားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အနေနဲ့ စတင်ဖွဲ့စည်းခဲ့ချိန်ကစပြီး ၂၀၁၇ ခုနှစ်အထိ ဇာတ်ညွှန်းပိုင်း ပြင်ဆင်မှုတွေ၊ နိုင်ငံခြားက ရုပ်ရှင်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုများစွာကို ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံခြား ဒါရိုက်တာတွေနဲ့ ရိုက်ကူးနိုင်ရေးအတွက် ကြိုးပမ်းမှုတွေလည်း ရှိခဲ့သလို ဇာတ်ညွှန်းမူကြမ်းကို အင်္ဂလိပ်ဘာသာပြန်ဆိုမှုတွေ လုပ်ခဲ့ပြီး နိုင်ငံခြားက ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ ရန်ပုံငွေရှာဖွေမှုအဖြစ် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးဆောင်သည့် နှင်းဆီအငြိမ့်အဖွဲ့က ဗိုလ်ချုပ်ရာပြည့်ဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ နှင်းဆီအငြိမ့် ကပြခဲ့ပါတယ်။ အဲဒီအငြိမ့်ကပြမှုကနေ ကျပ် ၆၇,၄၉၁,၅၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁၈ နဲ့ စင်ကာပူဒေါ်လာ ၁၀ တို့ ရရှိခဲ့ပြီး နိုင်ငံတစ်ဝန်းက အောင်ဆန်းရုပ်ရှင်အတွက် ပါဝင်လှူဒါန်းလိုသူတွေက ဧရာဝတီဘဏ်စာရင်းတွေ ကနေတစ်ဆင့် လှူဒါန်းတဲ့ ငွေပမာဏက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ ၄၃,၀၈၄,၈၅၀ ကျပ်ရှိခဲ့ကြောင်း၊ နဲ့ လှူဒါန်းငွေ နှစ်ရပ်ပေါင်း ၁၁၀,၅၇၆,၃၅၀ ရှိခဲ့ကြောင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။       

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရဲ့ ပထမအကြိမ် ညှိနှိုင်းစည်းဝေးပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။

ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးဇင်ဝိုင်း၊ ဦးဇာဂနာ၊ ဦးလူမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ထွန်းအိန္ဒြာဗိုလ်တို့နဲ့အတူ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဟောင်းက ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားအတွက် လက်ခံရရှိထားသည့် အလှူငွေ ကျပ်သိန်း ၈,၃၀၀ ကို ပေးအပ်ခြင်းနဲ့ လက်ခံဆောင်ရွက်ထားတဲ့ လုပ်ငန်းစဉ်တွေ လွှဲပြောင်းခြင်းတွေကို ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကော်မတီအဖွဲ့ဝင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာတော့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝ၊ ကိုယ်ကျင့်သိက္ခာ၊ အမြော်အမြင်ကြီးတဲ့ အယူအဆ၊ အတွေးအခေါ်နဲ့ ထက်မြက်တဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေကို ပေါ်လွင်စေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကား မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာစေဖို့ ကြိုးပမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီကြေညာချက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အများစုဟာ မြန်မာနိုင်ငံအတွင်းက ရုပ်ရှင်လောကသားတွေဖြစ်ပြီး အဖွဲ့အနေနဲ့ ရုပ်ရှင်ကို ကိုယ်တိုင်ကိုယ်ကျ ရိုက်ကူးရေးထက် ရုပ်ရှင်ဖြစ်မြောက်ရေးကိုသာ ဦးတည်ခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ ငါးနှစ်တာ ကာလအတွင်း ‘အောင်ဆန်း’ ရုပ်ရှင်မှာ အဓိကပါဝင် သရုပ်ဆောင်မယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာတွေအတွက် သင့်တော်သူတွေကို အဆင့်ဆင့်ရှာဖွေခြင်း အပါအဝင် ဦးနု၊ ဗိုလ်လကျ်ာ၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်သိန်းဖေ၊ ဦးကျော်ငြိမ်း၊ ဂဠုန်ဦးစော စတဲ့ ဇာတ်ရုပ်တွေအတွက် သင့်တော်သူတွေ ရှာဖွေလျာထားခြင်း၊ ဇာတ်ကားအတွက် လိုအပ်တဲ့ ဇာတ်ညွှန်းကို သမိုင်းပညာရှင်တွေ၊ ဇာတ်ညွှန်းပညာရှင်တွေ အကူအညီနဲ့ အဆင့်ဆင့် ရေးသားပြုစုခြင်း၊ ဇာတ်ကားကုန်ကျစရိတ်ကို နိုင်ငံတကာစံနှုန်းနဲ့ ခန့်မှန်းတွက်ချက်ခြင်း၊ ရိုက်ကူးရန် ငွေကြေးအတွက် နှင်းဆီအငြိမ့် ဖျော်ဖြေမှုနဲ့ ရန်ပုံငွေ ရှာဖွေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

စုစုပေါင်း အလှူငွေ ကျပ် ၇၀၉,၆၂၂,၃၅၀ သိန်း၊ US ဒေါ်လာ ၅၅၀၀ နဲ့ ထိုင်းဘတ် ၂၀ လက်ခံရရှိပြီး အခုအချိန်မှာ ဘဏ်အသီးသီးမှာ အပ်နှံထားတဲ့ အတိုးရငွေတွေ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၈,၃၀၀ ကျော်ကို ထိန်းသိမ်းထားပါတယ်။ အလှူခံရာမှာ ရုပ်ရှင်ရိုက်ကူးဖို့ လျာထားငွေကြေး ပြည့်မီအောင် မရခဲ့တာကြောင့် လက်ဝယ်ရှိတဲ့ ငွေကြေးနဲ့ အောင်ဆန်းရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ၂၀၁၇ ခုနှစ် မေ ၁၈ ရက်မှာ ဆုံးဖြတ်ခဲ့ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရုပ်ရှင်အောင်မြင်ပြီးစီးဖို့ တာဝန်၊ ငွေကြေးနဲ့ လုပ်ငန်းအားလုံးကို စနစ်တကျ လွှဲပြောင်းအပ်နှံဖို့ အဖွဲ့သားအားလုံးက သဘောတူညီ ခဲ့ကြပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ စတင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ အပြီးသတ် ရိုက်ကူးဖို့အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အကြိုသဘောတူညီ ခဲ့ကြကြောင်း၊ ဇာတ်ကားရိုက်ကူးမှုအတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆီ တရားဝင်လွှဲပြောင်း၍ ကတိပြုစာချုပ် ချုပ်ဆိုမှုတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း အပြီးသတ် ဆောင်ရွက်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး သမိုင်းကြောင်း ရှည်လျားခဲ့တာနဲ့ ပတ်သက်ပြီး Applied Hospitality Management Study က ဦးအောင်ဖြိုးက ‘‘အောင်ဆန်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ပထမဆုံး ပြောချင်တာကတော့ Lack of Project Management ပါပဲ။ ဒီတိုင်းပြည်မှာ Project ကို စီမံချက်တို့၊ စီမံကိန်းတို့ဆို ဘာသာပြန်လိုက်ရင်း ကော်မတီတွေ ဖွဲ့တာမှာ ဇာတ်လမ်းဆုံး၊ အစည်းအဝေးတွေထိုင်၊ ဇာတ်ပတ်လည် ရိုက်နေကြတယ်။ Entertainment နဲ့ပတ်သက်တဲ့ Project မှာ အနှစ်ချုပ်လိုက်ရင် လေးခုပဲထွက်တယ်။ ၁ - အချိန် (Time)၊ ၂ - ကုန်ကျစရိတ် (Cost)၊ ၃ - အရည်အသွေး (Quality)၊ ၄ - ပါဝင်သူတို့ရဲ့ Talent၊ ဒီလေးခုပဲ။ ဒီဇာတ်ကားကို လုပ်ကြ၊ ကိုင်ကြတာလည်း နှစ်မနည်းတော့ဘူး။ ခုပြောတဲ့ Project ထောက်ကြည့်၊ ပေမီထောက်မီ ဖြစ်မဖြစ် ထင်းခနဲပေါ်တယ်။  ပထမဆုံး Time မစီမံနိုင်ခဲ့ကြလို့၊ နှစ်တစ်ရာပြည့် ၂၀၁၅ မှာ ထွက်ရမယ့် ဇာတ်ကား ခုထိရွာလည်နေတာသာ ကြည့်ပေတော့။ တစ်ခါ ခု ၂၀၂၀ မှာ အပြီးတွန်းရိုက်မယ်ဆိုရင်၊ ဇာတ်ကားထွက်ခဲ့တဲ့တိုင် ဖြစ်လာနိုင်စရာ Potential Negative Impact ရှိသေးတယ်၊ ဒါကို နောက်ပြီးမှ ထပ်ပြောမယ်။ ဒုတိယ Cost နဲ့ပတ်သက်လို့ အလှူခံထားတာ ဘယ်လောက်၊ နိုင်ငံတော်ပ့ံပိုးမှုက ဘယ်လောက် စသဖြင့် ဒါရိုက်တာ လူမင်းပြောတယ်။ အဲဒီအင်တာဗျူးမှာပဲ နောက်ထပ် သိန်းသောင်းချီပြီး လိုဦးမယ်ဆိုတော့ ဘယ်ကပိုက်ဆံနဲ့ ဇာတ်ကားတန်းလန်းကို ဇာတ်လမ်းဆက်မှာလဲ။ အလှူရှင်တစ်ဦး ဒါမှမဟုတ် သုံးလေးဦးက ကြည်ညိုလွန်းလို့ပါဆိုပြီး လာလှူတိုင်းရော နှောင်ကြိုးမဲ့အလှူ ဖြစ် မဖြစ်။ ကျဆုံးတဲ့အချိန်မှာ ဝတ်စုံ ၁၀ စုံတောင် ပြည့်မသွားရှာတဲ့၊ ဆရာအောင်သင်းစကား ငှားသုံးရရင် ‘မစားဘဲ စွန့်သွားတဲ့’ ဒီလူမျိုးဟာ သူ့အကြောင်း ရိုက်ပြမယ့် ဇာတ်ကားအတွက် တစ်ဖက်သားကို ဝန်လေးစေမှာ မဟုတ်ဘူးဆိုတဲ့ တန်ဖိုး အခြေပြု Value-based လောက်တော့ သိထားကြပါ။ SMS ကတစ်ဆင့် ငွေအလှူခံတာမျိုးကျတော့ တချို့အင်အားစုတွေအတွက် ထောက်ပြစရာအကွက် ဖြစ်ကုန်ရော။ ပြောရရင် Cost ပေတံလည်း ကျိုးတာပဲ။ တတိယ Quality ကို အပြီးသတ် ဇာတ်ကား ထွက်မလာသေးလို့ မသုံးသပ်သေးဘူး။ နောက်ဆုံး Stakeholders’ Talent ကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာပါ အကြိမ်ကြိမ်ပြောင်း၊ အားလုံးလည်း ဘယ်သူဟာ ဘယ်လောက် Talent ရှိလည်း ဒီလောကမှာ သိကြပြီးသား။ နောက်တစ်ခါ လူသိများ၊ ထင်ရှားပြီးသား ရုပ်ရှင်မင်းသား မင်းသမီးတိုင်းဟာ သူ့ဟန်နဲ့သူ ခေါက်ရိုးကျိုးပြီးသားပါ။ ခုတကယ် ရိုက်မယ်လည်းဆိုရော သခင်ဗဟိန်း၊ ဒေါက်တာဗမော်၊ သခင်မြ၊ မန်းဘခိုင်၊ သခင်သိန်းဖေမြင့်ဆိုတဲ့ နေရာတွေအတွက် မျက်နှာသိ ရုပ်ရှင်အိုင်ကွန်တွေ ရွေးလေတော့ မိသားစုဝင်တွေ၊ သမိုင်းမှာ သူတို့ရဲ့ ထည့်ဝင်မှုတန်ဖိုး သိသူတွေက ၀ိုင်းကန့်ကွက်တော့တာပေါ့။ အရင် (ကို) ဇာဂနာတို့ ပထမအဖွဲ့ရွေးစဉ်က အခုထက် စနစ်ကျပြီး သမိုင်းထဲက ဇာတ်ကောင်တွေ ပိတ်ကားပေါ်တင်မှာမို့ မျက်နှာသစ်တွေပဲ ဖြစ်သင့်တယ်လို့ သူတို့ စဉ်းစားခဲ့ပုံ မှန်ပါတယ်။ ခုတော့ ရိုက်ကွင်းမတည်ရသေးခင် ဒါရိုက်တာ သင့်မယ်ထင်ပြီး ရွေးထားတဲ့ မျက်နှာသိ ရုပ်ရှင်အိုင်ကွန်တွေအပေါ် အချစ်၊ အမုန်းက ပွဲဆူနေပြီ။ ရှင်းရှင်းပြောရရင် အောင်ဆန်းရုပ်ရှင်ဘက်က နာတာပေါ့ဗျာ။ ချုပ်လိုက်ရင်တော့ Project ဒေါက်တိုင် လေးချောင်းမှာ သုံးချောင်းက ပေမီထောက်မီ မဖြစ်မှတော့ ကျွန်တော် Quality ကိုလည်း မမျှော်လင့်တော့ပါဘူး။ ပြီးအောင် ဇွတ်တွန်းလုပ်လည်း သွားလေသူက ရှက်လွန်းလို့ နားရင်းထအုပ်မယ့် Product မျိုး ထွက်မလာပါစေနဲ့ ဆုတောင်းကြပေတော့’’ လို့ ဆိုပါတယ်။

လူငယ်အမျိုးသမီးဒါရိုက်တာ တစ်ဦးဖြစ်တဲ့ သူသူသန်းဌေးအောင်က ‘‘အရမ်းတာဝန်ကြီးပြီး တော်တော်ခက်ခဲမယ်လို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်နိုင်ငံလုံးက သိပြီးသားအပြင် ဘယ်အရွယ်ကစပြီး လွတ်လပ်ရေးရဖို့ ဘယ်လိုကြိုးပမ်း ခဲ့တဲ့အကြောင်း အားလုံးလိုလို သိကြတယ်။ အဲဒါကို ရုပ်ရှင်အဖြစ် ပြန်ရိုက်မယ်ဆိုတော့ ကြည့်ချင်တဲ့အထဲမှာ သူသူလည်း ပါပါတယ်။ ဇာတ်လမ်း ဘယ်လိုရေးထားတယ် ဇာတ်ညွှန်း ဘယ်လိုခွဲထားတယ် မသိတော့ ဘယ်လိုမြင်လဲဆိုတာ နည်းနည်း ပြောရခက်တယ်။ သူသူ့အမြင်ကတော့ အတ္ထုပ္ပတ္တိရုပ်ရှင်မဖြစ်ဘဲ ဇာတ်လမ်းရုပ်ရှင်တစ်ခုဖြစ်မှ ကောင်းမယ်လို့တော့ တွေးမိတယ်’’ လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီး ‘အောင်ဆန်း’ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ဖို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံကို ထိန်းသိမ်းထားရှိတဲ့ ငွေကြေးတွေအားလုံးနဲ့အတူ ဘဏ်စာရင်း စာအုပ်တွေ၊ ငွေစာရင်းရှင်းတမ်းတွေ၊ လာရောက် လှူဒါန်းထားတဲ့ သမိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ၊ စုဆောင်းထိန်းသိမ်းထားတဲ့ သမိုင်းဆိုင်ရာ မှတ်စာအုပ် စာတမ်းတွေနဲ့ မှတ်တမ်းတွေ၊ ရုံးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် ဝယ်ယူအသုံးပြုထားတဲ့ ရုံးပစ္စည်းတွေကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အနေနဲ့ စတင်တာဝန်ယူခဲ့ချိန်ကစပြီး ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ‘အောင်ဆန်း’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဒါရိုက်တာ အကယ်ဒမီ လူမင်းနဲ့အတူ လက်ထောက်တွေအဖြစ် ဒါရိုက်တာ အကယ်ဒမီ စိုးကျော်ဆန်းနဲ့ ဘုဏ်းသိုက်၊ Casting Director အဖြစ် ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး၊ Production Designer နဲ့ Location Manager အဖြစ် ဒါရိုက်တာ အကယ်ဒမီ ဦးထွန်းအောင်ဇော်၊ Art Director အဖြစ်  ဒါရိုက်တာ အကယ်ဒမီ စိုးကျော်ဆန်း၊ ဇာတ်ညွှန်းပိုင်းမှာ အကယ်ဒမီ ညီညီထွန်းလွင်၊ အကယ်ဒမီ ဇော်မြင့်ဦး၊ ကိုစိုးသီဟ၊ ကိုရည်နန်းသိုက်၊ အောင်ကြီး၊ ဘုဏ်းသိုက်တို့ ပါဝင်ပါတယ်။

ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) နေရာအတွက် ဂျပန်နိုင်ငံက သရုပ်ဆောင်တစ်ဦးကို ငှားရမ်းထားပြီး တခြားဂျပန်လူမျိုး ဇာတ်ကောင်နေရာတွေ အတွက်လည်း ဂျပန်လူမျိုး ၁၁ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးသမား အဖြစ်သာမက ရုပ်ရှင်လောကမှာပါ ဇာတ်ညွှန်းရေးဆရာအဖြစ် ကျင်လည်ခဲ့ဖူးတဲ့ ကဗျာဆရာ စာရေးဆရာ မြတ်လှိုင်းက ‘‘ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး မဝေဖန်ချင်တော့ဘူးလို့ နေတာပါ။ အခုလက်ရှိအခြေအနေမှာ လုံးဝ မဖြစ်သင့်၊ မရိုက်သင့်ပါဘူး။ အနုပညာအရ ကြည့်မယ်ဆိုရင်၊ ကမ္ဘာ့အဆင့်အတန်းမီအောင် ဖန်တီးနိုင်တဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်တွေ မရှိသေးပါဘူး။ ကမ္ဘာ့အဆင့်အတန်း မီဖို့မပြောနဲ့။ အာဆီယံအဆင့်တောင် မမီသေးပါဘူး။ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်မယ်ဆိုရင် မြန်မာပြည်အဆင့် ပေါကားတော်တော်များများလို အချိတ်အဆက် လွဲချော်မှုတွေ၊ အပြောအဆို သရုပ်ဆောင် မတိကျမှုတွေ၊ ဖြစ်သလို ရိုက်ကူးတဲ့ ရိုက်ကွင်းလိုအပ်ချက်တွေ ရှိနေပါလိမ့်မယ်။ နောက်ပြီး ဒီရုပ်ရှင်ကားမှာ ပါဝင်ရမယ့် လိုကေးရှင်းတွေ (ဥပမာ-ပြည်တွင်းမှာ ရှိခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ဒေသတွေ၊ ဗြိတိသျှခေတ် ထောင်တွေ၊ သမဂ္ဂအဆောက်အအုံ၊ ဖဆပလ အဆောက်အအုံတွေ။ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အင်္ဂလန်စတဲ့ တိုင်းပြည်တွေမှာရှိတဲ့ နေရာအခင်းအကျင်းတွေ၊ ဗိုလ်ချုပ်တို့ လွတ်လပ်ရေး လှုပ်ရှားခဲ့စဉ် ခေတ်ကာလအတိုင်း ပြန်ဖန်တီး နိုင်မလား။ (တရုတ်နဲ့ ကိုရီးယား နန်းတွင်းကားတွေလို လူအင်အား ထောင်သောင်း ပါဝင်အောင် ရိုက်နိုင်ပါ့မလား)။ နောက် တစ်ခုက ဗိုလ်ချုပ်ရုပ်ရှင်မှာ အဓိက ပါဝင်နေမယ့် အနည်းဆုံး လူ ၅၀ လောက်ရဲ့ စရိုက်တွေ အချိန်ယူ လေ့လာဖို့ လိုပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ဗိုလ်ချုပ်ရုပ်ရှင်ဟာ မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြီး ဖြစ်ပါတယ်။ ဘယ်အခန်းမှာမှ အမှားအယွင်းဖြစ်လို့ မရနိုင်ပါဘူး။ အခုရိုက်မယ့် ဗိုလ်ချုပ်ရုပ်ရှင်ကားဟာ အနုပညာအနေနဲ့ရော နိုင်ငံရေးသမိုင်းအနေနဲ့ရော မဖန်တီးနိုင်သေးပါဘူး။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းအရ ပြောရရင် ပေါကားကြီးပဲ ဖြစ်သွားပါလိမ့်မယ်’’ လို့ ပြောပါတယ်။

အခု ရိုက်ကူးမယ့် ရုပ်ရှင်ဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိနိုင်တာနဲ့ ပတ်သက်ပြီး ဦးအောင်ဖြိုးက ‘‘အချိန်နဲ့ပတ်သက်ပြီး စဉ်းစားစရာ ရှိတယ်ဗျ။ တကယ်က ဒီအောင်ဆန်းရုပ်ရှင် စခဲ့တာက သူ့အသက် နှစ်တစ်ရာပြည့် ၂၀၁၅ ကို ရည်ရွယ်တာ။ ကြောင်းကျိုးခိုင်လုံမှုလည်း အပြည့်ပဲ။ တကယ်သာ အဲဒီနှစ်ပိုင်းအတွင်း ရိုက်ကူးပြသဖြစ်ရင် အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားပဲ။ အဲဒီနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲဆိုတော့ ဒီဇာတ်ကားကြည့်ပြီး ချစ်ရ၊ လွမ်းရသူတိုင်း သူတို့သံယောဇဉ်ကို မဲဆန္ဒနဲ့ အလုံးအရင်းပြကြမှာ။ ဒါကို ပြောနေတာက အကြောင်းရှိတယ်။ အမေရိကမှာ ၂၀၀၈ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတအိုဘားမား အမိန့်အရ Navy Seal တပ်ဖွဲ့ဟာ ၂၀၁၁၊ မေလ ၂ ရက် မနက်လင်းအားကြီး ပါကစ္စတန်ပိုင်နက်ထဲဝင်ပြီး အိုစမာဘင်လာဒင်ကို သုတ်သင်ခဲ့တယ်။ အကြမ်းဖက်မှု စခဲ့ရာ ၉/၁၁ ကာလ အခြေပြုပြီး ဘင်လာဒင်ကို အသေမိတဲ့ထိ ဒီဖြစ်ရပ်ကို ဟောလီးဝုဒ် ဒါရိုက်တာ Kathryn Bigelow က Zero Dark Thirty ဆိုတဲ့ ရုပ်ရှင်ကား ဖန်တီးခဲ့တယ်။ ဇာတ်ကားထွက်ပြီး ဆုတွေချိတ်တဲ့ ၂၀၁၂ ခုနှစ်က အိုဘားမား ဒုတိယသက်တမ်းအတွက် အမေရိကန်သမ္မတရွေးပွဲ လုပ်တဲ့နှစ်။ အဲဒီမှာ ဒီမိုကရေစီရဲ့ Watchdog ဖြစ်တဲ့ စာနယ်ဇင်းတွေက စ,ထောက်တော့တာပဲ။ အမေရိကန် တရားဥပဒေဆိုင်ရာ စောင့်ကြည့်ရေးအုပ်စုတွေက အိုဘားမား အစိုးရဟာ ဟောလီးဝုဒ် ရုပ်ရှင်သမားတွေကို အမျိုးသား လုံခြုံရေးဆိုင်ရာ သတင်းပေါက်ကြားမှုကို ဖြစ်စေခဲ့သလား၊ တစ်ခါ ဒီရုပ်ရှင်ကတစ်ဆင့် အိုဘားမားဟာ သတ္တိ၊ ဗျတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းကြီးအဖြစ်၊ သူတို့အသုံးအနှုန်းအရ ‘Gutsy’ အဖြစ် ပုံဖော်မဲဆွယ် ခဲ့လေသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကို ကျွန်တော် ထည့်ပြောရတာက ဒီအောင်ဆန်းရုပ်ရှင် ရိုက်ကူးပုံရဲ့ မကင်းရာ၊ မကင်းကြောင်း အချက်တွေကြောင့်ပါ။ ဟောလီးဝုဒ်က Funding ရော၊ Institution ပါခိုင်မာပြီး အစိုးရနဲ့ အထောက်အပ့ံကင်းတဲ့ နေရာမျိုးမှာတောင် ဒီပြသနာမျိုး ရှင်းခဲ့ရသေးရင် ကျွန်တော်တို့ အခုဇာတ်ကားက ၂၀၁၆ မှာစပြီး ၂၀၂၁ နှစ်ဦးမှာ သက်တမ်းကုန်မယ့် ငါးနှစ်တစ်ကြိမ် ဒီမိုကရေစီအစိုးရရဲ့ ဝန်ကြီးတစ်ယောက်ကိုယ်တိုင် လူသိရှင်ကြား ဦးစီးနေတာ။ ဒီဇာတ်ကားဟာ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တစ်ယောက်ယောက် ဒါမှမဟုတ် ပါတီတစ်ခုခုကို မဲဆွယ်ရာရောက်ခဲ့ရင် ရှင်းရခက်တဲ့ ပြဿနာများစွာကို လက်ယပ်ခေါ်သလို ဖြစ်သွားမယ်။ ကြည့်ကြပ်လည်း လုပ်ကြပါဗျာ။ ဇာတ်ကားရဲ့ Main Character ဟာ အလွန်ကြည်လင် သန့်စင်သော၊ အလွန်ရိုးရှင်းသော၊ အလွန်မာယာသာဌေယျကင်းသော . . . Sincerity ရှိသူတစ်ယောက်ပါ။ ညစ်ပတ်တဲ့ မြန်မာ့နိုင်ငံရေး အာဏာဓလေ့အကြား အသက်ပေးသွားရသူ တစ်ယောက်ပါဗျာ’’ လို့ ဆိုပါတယ်။

ကိုမြတ်လှိုင်းကလည်း ‘‘အမှန်တကယ်တော့ ဒီလို၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးပြီးစီး သွားခဲ့ရင် အာဏာရပါတီအတွက် မဲဆွယ်သလို ဖြစ်လာပါလိမ့်မယ်။ တခြားပြိုင်ဘက်ပါတီတွေရဲ့ အနှောင့်အယှက် အဟန့်အတားတွေ ပေါ်ပေါက်လာနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

အခုရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒါရိုက်တာလူမင်းက ‘‘ဒီဇာတ်ကားက ရိုက်ကူးနိုင်ဖို့အတွက် အခက်အခဲတွေက အများကြီးပါ။ ခုချိန်မှာတော့ ဇာတ်ကား စတင်ရိုက်ကူးတော့မှာပါ။ ကြိုတင်ပန်ကြားထားချင်တာက ဒီရုပ်ရှင်ဟာ သမိုင်းမှတ်တမ်း မဟုတ်ပါဘူး။ စစ်ကားလည်း မဟုတ်ပါဘူး။ အတ္ထုပ္ပတ္တိဇာတ်ကားလည်း မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးအကြောင်း ပြောပြပါလိမ့်မယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ မြန်မာ့တပ်မတော် ဆိုတာ ဘယ်ကစသလဲဆိုတာ ပြောပြပါလိမ့်မယ်။ ဒီရုပ်ရှင်ကနေ အောင်ဆန်းဆိုတဲ့ လူငယ်လေးတစ်ယောက်၊ တက္ကသိုလ် ကျောင်းသားလေး တစ်ယောက်၊ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက် အဲဒီကနေမှ စစ်သေနာပတိချုပ်တစ်ယောက်၊ အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင်တစ်ယောက်၊ နောက်ဆုံး မြန်မာနိုင်ငံကြီးရဲ့  လွတ်လပ်ရေး ဗိသုကာ တစ်ယောက်အဖြစ် ဘယ်လိုကြိုးစား အားထုတ်ခဲ့တယ် ဆိုတာကို ပြောပြပါလိမ့်မယ်။ ဒီရုပ်ရှင်ကနေ အောင်ဆန်းဆိုတဲ့ လူငယ်လေးတစ်ယောက် တိုင်းပြည်အတွက် ဘယ်လိုအသက်ပေး ကြိုးစားအားထုတ်ခဲ့သလဲ ဆိုတာကို ပြောပြပါလိမ့်မယ်’’ လို့ ပြောပြပါတယ်။

ဒါပေမဲ့ လူမင်းရဲ့ ‘‘ဒီရုပ်ရှင်ဟာ သမိုင်းမှတ်တမ်း မဟုတ်ပါဘူး။ စစ်ကားလည်း မဟုတ်ပါဘူး။ အတ္ထုပ္ပတ္တိ ဇာတ်ကားလည်း မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားမျှသာ ဖြစ်ပါတယ်’’ ဆိုတဲ့ စကားအပေါ် ဝေဖန်မှုတွေလည်း ရှိပါတယ်။

အနုပညာဝေဖန်ရေး လေ့လာရေးသားသူ မိုးဧအောင်က ‘‘ကမ္ဘာမှာ ရိုက်ကူးခဲ့သမျှ ရုပ်ရှင်တွေကို အမျိုးအစားအလိုက် Film Genres ပြုစုထားတာရှိတယ်။ ခု အောင်ဆန်းလို ဇာတ်ကားမျိုးက ဘယ်အနွယ်ဝင်ဖြစ်မလဲ။ စဉ်းစားရသလောက်တော့ Documentation ခေါ် မှတ်တမ်းလား၊ Adventure ခေါ် စွန့်စားခန်းလား၊ War စစ်ကားအုပ်စုနွယ်လား၊ Biographical ခေါ် အတ္ထုပ္ပတ္တိဟန်လား၊ Propaganda ခေါ် ၀ါဒဖြန့်ဇာတ်ထုပ်လား၊ ခု ပြောခဲ့တဲ့ မျိုးတူစုတွေ ပူးယှက်ပေါင်းစပ်သွားမယ့် ရုပ်ရှင်ဇာတ်လမ်းလား။ တစ်ခုခုတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေရမယ်လေ။ ရုပ်ရှင်တစ်ကားမျှသာ ဖြစ်ပါတယ်ဆိုတဲ့ စကားကတော့ အလွန်တာဝန်မဲ့ပါတယ်။ အဲဒီကားဟာ ပိုင်ရှင်တစ်ယောက်က ငွေပေါပြီး ရောဂါထလို့ ရိုက်မယ့်ရုပ်ရှင် မဟုတ်ပါဘူး။ ရိုက်ကူးခံ Character တစ်ဦးစီရဲ့ သမိုင်းထဲက ရှင်သန်ဆဲ ၀ိညာဉ်တွေကို ဒီနေ့ ရုပ်ရှင်ကြည့် ပရိသတ်ကတစ်ဆင့် ကမ္ဘာကို၊ အနာဂတ်မျိုး ဆက်ဆီကို ‘‘ထုံကူး’’ ရမှာပါ။ အမျိုးမျိုးသော SMS ငါးရာထည့် ပရိသတ်မှသည် သိန်းထောင်ချီ အလှူရှင်တွေရဲ့ မျက်နှာနဲ့ လေးစားသမှုကို နားလည်ဖို့ လိုပါလိမ့်မယ်။ အဲဒီအင်တာဗျူးထဲမှာပဲ ‘‘ဘတ်ဂျက် မလောက်ခဲ့ရင်တော့ ဝန်ကြီးက ထပ်ရှာပေးဖို့ အာမခံထားပါတယ်’’ ဆိုတော့ကာ နိုင်ငံတော်အပါအဝင် လူများစွာဆီက အတော့်ကို ရှုပ်ထွေးတဲ့ ငွေကြေးရယူမှုပုံစံနဲ့ အောင်ဆန်းရုပ်ရှင်ကို ရိုက်ကူးမှာပါ။ ဒါရိုက်တာ တစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းပစွာနဲ့ အစကတည်းက ဒီလိုပြောခဲ့ပါတယ်ဆိုရင် ဘယ်သူက ပေးလျော်ကြမလဲ။ ကမ္ဘာပတ်ပြီး ပြချင်ရင် အောင်ဆန်းရုပ်ရှင်ကို ဘယ် Film Genres ထဲ ထည့်မလဲ။ ဖြစ်နိုင်ရင်တော့ သူလည်းစာချုပ်နဲ့ ငွေယူပြီး သူ့အပြောအရ ‘အမေစုက အလုပ်ကို အလုပ်လိုပဲ လုပ်ပါ’ ဆိုတဲ့ စကားကို အလေးထားရိုးမှန်ရင် အလုပ် ပီပီသသ မလုပ်နိုင်တဲ့အခါ ဘယ်လိုတာဝန်ခံ ပေးလျော်မလဲလို့ စာနယ်ဇင်းကတစ်ဆင့် ဒါရိုက်တာ လူမင်းကို မေးခွန်းထုတ်လိုက်ပါတယ်’’ လို့ ဆိုပါတယ်။

ကိုမြတ်လှိုင်းကလည်း ‘‘ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ရုပ်ရှင်ဟာ နိုင်ငံတော်အဆင့်နဲ့ရိုက်တဲ့ သမိုင်းဝင် ဇာတ်ကားကြီးလို့ ပြောရပါလိမ့်မယ်။ ဒီရုပ်ရှင်ကားကြီးအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုရယူထားတာပါ။ ပြည်သူတွေဆီက အလှူငွေတွေ ရယူထားပါတယ်။ ဒီကားကြီးကို သမိုင်းဝင်၊ သမိုင်းတွင်နိုင်ဖို့ ရည်ရွယ်ထားခဲ့သလို ပြည်သူတွေ စောင့်စားမျှော်လင့် နေကြတာကိုလည်း သိကြပါတယ်။ ဒါရိုက်တာ တာဝန်ပေးခံထားရတဲ့ လူမင်းက ‘‘သာမန်ရုပ်ရှင်ကား တစ်ကားပါ’’ လို့ ပြောလိုက်တာမျိုးက အလွန်အံ့သြဖွယ် ကောင်းပါတယ်။ သာမန်ရုပ်ရှင်ကား တစ်ကားဆိုရင် ကုမ္ပဏီတစ်ခုအနေနဲ့ တာဝန်ယူရိုက်ရင်တော့ ဘာမှပြောစရာ မလိုပါဘူး။ နိုင်ငံတော်အဆင့် ပံ့ပိုးမှု၊ ပြည်သူတွေရဲ့အလှူငွေတွေနဲ့ ရိုက်ကူးမယ့် သမိုင်းဝင်ကားကြီး တစ်ခုအနေနဲ့ ဒီလို လက်လွတ်စပယ် မပြောသင့်ပါဘူး။ သမိုင်းတရားခံဖြစ်သွားမှာကို ကြောက်ရင် ဒါရိုက်တာ တာဝန် မယူသင့်ပါဘူး။ ဗိုလ်ချုပ်ရုပ်တုတွေ ပုံမကျပန်းမကျဖြစ်နေတာ ပြည်သူတွေ ပြောင်လှောင်စရာ ဖြစ်နေပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်လည်း ပြောင်လှောင်စရာ ပေါကား မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်’’ လို့ ပြောကြားခဲ့ပါတယ်။

 

 

Most Read

Most Recent