၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ထက် မြန်မာ့စီးပွားရေး ကျဆင်းခဲ့ပြီး GDP တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိကာ ငွေကြေးဖောင်းပွမှုနှုန်း ရှစ်ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာဟု အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာ၌ ဖော်ပြ

၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ထက် မြန်မာ့စီးပွားရေး ကျဆင်းခဲ့ပြီး GDP တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိကာ ငွေကြေးဖောင်းပွမှုနှုန်း ရှစ်ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာဟု အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာ၌ ဖော်ပြ
Published 26 September 2019
စည်သူအောင်

၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ကထက် မြန်မာ့စီးပွားရေး ကျဆင်းခဲ့ပြီး စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိကာ ငွေကြေးဖောင်းပွမှုနှုန်း ၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ထုတ်ပြန်သည့် Asian Development Outlook 2019 Update အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က၂၀၁၈ ခုနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ စီးပွားရေး တိုးတက်မှုနှုန်းသည် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဒုတိယအမြင့်ဆုံး (ပထမ-ဗီယက်နမ် ၆ ဒသမ ၈ ရာခိုင်နှုန်း) ဖြစ်သည်။

ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင်  ၈ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်ဟု ပြင်ဆင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်နေသည်။

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၉ ခုနှစ်အတွက် နှစ်စတွင် ခန့်မှန်းထားသည့်အတိုင်း ၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဧပြီလတွင် မျှော်မှန်းခဲ့သည်ထက် မြင့်တက်လာကာ နိုင်ငံခြားသုံး ငွေစာရင်းရှင်ငွေစာရင်း လိုငွေမှာ မျှော်မှန်းထားသည်ထက် ကျဆင်းလာသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ်ထက် စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းခဲ့သော်လည်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) တိုးတက်မှုနှုန်းမှာ  ပို့ကုန်ဝင်ငွေကောင်းမွန်မှု၊ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု တိုးတက်မှု၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ကောင်းမွန်မှုတို့ကြောင့် မြင့်မားနေဆဲဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများ ကျဆင်းနေသော်လည်း တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု တိုးတက်မှု၊ သွင်းကုန်များ လျှော့ချနိုင်မှု၊ ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်မှု၊ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာမှုတို့ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ဆက်လက်ကောင်းမွန်နေခြင်း ဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုသည်။

နိုင်ငံ့ဒေသအချို့တွင်ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေသော်လည်း အာရှနိုင်ငံများ၊ အထူးသဖြင့် ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍများသို့ အဓိက ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အားကောင်းလျက်ရှိသော်လည်း ကျပ်ငွေတန်ဖိုးမှာ ဒေါ်လာနှင့်နှိုင်းယှဉ်ပါက အားပျော့လျက်ရှိပြီး နိုင်ငံ၏စီးပွားရေးအပေါ် ငွေကြေးဖောင်းပွမှုဖိအား ကျရောက်လျက် ရှိသည်။ ၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိရာမှ ကိုးလအတွင်း ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ စားသောက်ကုန် စျေးနှုန်းများသည် ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်နှင့်  စားသောက်ကုန် ပို့ဆောင်ရေးစနစ်များ အားနည်းမှုတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးနှေးကွေးလျက်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှုများကျဆင်းနေခြင်းကြောင့် မြန်မာအပါအဝင် အာရှဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ထုတ်ပြန်သည့် Asian Development Outlook 2019 Update တွင် ခန့်မှန်းထားခြင်းဖြစ်သည်။ အာရှနိုင်ငံများ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်ကထက် ၀ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး ၂၀၁၉ ခုနှစ် တွင် ၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ADB က မျှော်မှန်းထားသည်။