ဘဏ်များမှ ချေးငွေ ကျပ် ၂၄၂၂၆ ဘီလျံကျော် ထုတ်ချေးထားပြီး အများဆုံး ထုတ်ချေးထားသောကဏ္ဍမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖြစ်ကာ စာရင်းသေအပ်ငွေ အာမခံဖြင့် အများဆုံး ထုတ်ချေးထား

ဘဏ်များမှ ချေးငွေ ကျပ် ၂၄၂၂၆ ဘီလျံကျော် ထုတ်ချေးထားပြီး အများဆုံး ထုတ်ချေးထားသောကဏ္ဍမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖြစ်ကာ စာရင်းသေအပ်ငွေ အာမခံဖြင့် အများဆုံး ထုတ်ချေးထား
ပုဂ္ဂလိကဘဏ်ခွဲ တစ်ခုတွင် ငွေကြေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ပုဂ္ဂလိကဘဏ်ခွဲ တစ်ခုတွင် ငွေကြေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 2 September 2019
စည်သူအောင်

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန် စာရင်းများအရ ဘဏ်များမှ ချေးငွေ ကျပ် ၂၄၂၂၆ ဘီလျံကျော် ထုတ်ချေးထားပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသို့ အများဆုံး ထုတ်ချေးထားကာ စာရင်းသေအပ်ငွေ အာမခံဖြင့် အများဆုံး ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ အစီရင်ခံစာအရ သိရသည်။

ဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ သုံးလ တစ်ကြိမ် ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေစာရင်း ပြုစုတင်ပြရသည်။ ကဏ္ဍအလိုက် ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျပ် ၁၆၅၅၅၁၃၂ ဒသမ ၀၄ သန်း (၆၈ ဒသမ ၃၄ ရာခိုင်နှုန်း)၊ ထုတ်လုပ်မှု ကျပ် ၄၃၉၃ ဒသမ ၄၀ သန်း (၀ ဒသမ ၀၂ ရာခိုင်နှုန်း)၊ ကုန်သွယ်မှု ကျပ် ၂၂၇၄၇၆ ဒသမ ၅၇ သန်း (၀ ဒသမ ၉၄ ရာခိုင်နှုန်း)၊ သယ်ယူပို့ဆောင်ရေး ကျပ် ၂၈၉၈၅၅ ဒသမ ၉၇ သန်း (၁ ဒသမ ၂၀ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကျပ် ၂၁၈၇၃၇၃ ဒသမ ၈၉ သန်း (၉ ဒသမ ၀၃ ရာခိုင်နှုန်း)၊ ဝန်ဆောင်မှု ကျပ် ၂၅၂၀၄၄၆ ဒသမ ၂၁ သန်း (၁၀ ဒသမ ၄၀ ရာခိုင်နှုန်း)၊ အိမ်ယာချေးငွေ ကျပ် ၁၈၄၅၄၁၈ ဒသမ ၂၆ သန်း (၇ ဒသမ ၆၂ ရာခိုင်နှုန်း)၊ SME ကျပ် ၃၆၄၇၄ ဒသမ ၃၈ သန်း (၀ ဒသမ ၁၅ ရာခိုင်နှုန်း)၊ အထွေထွေ ကျပ် ၅၅၉၅၃၆ ဒသမ ၅၆ သန်း (၂ ဒသမ ၃၁ ရာ ခိုင်နှုန်း) တို့ဖြစ်ပြီး ချေးငွေစုစုပေါင်း ကျပ် ၂၄၂၂၆၁၀၇ ဒသမ ၂၈ သန်း (ကျပ် ၂၄၂၂၆ ဒသမ ၁၀၇ ဘီလျံ) ဖြစ်သည်။

ဘဏ်များ၏ အာမခံ အမျိုးအစားအလိုက် ချေးငွေထုတ်ချေးထားမှု ပမာဏများမှာ မြေနှင့် အဆောက်အအုံ ကျပ် ၂၀၆၆၃၅၀ ဒသမ ၄၂ သန်း (၈ ဒသမ ၅၃ ရာခိုင်နှုန်း)၊ ရေနှင့် ရေထည်ပစ္စည်း ကျပ် ၂၇၃၁၄၇၆ ဒသမ ၁၈ သန်း (၁၁ ဒသမ ၂၇ ရာခိုင်နှုန်း)၊ စာရင်းသေအပ်ငွေ ကျပ် ၇၂၄၇၀၀၅ ဒသမ ၉၈ သန်း (၂၉ ဒသမ ၉၁ ရာခိုင်နှုန်း)၊ စက်/ ကုန်ပစ္စည်း ကျပ် ၅၃၇၄၁၃ ဒသမ ၃၁ သန်း (၂ ဒသမ ၂၂ ရာခိုင်နှုန်း)၊ လူပုဂ္ဂိုလ်/အဖွဲ့ အစည်း ၃၄၉၂၄၅၈ ဒသမ ၄၀ သန်း (၁၄ ဒသမ ၄၂ ရာခိုင်နှုန်း)၊ အထွေထွေ ကျပ် ၃၂၄၆၈၁၅ ဒသမ ၂၅ သန်း (၁၃ ဒသမ ၄၀ ရာခိုင်နှုန်း)၊ အာမခံမဲ့ ကျပ် ၄၂၁၂၁၂၄ ဒသမ ၉၄ သန်း (၁၇ ဒသမ ၃၉ ရာခိုင်နှုန်း)၊ အိမ်ရာ ချေးငွေ ကျပ် ၆၄၁၃၈၇ ဒသမ ၈၃ သန်း (၂ ဒသမ ၆၅ ရာခိုင်နှုန်း)၊ SME ကျပ် ၅၁၁၂၄ ဒသမ ၂၁ သန်း (၀ ဒသမ ၂၁ ရာခိုင်နှုန်း) ဖြစ်သည်။

ဘဏ်စနစ် တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရ ငွေချေးသက်သေခံ လက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ် ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေး လွယ်ကူမှု အချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့် အမျိုးအစားခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ် ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံ အမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်သည်။

 

 

Most Read

Most Recent