မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဟု ယူဆရသော မူးယစ်ဆေးကုန်ကူးသောအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဟု ယူဆရသော မူးယစ်ဆေးကုန်ကူးသောအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဖမ်းဆီးရမိ
Published 27 August 2019
Ref: The Nation

သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်ဒေသ မယ်အိုင်ခရိုင်သို့ နယ်စပ်ကို ဖြတ်ကျော်ကာ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် ကြိုးပမ်းစဉ်အတွင်း မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဟု ယူဆရသော မူးယစ်ဆေး ကုန်ကူးသောအဖွဲ့ နှင့် ထိုင်းရဲတပ်ဖွဲ့ဝင်များ၊ ထိုင်းစစ်သားများ နှင့် တိုက်ပွဲဖြစ်ပွားရာ တစ်ဦး သေဆုံးပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နံနက် ၂ နာရီအချိန်၌ ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ ၃၀ ဦးခန့် ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမ်ဘွန်းသာဒွန်ဒေသ ဘန်ဆန်တွန်ဒူအနီးရှိ တောအုပ်တစ်ခုအတွင်း ကင်းလှည့်မှုများကို ဆောင်ရွက်ခဲ့သည်။

၎င်းအဖွဲ့သည် အစိမ်းရောင် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသော လူပေါင်း ၃၀ ခန့်က အိတ်တစ်လုံးစီ သယ်ဆောင်လျက် တောအုပ်ကို ဖြတ်ကာ တောစပ်အနီး မြေလမ်းအဆုံး၌ စောင့်ဆိုင်းနေသော ပစ်ကပ်ကား နှစ်စီးဆီသို့ လမ်းလျှောက်လာသည်ကို တွေ့ရှိခဲ့ရသည်။ ထိုသူအသီးသီးသည် သေနတ်တစ်လက်စီကိုလည်း သယ်ဆောင်လာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံမှ ပူးပေါင်း ကင်းလှည့်အဖွဲ့သည် ရှေ့သို့ ထွက်ကာ ထိုသူများအား လက်နက်ချရန် အော်ဟစ်လျက် စောင့်ဆိုင်းခြင်း မပြုမီ ပစ်ကပ်ကား နောက်ခန်းထဲသို့ အိတ်များကို တင်နေသော မသင်္ကာသူများကို စောင့်ကြည့်ခဲ့ကြသည်။

အဆိုပါလက်နက်ကိုင်များက ထိုင်းနိုင်ငံ မှ ကင်းလှည့်အဖွဲ့ကို ပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့ကြသည်။

အဆိုပါ မသင်္ကာသူများက တောအုပ်ထဲသို့ ထွက်ပြေးကာ နယ်စပ်ကို ဖြတ်ကျော်လျက် မြန်မာနိုင်ငံထဲသို့ ပြန်လည် ဝင်ရောက်သွားခြင်းမပြုမီ ထိုင်းကင်းလှည့်အဖွဲ့နှင့် မိနစ် ၂၀ ခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုင်းကင်းလှည့်အဖွဲ့သည် ရေဒီယိုဆက်သွယ်ရေး အသုံးပြုကာ စစ်ကူများကို ခေါ်ယူခဲ့သည်။ စစ်ကူများ ရောက်ရှိလာသည့်အခါ တိုက်ပွဲဖြစ်ပွားရာ နေရာအား စစ်ဆေးခဲ့ရာ၌ ရင်ဘတ်တွင် သေနတ်ဒဏ်ရာနှစ်ချက် ရှိသည့် မသင်္ကာသူတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

ဆုတ်ခွာသွားသော မသင်္ကာသူများ နောက်သို့ လိုက်လံဖမ်းဆီးခဲ့သည့်အဖွဲ့သည်  အစိမ်းရောင် စစ်ယူနီဖောင်း ဝတ်ဆင်ထားသည့် နောက်ထပ် မသင်္ကာသူတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူသည် ထိုင်းဘာသာစကား ပြောတတ်ခြင်းမရှိဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထိုင်းကင်းလှည့်အဖွဲ့သည် ပစ်ကပ်ကား နောက်ခန်း၌ တင်ထားသည့် မြေသြဇာအိတ်ပေါင်း ၅၀ အတွင်း စိတ်ကြွဆေးပြား ၉ ဒသမ ၈ သန်းခန့်ကို တွေ့ရှိကာ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

 

Most Recent