လျှပ်စစ်မီတာများကို တင်ဒါခေါ်ယူရာတွင် Technical အောင်မြင်သူများအနက်မှ စျေးနှုန်း အနည်းဆုံး ပေးသွင်းသူကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အား ရွေးချယ်မှု မပြုခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဒုတိယဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

လျှပ်စစ်မီတာများကို တင်ဒါခေါ်ယူရာတွင် Technical အောင်မြင်သူများအနက်မှ စျေးနှုန်း အနည်းဆုံး ပေးသွင်းသူကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အား ရွေးချယ်မှု မပြုခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဒုတိယဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 23 August 2019
စိုးမင်းထိုက်၊ စည်သူ

လျှပ်စစ်မီတာများအား တင်ဒါခေါ်ယူရာတွင် Technical အောင်မြင်သူများအနက်မှ စျေးနှုန်း အနည်းဆုံး ပေးသွင်းသူကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အား ရွေးချယ်မှု မပြုခြင်းနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်၌ ရှင်းလင်း တင်ပြခဲ့သည်။

သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၉) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းစဉ် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး ဆွေးနွေးခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မီတာများ တင်ဒါခေါ်ယူမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှ တစ်ဆင့် ပြည်သူတစ်ရပ်လုံး နားလည် လက်ခံအောင် ရှင်းလင်းတင်ပြသင့်ပြီဟု တိုက်တွန်း ဆွေးနွေးမှုများ ရှိခဲ့သည့်အတွက် ရှင်းလင်း တင်ပြမည် ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် မီတင်တင်ဒါကိစ္စ ပယ်ဖျက်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ အိမ်သုံးမီတာ အလုံးရေ ၂၀၀၀၀၀၊ စက်မှုသုံးမီတာ အလုံးရေ ၆၀၅၀၀ ကို တိုက်ရိုက်စာချုပ် ချုပ်ဆိုဝယ်ယူရန်နှင့် ဆက်စပ်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါနှင့် ဝယ်ယူရန် ဝန်ကြီးဌာန အမှုဆောင် အစည်းအဝေးသို့ တင်ပြခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထိုသို့ တင်ပြမှုများ ရှိသည့်အတွက် ဝန်ကြီးဌာန၏ အမှုဆောင်အစည်းအဝေးမှ မီတာများကိုပါ အိတ်ဖွင့်တင်ဒါ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့ကြောင်း၊ ထိုသို့ တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီနှစ်ခုမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခုသည် Species ကိုက်အောင် တင်နိုင်မည် မဟုတ်သဖြင့် တင်ဒါအား ပယ်ဖျက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မီတာဝယ်ရန် တင်ဒါခေါ်ရာတွင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီများမှ တင်ဒါစိစစ် ရွေးချယ်မှုအား ဝင်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်းနှင့် မလျော်သြဇာသုံး ဆောင်ရွက်လိုခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင်း တင်ဒါပယ်ဖျက်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်သို့ ရှင်းလင်းခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ခေါ်ယူခဲ့သည့် မီတာတင်ဒါ တစ်ခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦးအနက် ကုမ္ပဏီနှစ်ခုသာ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်ခဲ့ပြီး ယင်းကုမ္ပဏီနှစ်ခု၏ စျေးနှုန်းကို ယှဉ်ပြိုင်သူ အားလုံးရှေ့၌ ဖွင့်ဖောက်ရာ Alpha Power အမည်ရှိ ကုမ္ပဏီမှ ကျပ် ၈ ဒသမ ၁ ဘီလျံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်၏ စျေးနှုန်းသည် ကျပ် ၁၃ ဒသမ ၄ ဘီလျံခန့် ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သည့်ကုမ္ပဏီမှာ ယှဉ်ပြိုင်ဘက်ထက် စျေးနှုန်းကျပ် ၅၃၄၃ သန်း ပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီးထံသို့  ကုမ္ပဏီတစ်ခု၏ အမည်ဖြင့် ယင်းတင်ဒါကို ပြန်လည် စိစစ်ပေးရန် ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ကန့်ကွက်စာ ပေးပို့မှုအပေါ် Alpha Power ကုမ္ပဏီက ပြည်ထောင်စုဝန်ကြီးအား ယှဉ်ပြိုင်မှုရလဒ်အတိုင် းအတည်ပြုပေးရန် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၎င်းတို့၏ မီတာများကို ဦးစားပေး ရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံ တင်ပြမှုများရှိကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

တင်ဒါစိစစ် ရွေးချယ်ရေး စည်းကမ်းအပိုဒ် ၆ တွင် တင်ဒါ ပေးသွင်းသူသည် မိမိတင်ဒါ အောင်မြင်မှုအတွက် အစိုးရအရာရှိများထံက လည်းကောင်း၊ သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်များထံမှ အကူအညီရယူရန် ကြိုးစားလျှင် တင်ဒါအား ပယ်ဖျက်သွားမည်ဟု ပါရှိကြောင်း၊ တင်ဒါစျေးနှုန်း ဖွင့်ဖောက်ပြီးနောက် ကုမ္ပဏီအသီးသီးက ပြည်ထောင်စုဝန်ကြီးထံ ၎င်းတို့၏ တင်ဒါအား ရွေးချယ်ရန် အကြိမ်ကြိမ် တင်ပြခဲ့ကြကြောင်း၊ လျှပ်စစ််ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တင်ဒါကို နည်းပညာပိုင်းဆိုင်ရာနှင့် စျေးနှုန်း စိစစ်ချက်များ ဆောင်ရွက်နေချိန် ကာလအတွင်း ဝန်ကြီးဌာန၏ တင်ဒါစိစစ် အတည်ပြုရေးကော်မတီက ထိုတင်ဒါကို စိစစ်ခြင်း အတည်ပြုခြင်း မဆောင်ရွက်ရသေးမီ ကာလတွင် ကုမ္ပဏီများက အပြန်ပြန်အလှန်လှန် တိုင်ကြား ဆောင်ရွက်နေမှုများသည် ဝန်ကြီးဌာန၏ တင်ဒါစိစစ် ရွေးချယ်မှုအား ဝင်ရောက် စွက်ဖက်လိုခြင်း၊ လွှမ်းမိုးလိုခြင်း၊ မလျော်သြဇာသုံး ဆောင်ရွက်လိုခြင်းများ ရှိသည်ဟု သုံးသပ်ရကြောင်း သို့ဖြစ်၍ တင်ဒါကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဝန်ကြီးဌာန၏ ဆောင်ရွက်မှုသည် တိုင်းပြည်အကျိုး ရှေးရှုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်းကသာလျှင် ခေါ်ဆိုသမျှ တင်ဒါများကို အစဉ်တစိုက် အောင်မြင်နေခြင်း မဟုတ်သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် မတိုင်မီက တပ်ဆင်ခဲ့သည့် မီတာများထက် ပို၍ အရည်အသွေးမြင့်မားသည့် မီတာများကို ယခင်က စျေးနှုန်းထက် ရာခိုင်နှုန်း ၅၀ ခန့်သာရှိသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပြီး နိုင်ငံ့ဘဏ္ဍာငွေများစွာ သက်သာစေခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

Most Read

Most Recent