စင်ကျင့်မြို့အား ဟောင်ကောင်ထက် ပိုမိုကောင်းမွန်သော နေရာအဖြစ် ဖန်တီးမည့်အစီအစဉ်ကို တရုတ် ကြေညာ

စင်ကျင့်မြို့အား ဟောင်ကောင်ထက် ပိုမိုကောင်းမွန်သော နေရာအဖြစ် ဖန်တီးမည့်အစီအစဉ်ကို တရုတ် ကြေညာ
သြဂုတ် ၁၆ ရက်တွင် တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်၏ စင်ကျင့်မြို့တွင်းတစ်နေရာကို တွေ့ရစဉ်
သြဂုတ် ၁၆ ရက်တွင် တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်၏ စင်ကျင့်မြို့တွင်းတစ်နေရာကို တွေ့ရစဉ်
Published 19 August 2019
Ref: AFP

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဧရာမဆန္ဒပြပွဲကြီး ထပ်မံဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရက ပြည်မကြီး၏ စင်ကျင့်ဒေသအား ပြုပြင်ပြောင်းလဲမည့် အစီအစဉ်များကို သြဂုတ် ၁၈ ရက်က ကြေညာခဲ့သည်။

တရုတ်၏ အဆင့်မြင့်နည်းပညာမြို့ စင်ကျင့်သည် လွန်ခဲ့သော နှစ် ၄၀ က တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှု သန္ဓေတည်ခဲ့သည့် နေရာဖြစ်သည်။ တရားရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ အပါအဝင် ကဏ္ဍစုံကို စင်ကျင့်၌ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်မည့် အသေးစိတ်အစီအစဉ်ကို ပေကျင်းက ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြမှုများ၊ စုဝေးချီတက်မှုများ၊ စီးနင်းသိမ်းပိုက်နေရာယူမှုများ သီတင်းပတ်များစွာ ဖြစ်ခဲ့ပြီးနောက် ဟောင်ကောင်သည် အကျပ်အတည်းဆိုက်နေပြီး ယင်းအခြေအနေသည် စင်ကျင့်၏ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းဟု ပေကျင်းက စီမံချက်ချမှတ်လာခြင်း ဖြစ်သည်။

စင်ကျင့်ကို တရုတ်ဆိုရှယ်လစ်ဝါဒ စည်ပင်သည့်ဒေသအဖြစ် ပြောင်းလဲမည့် ရည်မှန်းချက်များကို တရုတ်ဗဟိုအစိုးရက ထုတ်ပြန်ခဲ့ကြောင်း အစိုးရမီဒီယာ ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့သည်။ စင်ကျင့်၏ စီးပွားရေးစွမ်းပကားနှင့် ဖွံ့ဖြိုးမှုအရည်အသွေးကို ၂၀၂၅ ခုနှစ် မတိုင်မီ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်စေရန် အသွင်ပြောင်းလဲမည်ဖြစ်ပြီး ဟောင်ကောင်၊ မကာအိုတို့နှင့် ပို၍ပေါင်းစည်းရေး ရည်မှန်းချက်များကို ယင်းမူဝါဒ ကြေညာချက်က ဖော်ပြခဲ့သည်။

၂၀၃၅ ခုနှစ် မတိုင်မီတွင် တရုတ်တောင်ပိုင်းမြို့သည် စီးပွားရေး ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း၌ ကမ္ဘာ့ရှေ့ဆောင်ဖြစ်ရမည်ဟု ယင်းမူဝါဒကြေညာချက်က ဆိုသည်။

ဟောင်ကောင်သည် နောက်ကျ ကျန်မည့်အန္တရာယ် ရှိနေပြီဖြစ်ကြောင်း ပညာရှင်များကို ကိုးကားပြီး ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့သည်။

“တရုတ်ရဲ့ ဖွံ့ဖြိုးမှုမှာ ပူးပေါင်း ပါဝင်နိုင်မယ့် အခွင့်အရေးကို ဟောင်ကောင်က လက်ကမ်းကြိုဆိုဖို့ အဆင်သင့် ဖြစ်မနေဘူးဆိုရင်၊ စင်ကျင့်က ပိုမိုလျင်လျင်မြန်မြန် တိုးတက်နေမှာ ဖြစ်တာကြောင့် ဟောင်ကောင်ရဲ့ ဖွ့ံဖြိုးမှုဟာ အနာဂတ်မှာ အရမ်းကို  အကန့်အသတ် ရှိလာပါလိမ့်မယ်”ဟု Beihang University မှ ပါမောက္ခ ထျန်ဖေးလုံက ဂလိုဘယ်တိုင်းမ်ကို ပြောကြားခဲ့သည်။

စင်ကျင့်၏ ဂျီဒီပီသည် ၂၀၁၈ ခုနှစ်အကုန်တွင် ဟောင်ကောင်ထက် နိမ့်ခဲ့သော်လည်း တိုးတက်မှုသည် ၇.၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဒေါ်လာ ၃၅၂ ဘီလျံရှိခဲ့ကြောင်း သိရသည်။ ဟောင်ကောင်သည် ၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ ဒေါ်လာ ၃၆၃ ဘီလျံ ရှိခဲ့သော်လည်း စီးပွားရေးတိုးတက်မှုနှုန်းသည် သုံးရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်ဟု ဆိုသည်။

ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်သည်  တစ်နိုင်ငံ၊ စနစ်နှစ်မျိုး မူဘောင်နှင့် လည်ပတ်နေပြီး ပြည်မကြီး၌ မရနိုင်သော လွတ်လပ်မှု အခွင့်အရေးများကို ရရှိထားသည်။ စင်ကျင့်သည် တရုတ်၏ “မဟာတံတိုင်း” နောက်တွင်ရှိနေပြီး ကန့်သတ်မှုများနှင့် နေထိုင်ရသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှုများအရ စင်ကျင့်တွင် နေထိုင်၊ လုပ်ကိုင်သော ဟောင်ကောင်နှင့် မကာအိုမှသူများသည် ဒေသခံများအဖြစ် သတ်မှတ်ခံစားရမည် ဖြစ်သည်။                          

 

Most Read

Most Recent