တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲထားသည့် ဝန်ကြီးဌာနများအနေဖြင့် မည်သည့်အတွက် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်မှုအပေါ် ရှင်းလင်းတင်ပြရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲထားသည့် ဝန်ကြီးဌာနများအနေဖြင့် မည်သည့်အတွက် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်မှုအပေါ် ရှင်းလင်းတင်ပြရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
သြဂုတ်လ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအားတွေ့ရစဉ်
သြဂုတ်လ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအားတွေ့ရစဉ်
Published 16 August 2019
စိုးမင်းထိုက်၊ စည်သူ

တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲထားသည့် ဝန်ကြီးဌာနများအနေဖြင့် မည်သည့်အတွက်ကြောင့် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်မှုအပေါ် ရှင်းလင်းတင်ပြရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။

သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် သဘောထားမှတ်ချက် အစီရင်ခံစာအား ဆွေးနွေးစဉ် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက “နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါ လုပ်ထုံးလုပ်နည်း ၁/၂၀၁၇ နဲ့ ညီညွတ်မှုမရှိဘဲ သုံးစွဲထားတဲ့ ဌာနတွေကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဖြစ်တယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပါတယ်။ အဲဒီဌာနတွေအနေနဲ့ မည်သည့်အတွက်ကြောင့် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ရှင်းလင်းတင်ပြဖို့ လိုပါတယ်။ နောင်ဘဏ္ဍာနှစ်တွေမှာ ယခုကဲ့သို့ဖြစ်စဉ်မျိုး မရှိရအောင် ဆောင်ရွက်ဖို့ လိုအပ်သလို ဌာနအဖွဲ့အစည်း အားလုံးအနေနဲ့လည်း သမ္မတရုံးရဲ့ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ သမ္မတရုံး ရဲ့ ညွှန်ကြားချက်ဆိုတာ နိုင်ငံရဲ့အမြင့်ဆုံး အဖွဲ့အစည်းက ညွှန်ကြားထားတာဖြစ်လို့ ဒီလိုညွှန်ကြားချက်တွေကို တိကျစွာ မလိုက်နာဘဲ ဆောင်ရွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို ထိရောက်တဲ့ ပညာပေးမှုတွေ ပြုလုပ်ရန် လိုအပ်သလို ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်မှသာ အဂတိလိုက်စားမှု မလျော်သြဇာသုံးစွဲမှု၊ မမှန်မကန် ဆောင်ရွက်မှုတွေ လျော့နည်း ပပျောက်သွားမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အစီရင်ခံစာတွင် ဖော်ပြထားသည့် စီမံကိန်းလုပ်ငန်းများကို လုံးဝ အကောင်အထည် မဖော်နိုင်မှု၊ ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများကြောင့် ယင်းစီမံကိနး်များအတွက် လျာထားသည့် ဘတ်ဂျက်ငွေများကို မည်သို့ အသုံးပြုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ အကောင်အထည် မဖော်နိုင်သည့် လုပ်ငန်းများအတွက် အသုံးပြုရန် လျာထားသည့် ချေးငွေများ၊ ဘတ်ဂျက်ခွင့်ပြုငွေများကို မည်သည့်နေရာများတွင် သုံးစွဲနေသည်ကို သိလိုသောကြောင့် မေးမြန်းရခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အကောင်အထည် မဖော်နိုင်သည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရသကဲ့သို့ ပြန်အပ်ရသည့်အတွက် အဆိုပါငွေများကို အခြားနေရာများတွင်လည်း မသုံးစွဲရ၍ နိုင်ငံအတွက် များစွာ နစ်နာလှသည်ဟု သုံးသပ်မိကြောင်း ဒေါ်ချိုချိုက ဆွေးနွေးခဲ့သည်။

ထို့ပြင် ကျပ်ဘီလျံ ၅၀ ကျော်ကို သတ်မှတ်ကာလ ကျော်လွန်မှ ပြန်လည်အပ်နှံသည့်အတွက် နိုင်ငံအတွက် လိုအပ်သည့် အခြားစီမံကိန်းအတွက် သုံးစွဲနိုင်မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ စီမံကိန်းဝန်ကြီးဌာနမှ ဝန်ကြီးဌာနအသီးသီးကို သက်ဆိုင်ရာဘဏ္ဍာနှစ် မကုန်မီ ပိုလျှံငွေတွေကို ပြန်လည်အပ်နှံရန် နှစ်ကြိမ်ခန့် နှိုးဆော်ထားခဲ့ကြောင်း၊ ယင်းသို့ နှိုးဆော်ထားသော်လည်း ကျပ်ဘီလျံ ၅၀ ကျော် ပြန်လည်အပ်နှံသည့် ဌာနများအနေဖြင့် ညွှန်ကြားချက်ကို တိကျစွာလိုက်နာမှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်းအရသော် လည်းကောင်း၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရသော် လည်းကောင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် ဌာနများအနေဖြင့် တောင်းခံငွေကို ကုန်စင်အောင် သုံးစွဲရမည် ဖြစ်သော်လည်း တောင်းခံပြီးမှ မသုံးစွဲဖြစ်၍ ပြန်လည်အပ်နှံသည် ဆိုသည်မှာ လုပ်ထုံးလုပ်နည်း ဥပဒေများကို ချိုးဖောက်သည်ဟု သုံးသပ်မိကြောင်း၊ ယင်းသို့ပြန်အပ်သည့် အဖွဲ့အစည်းများအနေဖြင့် သတ်မှတ် လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာ အရေးယူ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြန်လည်အပ်နှံသည့် အဖွဲ့အစည်းများကို မှတ်သားထားပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံလာပါက ခွင့်ပြုရန်မသင့်ကြောင်း ဒေါ်ချိုချိုက ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent