မြန်မာနိုင်ငံသည် အာဆီယံဒေသ၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ပါဝင်နေခြင်းကြောင့် မိမိတို့၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုမြန်ရန်အတွက် လူငယ်လုပ်ငန်းရှင်များ၏ ဉာဏ်ပညာနှင့် အတွေးအခေါ်များကို အားကိုးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံသည် အာဆီယံဒေသ၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ပါဝင်နေခြင်းကြောင့် မိမိတို့၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုမြန်ရန်အတွက် လူငယ်လုပ်ငန်းရှင်များ၏ ဉာဏ်ပညာနှင့် အတွေးအခေါ်များကို အားကိုးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ်
Published 14 August 2019
နေရိုင်း၊ အောင်မင်းသိန်း

မြန်မာနိုင်ငံသည် အာဆီယံဒေသ၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထဲတွင် ပါဝင်နေခြင်းကြောင့် မိမိတို့၏ ဖွံ့ဖြိုးမှုနှင့်တိုးတက်မှု မြန်ရန်အတွက် လူငယ်လုပ်ငန်းရှင်များ၏ ဉာဏ်ပညာနှင့် အတွေးအခေါ်များကိုအားကိုးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ အခမ်းအနားအစီအစဉ် အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ဟာ လူငယ်လုပ်ငန်းရှင်များရဲ့ ကဏ္ဍကို အလေးထားပါတယ်။ ကျွန်မတို့နိုင်ငံဟာ အာဆီယံဒေသမှာဆိုလို့ရှိရင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံထဲမှာ ပါနေပါတယ်။  ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးမှု၊ တိုးတက်မှုမြန်ဖို့ အတွက်ဆိုလို့ရှိရင် လူငယ်လုပ်ငန်းရှင်များကို ကျွန်မတို့အားကိုးပါတယ်။ လူငယ်လုပ်ငန်းရှင်များကို အားကိုးရတယ်ဆိုတဲ့အကြောင်းကလည်း စီးပွားရေးတင်မက တီထွင်နိုင်တဲ့နေရာမှာ၊ ဆန်းသစ်တီထွင်တဲ့နေရာမှာ လူငယ်တွေရဲ့ ဉာဏ်ပညာ၊ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ကျွန်မတို့ အားကိုးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုအချိန်မျိုးမှာဆိုလို့ရှိရင် ကျွန်မတို့ရဲ့ လူငယ်လုပ်ငန်းရှင်များ တီထွင်နိုင်တဲ့အရည်အသွေးတွေ၊ ဉာဏ်တွေကို ဖွံ့ဖြိုးဖို့အတွက် အားပေးဖို့နေ့တစ်နေ့လည်း ဖြစ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိအချိန်သည် စတုတ္ထမြောက်နည်းပညာတော်လှန်ရေးစနေပြီဆို၍ ကမ္ဘာက သတ်မှတ်ထားပြီး စတုတ္ထမြောက် နည်းပညာတော်လှန်ရေး၏ အကျိုးဆက်များ၊ အကျိုးကောင်းများကို နိုင်ငံအတော်များများက စောင့်ကြည့်နေပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီနည်းပညာတော်လှန်ရေးရဲ့ ဆိုးကျိုးတွေလည်းရှိတယ်ဆိုတာကို ကျွန်မတို့ မမေ့သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကျိုးဆိုးကျိုး အကျိုးနှစ်ခုစလုံးဟာ ဘာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတာပဲ။ ဒီအထဲမှာ ကျွန်မတို့ကနေပြီးတော့ ကောင်းကျိုးတွေကိုပဲ ဦးစားပေးပြီးကြည့်မယ်ဆိုလို့ရှိရင် ဆိုးကျိုးတွေကို ဂရုမစိုက်ဘဲ သူ့ဘာသူ ပျောက်သွားမှာပဲလို့ထင်လို့ရှိရင် မှားပါတယ်။ ဆိုးကျိုးတွေ ပျောက်သွားဖို့ဆိုတာလည်း ကျွန်မတို့ကြိုးစားရပါမယ်။ ကောင်းကျိုးတွေက ပိုပြီးတော့ ရှင်သန်လာဖို့ဆိုတာလည်း ကျွန်မတို့ကြိုးစားရပါမယ်။ ကျွန်မတို့ရဲ့ နည်းပညာတော်လှန်ရေးခေတ်ကြီးထဲမှာ လူသားတွေရဲ့ အရည်အသွေး၊ လူသားတွေရဲ့ အရေးပါမှုတွေကို  နည်းနည်းများ ကျွန်မတို့ဂရုစိုက်တဲ့နေရာမှာ အားနည်းလာသလားလို့ စဉ်းစားစေချင်ပါတယ်”ဟု ပြောကြားသည်။

မိမိတို့၏ အဓိကထားရမည့်အချက်သည် လူအချင်းချင်းဆက်ဆံရေးပါဝင်ပြီး ယင်းအချက်ကိုအဓိကထား၍ လုပ်ဆောင်မှသာ မိမိတို့၏ ကမ္ဘာကြီးသည် အမှန်တကယ်တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံးသည် အခြားသူများ၏ လိုအပ်ချက်အပေါ်မှီခို၍ ရှင်သန်နေရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့အားလုံးဟာ အခြားလူများ ဆန္ဒများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း အားဖြင့်သာ အဓိပ္ပာယ်ရှိရှိနဲ့ ရှင်သန်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီဟာက ကျွန်မတို့ရဲ့စီးပွားရေးကဏ္ဍမှာ လည်းဒီလိုပါပဲ။ ကျွန်မတို့ စီးပွားရေး အောင်မြင်အောင်လုပ်တယ်ဆိုတာဟာ အခြားလူတွေဘာတွေ လိုအပ်ချက်ရှိတယ်။ ဘာတွေကို လိုအပ်တယ်ဆိုတာကို ပထမဦးဆုံးကြည့်ဖို့ လိုပါတယ်။ ဘယ်သူကမှ မလိုအပ်တဲ့ အရာတွေကိုထုတ်လို့၊ ဘယ်သူကမှ မလိုအပ်တဲ့ကိစ္စတွေကို လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မတို့ စီးပွားရေးအောင်မြင်မှုဆိုတာ မရှိနိုင်ပါဘူး။ နိုင်ငံတစ် နိုင်ငံရဲ့ တိုးတက်မှုဆိုတာလည်း ဒီလိုပါပဲ။ ကျွန်မတို့နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း အားဖြင့်သာ ကျွန်မတို့ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒေသအတွင်းမှာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံမှုဆိုတာလည်း ဒီလိုပဲ စိတ်ထားနဲ့ရှင်သန်သွားရမှာပါ” ဟု ပြောကြားသည်။

မိမိတို့အားလုံးသည် လက်တွဲဖော်နိုင်ငံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းအားဖြင့် ရှင်သန်သွားနိုင်မည်ဆိုပါက နိုင်ငံများအကြား ပိုမိုတိုးတက်သည့် ဆက်ဆံရေးဖြစ်လာပြီး အချင်းချင်းကူညီ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အနေအထားများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်မှန်းချက်သည် မဲခေါင်ဒေသနိုင်ငံများ၏ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပြီး အဓိကအားဖြင့် ဂျပန်နိုင်ငံအနေဖြင့် မဲခေါင်ဒေသအတွင်းရှိ အရှေ့-  အနောက် စီးပွားရေးစင်္ကြံ (East  -West Economic Corridor) ၊ တောင်ပိုင်းစီးပွားရေးစင်္ကြံ (Southern Economic Corridor ) များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သည့် စီမံကိန်းများကို ငွေကြေးထောက်ပံ့မှုများပြုလုပ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂၀၁၉ ဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent