ရေရှည်တည်တံ့ခိုင်မြဲသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပေါ်ပေါက်လာရန် JMC တစ်ခုတည်း ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ပံ့ပိုးမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း JMC –U ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

ရေရှည်တည်တံ့ခိုင်မြဲသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပေါ်ပေါက်လာရန် JMC တစ်ခုတည်း ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ပံ့ပိုးမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း JMC –U ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
JMC ဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းခြင်း အခမ်းအနားကို သြဂုတ် ၁၄ ရက်က Lotte ဟိုတယ်တွင် ပြုလုပ်စဉ်
JMC ဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းခြင်း အခမ်းအနားကို သြဂုတ် ၁၄ ရက်က Lotte ဟိုတယ်တွင် ပြုလုပ်စဉ်
Published 14 August 2019
မင်းနိုင်စိုး

ရေရှည်တည်တံ့ခိုင်မြဲသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပေါ်ပေါက်လာရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တစ်ခုတည်း ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးက ပူးပေါင်းပါဝင်ပံ့ပိုးမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးက ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းစဉ်ရှင်းလင်းပွဲကို သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Lotte ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် JMC –U ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပေါ်ပေါက်လာစေဖို့ ဆိုတာဟာ ကျွန်တော်တို့ JMC တစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ တကယ်တော့ အကောင်အထည်ဖော်မှုတွေမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပါဝင် ပံ့ပိုးမှလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်းနေမှုအပေါ်တွင် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြစိတ်များ လျော့ပါးလာစေရန်အတွက် အရပ်သား ကိုယ်စားလှယ်များက ဦးဆောင်၍ လူထုတွေ့ဆုံရှင်းလင်းပွဲများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း JMC ဆိုင်ရာ သင်တန်းများနှင့် ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်တွင် JMC အဆင့်ဆင့်တွင်ရှိသော ကော်မတီဝင်များအကြား ရင်းနှီးမှုနှင့်ယုံကြည်မှုများ အတိုင်းအတာတစ်ခုအထိ တည်ဆောက်ထားနိုင်ပြီဖြစ်ပြီး ထိုသို့ရရှိထားပြီးသော ယုံကြည်မှုများ မပြိုပျက်စေရေးနှင့် ယုံကြည်မှုများ ပိုမိုမြင့်မားလာစေရေးအတွက် JMC အနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်နေကြောင်းနှင့် သို့မှသာ ပြည်သူလူထုနှင့် အရပ်ဘက် အဖွဲ့အစည်းများကလည်း JMC ၏ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် လာနိုင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ယုံကြည်မှုရရှိဖို့အတွက် နှစ်ပေါင်းများစွာ တည်ဆောက်ရပေမယ့်လို့ အခန့်မသင့်ရင် တစ်နေ့တည်း၊ တစ်ရက်တည်းနဲ့ ပြိုပျက်သွားနိုင်တယ်ဆိုတဲ့ သဘောသဘာဝကိုလည်း ကျွန်တော်တို့ သတိကြီးစွာ ထားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာလေး အသိပေး ပြောကြားလိုပါတယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။

JMC အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ယာယီ ရပ်ဆိုင်းနေသည့်အတွက် ယခုပြုလုပ်သည့် JMC လုပ်ငန်းစဉ် ရှင်းလင်းပွဲကို အရပ်သား ကိုယ်စားလှယ်များက ဦးဆောင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခင်ကမူ JMC ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကသာ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကော်မတီဝင် သူရဦးဘိုနီက JMC ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုပုံစံ ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ကော်မတီဝင် သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက JMC အရပ်သား ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍဟူသော ခေါင်းစဉ်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

JMC အရပ်သား ကိုယ်စားလှယ်များက ဦးဆောင်ပြုလုပ်သည့် ယခုရှင်းလင်းပွဲသို့ JMC အဆင့်ဆင့်မှ အရပ်သားကိုယ်စားလှယ်များ၊ အစိုးရ၏ ငြိမ်းချမ်းရေးယန္တရားများမှ ကိုယ်စားလှယ်များ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံတမန်များ၊ အလှူရှင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent