ပုဂ္ဂလိကကျောင်းများကို ပညာရေးဝန်ကြီးဌာန လက်အောက်၌ မထားဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက်တွင် အမြတ်အစွန်းအခြေပြု ဖွင့်ခွင့်ပေးထားခြင်းသည် မှားယွင်းသည့်စနစ်ဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ပုဂ္ဂလိကကျောင်းများကို ပညာရေးဝန်ကြီးဌာန လက်အောက်၌ မထားဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက်တွင် အမြတ်အစွန်းအခြေပြု ဖွင့်ခွင့်ပေးထားခြင်းသည် မှားယွင်းသည့်စနစ်ဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 14 August 2019
စိုးမင်းထိုက်

ပုဂ္ဂလိကကျောင်းများကို ပညာရေးဝန်ကြီးဌာန လက်အောက်၌မထားဘဲ ကုမ္ပဏီများကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက်တွင် အမြတ်အစွန်းအခြေပြု ဖွင့်ခွင့်ပေးထားခြင်းသည် မှားယွင်းသည့်စနစ် တစ်ခုဖြစ်နေဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ဝေဖန်ပြောကြားသည်။

သြဂုတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး တင်သွင်းထားသည့် နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသည့် ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေး အကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် အဆိုအား ဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက “အခုလက်ရှိ ဖွင့်လှစ်သင်ကြားနေတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်များရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပြည်ပတက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းကို ယူပြီးတော့မှ ဘွဲ့တွေ ပေးနေတာ ဖြစ်ပါတယ်။ အဲဒီလိုချိတ်ဆက် ဆောင်ရွက်ရာမှာလည်း မှန်ကန်မှုရှိသလို တချို့ကလည်း သက်ဆိုင်ရာနိုင်ငံတွေမှာ အသိအမှတ်ပြုထားတာ မတွေ့ရပါဘူး။ ငွေကုန်ကြေးကျမှု များစွာရှိပြီးတော့ အရာမရောက်တာလည်း များစွာဖြစ်နေပါတယ်။ အထူးသဖြင့်ကတော့ ကုမ္ပဏီကဲ့သို့ အခြေခံပြီး တည်ထောင်ထားတဲ့၊ အမြတ်အစွန်းကိုပဲ အဓိကထားတဲ့ ကျောင်းတွေဖြစ်ပါတယ်။ ယင်းကျောင်းတွေအတွက် အရည်အသွေး ပြဋ္ဌာန်းချက်များအား စိစစ်မှုမရှိတဲ့အတွက် အချိန်ကုန်လူပန်း၊ ပိုက်ဆံကုန် အကျိုးမရှိတာ ဖြစ်နေပါတယ်။ ပုဂ္ဂလိကကျောင်းတွေကိုလည်း ပညာရေးဌာနအောက်မှာ မဟုတ်ဘဲနဲ့ ကုမ္ပဏီတွေလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက်မှာ အမြတ်အစွန်း အခြေပြု ဖွင့်ခွင့်ပေးတာကလည်း မှားယွင်းတဲ့စနစ် တစ်ခုဖြစ်နေပြီးတော့ နစ်နာသူတွေဟာ ကျွန်မတို့ရဲ့ နိုင်ငံသားတွေ ဖြစ်နေပါတယ်။ ကျောင်းစရိတ်တွေကို ပုံအောပေးပြီးတော့မှ ကျောင်းဖွင့်သင်ကြားခြင်း မရှိဘဲ ငွေယူကာ ထွက်ပြေးနေတာဟာလည်း မကြားချင်မှအဆုံး ဖြစ်နေပါတယ်။ နောက်တစ်ခုက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ဖွင့်လိုပါက မှတ်ပုံတင်ခြင်းကို စည်ပင်မှာ မှတ်ပုံတင်ခွင့် ပေးပြီးတော့ စည်ပင်ကလည်း ပညာရေးဝန်ကြီးဌာနရဲ့ ထောက်ခံစာ ယူခိုင်းသော်လည်း ဥပဒေမှာ မပါတဲ့အတွက်ကြောင့် ပညာရေးဝန်ကြီးဌာနဟာ ထောက်ခံမှု မပေးနိုင်ဘဲနဲ့ ကန့်ကွက်ရန်မရှိဆိုတဲ့ မှတ်ချက်ကိုသာ ပေးနိုင်ခွင့်ရှိခြင်းဟာလည်း တာဝန်ယူမှု တာဝန်ခံတဲ့ ဌာနမရှိသလို ဖြစ်နေပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ပုဂ္ဂလိက ပညာရေးဥပဒေ မထွက်သေးသည့်အတွက် အမျိုးသား ပညာရေးမူဝါဒကော်မရှင်အနေဖြင့် အစည်းအဝေးများ ကျင်းပပြီး တိုင်ပင်ရသည်ဟု သိရကြောင်း၊ ထို့အတွက် ပုဂ္ဂလိက ပညာရေးဥပဒေသည် အလျင်အမြန် ပေါ်ထွက်ရန် လိုအပ်နေကြောင်း၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်မှ ပညာရေးကော်မတီများ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရန် လိုအပ်လျက် ရှိကြောင်း၊ တိကျသည့်ဥပဒေ၊ မူဝါဒများ မရှိသည့်အတွက်ကြောင့် နိုင်ငံတကာ အသိအမှတ်ပြု အမှန်အကန် တက္ကသိုလ်များသည် ဖွင့်လှစ်ရန် အခက်အခဲ များစွာရှိနေပြီး နည်းလမ်းမရှိသကဲ့သို့ ဖြစ်နေကြောင်း၊ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်များကို ကြီးကြပ်စစ်ဆေးရန် အဆင့်မြင့်ပညာရေးကဏ္ဍ တစ်ခုလုံးကို ဥပဒေမူဝါဒများကို အားလုံးပါဝင် ပူးပေါင်းမှုဖြင့် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေကြောင်း၊ ယင်းသို့ ရေးဆွဲရာတွင်လည်း စံချိန်စံညွှန်းများသည် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများအတွက် အကျုံးဝင်ရန် လိုအပ်ကြောင်း၊ အသိအမှတ်ပြု အရည်အသွေး စစ်ဆေးရာတွင် ပုဂ္ဂလိကတက္ကသိုလ်များကို သတ်မှတ်ရန်နှင့် အစိုးရတက္ကသိုလ်များကို စစ်ဆေးရာတွင် ၎င်းအတိုင်း အသိအမှတ်ပြုပေးရမည် ဖြစ်ကြောင်း၊ စံချိန်စံညွှန်းများသည် ပုဂ္ဂလိက တက္ကသိုလ်များက သတ်သတ်၊ အစိုးရတက္ကသိုလ်များမှ သတ်သတ်ဆိုပါက ရေရှည်အလုပ်ဖြစ်ရန် ခက်ခဲနေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ် ဖွင့်လှစ်နေတဲ့ မူကြိုကျောင်းတွေဟာလည်း ရှင်းလင်းမှုမရှိပဲ ဖြစ်နေပါတယ်။ အဆင့်မြင့် ကျောင်းတွေနဲ့ တွဲဘက်ဖွင့်နေတဲ့ ပုဂ္ဂလိက မူကြိုကျောင်းတွေဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ဖွင့်ခွင့်ပေးထားပြီးတော့ လူကယ်ပြန်ကနေ ဖွင့်လှစ်ထားတဲ့ အစိုးရမူကြိုကျောင်းများလည်း ရှိနေပါတယ်။ ရပ်ရွာအခြေပြု၊ ဘာသာရေး၊ လူမှုရေးအခြေပြုဆိုတဲ့ မူကြိုကျောင်းတွေကတော့ လူကယ်ပြန်ဌာနမှာ မှတ်ပုံတင်ထားပြီးတော့ ဖွင့်လှစ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပုံစံအမျိုးမျိုး၊ စံချိန်အမျိုးမျိုး ဖြစ်နေပါတယ်။ တစ်နေရာတစ်မျိုး ဖြစ်နေပြန်ပါတယ်။ မူကြိုကျောင်းတွေဟာ ပညာရေး အခြေခံအုတ်မြစ်ကို ကောင်းစွာ ချမှတ်ရတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် ပညာရေးဝန်ကြီးဌာန အောက်မှာသာ ဖြစ်သင့်ပါတယ်။ ဒါမှသာ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်တော့ဘဲ ကလေးများအတွက် တိကျသေချာတဲ့ ပညာရေးအခြေခံကို ပေးနိုင်မှာ ဖြစ်ပါတယ်။ မကြာခင်က ဖြစ်သွားတဲ့  Wisdom Hill လို ကိစ္စကလည်း ထိန်းချုပ်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။   

Most Read

Most Recent