မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေးစွန်ပါတောင်တက်လမ်းအနီး တောင်ပြိုမှု ဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေးစွန်ပါတောင်တက်လမ်းအနီး တောင်ပြိုမှု ဖြစ်ပွား
Published 12 August 2019

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ အနီးရှိ ရှေးဟောင်းသမိုင်းဝင် ဒေးစွန်ပါစေတီရှိသော ဒေးစွန်ပါ တောင်တက်လမ်းတွင် သြဂုတ်လ ၁၁ ရက်နံနက်ပိုင်းက တောင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးရှိ စံတော်ရှင် ဒေးစွန်ပါစေတီ တည်ထားကိုးကွယ်သော ဒေးစွန်ပါတောင် အနီးတွင် ဒေးစွန်ပါတောင်ကို ဝန်းရံနေသော တောင်ပေါင်း ၂၀ ရှိပြီး ယခုပြိုကျသောတောင်မှာ ဒေးစွန်ပါတောင်နှင့် ပေ ၆၀၀ ခန့်သာ ကွာဝေးသော မာန်လျှော့တောင်ဖြစ်၍ တောင်ပေါ်တွင် နဂါးရုံဘုရားတစ်ဆူ တည်ဆောက်နေချိန် ပြိုကျခြင်းဖြစ်ကြောင်း သိရသည်။

တောင်ပြိုကျမှုကြောင့် နဂါးရုံဘုရားကို ထိခိုက်ပျက်စီးခြင်း မရှိသော်လည်း တောင်ပေါ်သို့ သွယ်တန်းထားသော မီးကြိုးနှင့် ဓာတ်တိုင်များ ပျက်စီးဆုံးရှုံးခဲ့ပြီး မာန်လျှော့တောင်မှာ ဒေးစွန်ပါတောင်တက်လမ်းတွင် တည်ရှိ၍ ဒေးစွန်ပါတောင်၏ ကြံ့ခိုင်ရေးအတွက်ပါ စိုးရိမ်စရာဖြစ်ကြောင်း သိရသည်။

“ဒီနားကတောင်တွေက မြေသားတောင်တွေဆိုတော့ မိုးများရင် စိုးရိမ်ရပါတယ်။ ပြိုတာက ၁၁ ရက်နေ့ နံနက် ၆ နာရီလောက်ကပါ။ နဂါးရုံဘုရားလည်း တည်နေချိန် ဘုရားတည်နေတာက မပြီးသေးဘူး။ ဘုရားကတော့ ပြိုတဲ့အထဲမပါဘူး။ ဓာတ်တိုင်တွေ မီးကြိုးတွေပျက်တော့ အလုပ်လည်း ဆက်လုပ်မရတော့ဘူး။ ဒေးစွန်ပါတောင်ရဲ့ အရံတောင်ပေါ့။ ဒေးစွန်ပါ တောင်တက်လမ်းနဲ့ ကပ်ရပ်လေးမှာပြိုတာ။ လမ်းကတော့ ပါမသွားဘူး။ ဒေးစွန်ပါတောင်လည်း မြေသားတောင်ဆိုတော့ မိုးများတဲ့အချိန်မှာ မြေပြိုတာတို့တော့ရှိတယ်။ နှစ်တိုင်းမြေသားနံရံတွေထိန်းတာ လုပ်ဆောင်နေရတယ်” ဟုဒေသခံ ဒေးစွန်ပါတောင်ပေါ်ရှိ ကိုရဲမင်းဆိုသူမှ ပြောကြားသည်။

ဒေးစွန်ပါဘုရားသည် ပဲခူးမြို့မြောက်ဘက် ဝမ်းဘဲအင်းရွာမှ အနောက်ဘက် တစ်မိုင်ခန့်ရှိ ဒေးစွန်ပါတောင်ပေါ်တွင် တည်ရှိပြီး ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်ကာ လာရောက်ဖူးမျှော်သူ များပြားသော ဘုရားတစ်ဆူဖြစ်၍ ရေရှည်တည်တန့်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှှုများ လိုအပ်နေကြောင်း သိရသည်။