အိမ်ရာငွေကြေး ရာခိုင်နှုန်း ၃၀ ကို ပေးဖို့ခက်နေတဲ့ ပြည်သူတွေ၊ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ထုတ်ပြန်ခံရတဲ့ မြန်မာ့ထိပ်တန်းကုမ္ပဏီ

အိမ်ရာငွေကြေး ရာခိုင်နှုန်း ၃၀ ကို ပေးဖို့ခက်နေတဲ့ ပြည်သူတွေ၊ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ထုတ်ပြန်ခံရတဲ့ မြန်မာ့ထိပ်တန်းကုမ္ပဏီ
ဒုတိယအသုတ်အဖြစ် အိမ်ခန်းများကို ဇွန် ၄ ရက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ မဲနှိုက်ရောင်းချ နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ဒုတိယအသုတ်အဖြစ် အိမ်ခန်းများကို ဇွန် ၄ ရက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ မဲနှိုက်ရောင်းချ နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 11 August 2019
ဖြိုးဝေ

အိမ်ရာငွေကြေး ရာခိုင်နှုန်း ၃၀ ကိုပေးဖို့ခက်နေတဲ့ ပြည်သူတွေ

အစိုးရက ဦးဆောင်ဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေဟာ ကျပ်သိန်း ၁၀၀ လောက်ပဲရှိပြီး အဲဒီအတွက် ဘဏ်မှာ ၂၀ ရာ ခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် ငွေစုထားနိုင်ရင်ကို အခန်းတွေ ရောင်းချချိန်မှာ လျှောက်ထားပြီး ဝယ်ယူနိုင်မှာဖြစ်ပေမဲ့ လက်တွေ့မှာတော့ ထင်သလိုမဖြစ်တဲ့ အခြေအနေပါ။ ဘာကြောင့်လဲဆိုရင် တကယ်ကို နေစရာမရှိတဲ့ ပြည်သူတွေက ကျပ်သိန်း ၂၀၊ ၃၀ လောက်ကို ဘဏ်မှာ ကြိုသွင်းပြီး အချိန်ပေး တန်းစီစောင့်ဖို့လည်း ငွေမရှိကြလို့ပါ။

“အိမ်ခန်းလေး ၁၀၀၀ လောက်ကို အစိုးရက ဒါလေးကို အမှန်တကယ် သုံးစွဲတဲ့သူတွေ လက်ထဲရောက်အောင် ရောင်းပေးဖို့ဆိုပြီး ကျွန်တော်တို့ ကော်မတီကို ဖွဲ့ပေးတယ်။ အဲဒါလေးကို ဘက်ပေါင်းစုံက လူတန်းစာတွေရော၊ ဝင်ငွေတွေရော အဆင့်ဆင့်လေ့လာပြီး ရောင်းတဲ့အခါ နှစ်ကြိမ်ရောင်းတာကိုပဲ ရာခိုင်နှုန်း ၅၀ အထက်ပဲ ရောင်းထွက်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောကြားပါတယ်။

တိုက်ခန်းလေး ၁၀၀၀ လောက် ရောင်းပေးတာကို ၅၀၀ လောက်ပဲ ရောင်းရတယ် ဆိုတာက နေစရာတွေရှိလို့ မဟုတ်ဘဲ ဝယ်စရာငွေ မရှိတာပါ။

“ရောင်းမယ်ဆိုရင် တိုက်ခန်းလေး ၁၀၀၀ လောက်မှာ သိန်း ၁၀၀ တန်၊ သိန်း ၉၀ တန် ပါတာတောင်မှ ကျွန်တော်တို့မှာ ကုန်အောင်မထုတ်နိုင်သေးဘူး ဖြစ်နေတယ်။ တစ်နှစ်ကျော်ပြီ။ နှစ်ကြိမ်ထုတ်ရောင်းပြီးပြီ။ အကျန်မရှိအောင် ဘယ်လိုလုပ်မလဲ ဆွေးနွေးချက်တွေရှိတယ်။ သို့သော် ဝယ်နိုင်လောက်တဲ့ပမာဏ၊ ၂၀ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်း ကနဦး ပေးသွင်းငွေ ပေးသွင်းဖို့တောင် အလွန်ခဲယဉ်းနေတာကိုလည်း တကယ့် မြေပြင်မှာ တွေ့နေရတယ်” လို့ ဦးသာအောင်က ပြောကြားပါတယ်။

အမှန်တကယ် နေစရာမရှိတဲ့ ပြည်သူတွေက ဒီလိုမျိုး ကျပ်သိန်း ၂၀၊ ၃၀ လောက်တောင် ပေးသွင်းစရာ မရှိတဲ့အတွက် အစိုးရအနေနဲ့ တကယ်နေစရာ မရှိတဲ့သူတွေကို နေအိမ်တိုက်ခန်း ပိုင်ဆိုင်စေချင်တယ်ဆိုရင် လက်ရှိ တန်ဖိုးနည်း တိုက်ခန်းမူဝါဒကို ပြန်လည်သုံးသပ်ပြီး အငှားအိမ်ရာဆိုတဲ့ အခြေအနေကို ပြန်ပြီးစဉ်းစားဖို့ လိုအပ်မှာပါ။ 

လက်ရှိအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်တွေအတွက် ဒဂုံလေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ် အတွင်းမှာ တစ်မြို့နယ်ကို အိမ်ရာတစ်သောင်းလောက် တည်ဆောက်ပေးမယ် ပြောနေပေမဲ့ တကယ်တမ်းမှာ နေစရာမရှိတဲ့ ကျုးကျော်မဟုတ်သူ အခြေခံ လူတန်းစားတွေအတွက် ထည့်သွင်းစဉ်းစား ပေးထားတဲ့ အခြေအနေကို လက်ရှိအချိန်အထိ တွေ့ရှိရမှု မရှိတာကြောင့် ဘဏ်ထဲမှာ သိန်း ၂၀၊ သိန်း ၃၀ ကိုလည်း ထည့်မထားနိုင်၊ ကျူးကျော်အဖြစ်လည်း မနေရဲနဲ့ အိမ်ငှားအဖြစ် ကျင်လည်နေရတဲ့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေရဲ့ ဘဝနေရေးကိုလည်း တွေးပေးပါဦးလို့ပဲ ပြောရမှာပါ။

စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ထုတ်ပြန်ခံရတဲ့ မြန်မာ့ထိပ်တန်းကုမ္ပဏီတွေ

ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးမစ်ရှင် (Fact Finding Mission) က သြဂုတ် ၅ ရက်မှာ အ့ံသြဖွယ်ရာ ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ မက်စ်မြန်မာအုပ်စုနဲ့ ကမ္ဘောဇအုပ်စု အပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) စတဲ့ မြန်မာ့ထိပ်တန်း ကုမ္ပဏီတွေကို မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာဖို့ ငွေကြေးထောက်ပံ့ခဲ့တာနဲ့ ဒီလိုခြံစည်းရိုး ကာရံထားခြင်းဖြင့် အိုးအိမ်မဲ့ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) တွေကို သူတို့ရဲ့ နေအိမ်နဲ့ ဇာတိမြေဆီ ပြန်မလာနိုင်စေဖို့ တားဆီးခြင်းကတစ်ဆင့် ဘင်္ဂါလီတွေကို ပူပန်သောကနဲ့ စိတ်ဆင်းရဲမှုတွေ ဆက်လက်ခံစားရစေဖို့ ပံ့ပိုးခဲ့ရာ ရောက်တာကြောင့် စုံစမ်းစစ်ဆေးပြီး လိုအပ်ရင် ရာဇဝတ်ကြောင်းအရ အရေးယူပေးဖို့ ထုတ်ပြန်ခဲ့တာပါ။ ခိုးဝင်အန္တရာယ်ကြောင့် ကိုယ့်နိုင်ငံ၊ ကိုယ့်ခြံစည်းရိုး လုံခြုံအောင် ကာရံဖို့ ငွေလှူတာကို ရာဇဝတ်ကြောင်းအရ အရေးယူဖို့ ထုတ်ပြန်ခဲ့တာဟာ ကုလသမဂ္ဂ FFM ရဲ့ သေးနုတ်တဲ့ စွပ်စွဲချက်သာဖြစ်ပြီး တကယ်တမ်းမှာ မြန်မာ့ထိပ်တန်း ကုမ္ပဏီတွေက ငွေလှူတာကလည်း တပ်မတော်ကို မဟုတ်ဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ FFM ဟာ မြန်မာနိုင်ငံအပေါ် စေတနာမှန်ကန်မှု မရှိဘဲ ဘက်လိုက်တဲ့ စုံစမ်းမှုနဲ့ မှားယွင်းတဲ့ အချက်အလက်အပြည့် ထုတ်ပြန်ချက်တွေထုတ်ပြီး နိုင်ငံတကာ မျက်နှာစာမှာ မြန်မာကုမ္ပဏီတွေကို ရာဇဝတ်သားတွေသဖွယ် ထင်မြင်လာအောင် ကြံရွယ်ချက်ရှိရှိ လုပ်ဆောင်တာဟာ စိတ်ပျက်စရာ အခြေအနေပါ။ ဒီလိုမှားယွင်းတဲ့ အခြေအနေတွေနဲ့ မပြည့်စုံဘဲ တစ်ဖက်သတ် စွပ်စွဲချက် အပြည့်နဲ့ မြန်မာနိုင်ငံနဲ့ မြန်မာ့ထိပ်တန်း ကုမ္ပဏီတွေ ဒုက္ခရောက်ရင်ပြီးရော ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို UMFCCI က ကန့်ကွက်ခဲ့သလို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း FFM ရဲ့ ဆောင်ရွက်ချက်တွေဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်တာဖြစ်လို့ FFM ကိုရော သူ့ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာကိုရော အသိအမှတ်ပြု လက်ခံမှာ မဟုတ်သလို ဒီအစီရင်ခံစာကို ပြတ်ပြတ်သားသား ပယ်ချတယ်လို့ သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ထိပ်တန်းကုမ္ပဏီတွေ ငွေလှူဒါန်းခဲ့တဲ့ UEHRD ကလည်း FFM ရဲ့ ၂၀၁၉ ခုနှစ် သြဂုတ် ၅ ရက်ထုတ် “မြန်မာ့တပ်မတော်၏ စီးပွားရေး အကျိုးစီးပွားများ” ဆိုတဲ့ အစီရင်ခံစာကို တိကျပြတ်သားစွာ ပယ်ချတယ်လို့ ထုတ်ပြန်ခဲ့ရပါတယ်။ 

 

Most Read

Most Recent