မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုတွင် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး ရာသီဥတုဆိုးရွားပါက ဆက်ပြိုနိုင်ဟု သိရ

မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုတွင် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး ရာသီဥတုဆိုးရွားပါက ဆက်ပြိုနိုင်ဟု သိရ
■ ဓာတ်ပုံ - အောင်မျိုးသန့်
■ ဓာတ်ပုံ - အောင်မျိုးသန့်
Published 10 August 2019
ဘိုဘိုမြင့်၊ နေမျိုးဝင်း

မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ခဲ့သည့် ပေါင်မြို ့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုတွင် သေဆုံးသူ ၃၇ ဦးအထိရှိလာပြီး ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ရာသီဥတုဆိုးရွားပါက ဆက်ပြိုနိုင်ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောကြားသည်။

"ဒီနေရာက ရာသီဥတုဆိုးရွားရင် ဆက်ပြိုနိုင်တယ်။ လက်ရှိအခြေ အနေမှာတော့ ပြိုမလား မပြိုဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြော နိုင်ဘူး။ ပညာရှင်တွေနဲ့ သေချာမတိုင်းရသေးဘူး။ လောလောဆယ် ကတော့ ကယ်ဆယ်ရေးတွေပဲ လုပ်နေရသေးတယ်" ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောကြားသည်။

မလတ်တောင်ပြိုကျသည့်နေရာကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ် ထားကြောင်း၊ အချိန်မရွေးထပ်ပြိုလာနိုင်သည့်အတွက် သတိပေး နှိုးဆော်မှုများ ဆောင်ရွက်နေကြောင်း၊ ဘုရားပွဲကြည့်သလို ဝိုင်းအုံပြီး ကြည့်ရှုနေကြခြင်းသည် ကူညီရာမရောက်ဘဲ ကယ်ဆယ်ရေးအဖွဲ ့များကို လုပ်ငန်းနှောင့်နှေးအောင် လုပ်နေသလိုဖြစ်နေကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ၄င်း၏  Facebook စာမျက်နှာတွင် သြဂုတ် ၁၀ ရက် ညနေပိုင်းက မေတ္တာရပ်ခံ ရေးသားထား သည်ကို တွေ့ရသည်။

လက်ရှိတွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပြီး ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်း၍ ဒုက္ခရောက်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“ဆက်ပြီးတော့လည်း ရှာဖွေရေးတွေလုပ်နေပါတယ်။ ဒဏ်ရာရသူက ၄၃ ဦးရှိပါတယ်" ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မြေပြိုမှုနှင့် ပတ်သက်၍ ဆေးရုံတက်နေသည့် လူနာများကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း ဒုတိယသမ္မတ၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးတို့ရောက်လာပြီး အဓိက မြေပြိုကျမှုဖြစ် စဉ်ကို ကြည့်ရှုကာ မည်သို့ကူညီဆောင်ရွက်ပေးရမည်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၊ လူကယ်ပြန်ဝန်ကြီးဌာနနှင့် မိမိတို့ ပြည်နယ်အစိုးရပူးပေါင်းပြီး ကူညီထောက်ပံ့မှုများဆောင်ရွက်ပေး မည်ဖြစ်ကြောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက်ကိုလည်း ပြည်နယ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။

“ကျွန်တော်က ကရင်ပြည်နယ် ဘားအံမြို့က ကော့ကြိုက်ကျေးရွာ မှာ နေထိုင်တယ်။ မနက် ၈ နာရီလောက်မှာ ကျွန်တော့်မိတ်ဆွေတစ် ယောက်က ဖုန်းဆက်တယ်။ ကျွန်တော့် ဦးလေးတွေ မိသားစုတစ်စုလုံး ကျွန်တော့် ညီအရင်းတစ်ယောက်ပါ ပါတယ်။ မြေတွေနဲ့ အားလုံးဟာ မြေတွေနဲ့ပိသွားတယ်ပေါ့။ အလောင်းပဲပြန်ဖော်ရတော့မှာပေါ့့။ ကျွန့်တော့် ညီတစ်ယောက်၊ ကျွန်တော့်ဦးလေးမိသားစုက ခုနစ်ယောက် အားလုံး ပေါင်းရှစ်ယောက်။ အခုအချိန်အထိ အလောင်းတစ်ယောက်မှ မပေါ်သေးဘူး" ဟု မြေပိသည့်ဖြစ်စဉ်တွင် မိသားစုဝင်များဆုံးရှုံးခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့ ရောက်ရှိတဲ့အချိန်က ၃ နာရီခွဲ ၄ နာရီဝန်းကျင် လောက် ရှိပါ တယ်။ အဲဒါရောက်တာနဲ့ ဒီရဲ့လုပ်ငန်းကို ကျွန်တော်တို့ခွဲပြီး တာဝန်ယူလိုက်ပါတယ်။ ယူတဲ့အခါမှာ ရောက်ရောက်ချင်း အိမ်ရှင်ကိုခေါ် မေးတယ်။ သူတို့သတင်းပေးတဲ့အပေါ်မှာ ကျွန်တော်တို့ဆောင်ရွက် တယ်။ ဆောင်ရွက်တဲ့အခါမှာ ဘက်ဟိုးသမားကလည်း ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပြီးတော့ ဆောင်ရွက်တယ်။ လူမှုကူညီရေး အဖွဲ့ကနေလည်း ပူးပေါင်းတယ်။ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ကလေးနှစ်ယောက် ကို တွေ့ပါတယ်။ တစ်ယောက်ကို အရင်ဆွဲထုတ်တယ်။ နောက် နှစ်လောင်း တွေ့တယ်" ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းကူညီ ဆောင်ရွက် ပေးနေသည့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောကြားသည်။

 

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မရမ်းစမ်းအပိုင်းရှိ မလတ်တောင်မှာသြဂုတ် ၉ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က အမြင့်ပေ ၃၀၀ ခန် ့ရှိ တောင်မှ မြေသားများပြိုကျမှုဖြစ်ပွားရာ နေအိမ်များမြေသားများ ဖုံးလွှမ်း ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် ရန်ကုန် - မော်လမြိုင် အဝေးပြေး လမ်းပွင့်သွားပြီဖြစ်သော်လည်း ပျောက်ဆုံးနေသူများကို သထုံတပ်နယ်မှ အရာရှိ စစ်သည်များ၊ ပေါင်မြို ့နယ်၊ သထုံမြို ့နယ်၊ ဘီးလင်းမြို ့နယ်၊ ကျိုက်ထိုမြို ့နယ် နှင့် ကရင်ပြည်နယ် ဘားအံမြို ့နယ်တို ့မှ မီးသတ်တပ်ဖွဲ ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် ချောင်းဆုံမြို ့နယ် ကလော့ကျေးရွာတွင်လည်း သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ တောင်ကမ်းပါးယံပြိုကျ မှုကြောင့် နေအိမ် သုံးလုံးပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အပြိုင်ကျေးရွာတွင်လည်း တောင်နံရံ ထပ်မံပြိုကျမှုကြောင့် နေအိမ်တစ်လုံး၏ အနောက်ဆောင်ပြိုကျခဲ့ကြောင်း သိရသည်။

 

 

 

Most Read

Most Recent