မြန်မာနိုင်ငံတွင်သာရှိသည့် မြန်မာ့ဇာတိရင်း ငှက်မျိုးစိတ် ကိုးမျိုးအထိ ရှိလာပြီး ထိုအထဲမှအချို့မှာ မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေသို့ ရောက်ရှိနေ

မြန်မာနိုင်ငံတွင်သာရှိသည့် မြန်မာ့ဇာတိရင်း ငှက်မျိုးစိတ် ကိုးမျိုးအထိ ရှိလာပြီး ထိုအထဲမှအချို့မှာ မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေသို့ ရောက်ရှိနေ
မြန်မာ့ဇာတိရင်း ငှက်မျိုးစိတ်ဖြစ်သည့် ငှက်လက်မမြီးရှည်ညို (Photo : WCS Myanmar)
မြန်မာ့ဇာတိရင်း ငှက်မျိုးစိတ်ဖြစ်သည့် ငှက်လက်မမြီးရှည်ညို (Photo : WCS Myanmar)
Published 4 August 2019
မဖေငြိမ်း

မြန်မာနိုင်ငံတွင်သာရှိသည့် မြန်မာ့ဇာတိရင်း ငှက်မျိုးစိတ် ကိုးမျိုးအထိရှိလာပြီး ထိုအထဲမှအချို့မှာ မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်သာရှိသည့် မြန်မာ့ဇာတိရင်း ငှက်မျိုးစိတ်မှာ မူလက ရှစ်မျိုးရှိပြီး ဇွန် ၁၇ ရက်က ကမ္ဘာ့ငှက်ပညာရှင်များ၏ တရားဝင် အတည်ပြုချက်အရ တစ်မျိုးထပ် တိုးလာကာ ကိုးမျိုးအထိ ရှိလာပြီ ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဦးသက်ဇော်နိုင်၏ ပြောကြားချက်အရ သိရသည်။

“ကိုးမျိုးဖြစ်သွားပြီပေါ့။ နဂိုက ရှစ်မျိုးရှိတာ။ အခု ငှက်လက်မမြီး ရှည်ညို (Brown Prinia) တစ်မျိုး ထပ်တိုးတော့ ကိုးမျိုးဖြစ်သွားပြီပေါ့” ဟု ဦးသက်ဇော်နိုင်က ပြောကြားသည်။

ထိုကိုးမျိုးမှာ စွေ့၊ ငှက်မင်းသားဗိုက်ဖြူ၊ နဖားကြူး၊ မြန်မာဘီလုံး၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာတစ်၊ ချိုးလင်းပြာ၊ ဘွတ်ချွဲ၊ ငှက်လက်မမြီးရှည်ညို တို့ဖြစ်ပြီး ထိုအထဲမှ အချို့ငှက်မျိုးစိတ်များသည် မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“အဲဒီငှက်ကိုးမျိုးထဲမှာ ချင်းပြည်နယ် နတ်မတောင် (သို့) ခေါနူးစုမ်တောင် ဧရိယာမှာရှိတဲ့ မျက်ခုံးဖြူငှက်ပြာခြောက်ကို IUCN အဆင့်မှာ Endangered သတ်မှတ်ထားတယ်။ မျိုးပြုတ်ခါနီးလို့ သတ်မှတ်ထားတယ်။ IUCN Endangered အဆင့်မှာဆိုရင် မျက်ခုံးဖြူ ငှက်ပြာခြောက်၊ နဖားကြူးနဲ့ ငှက်မင်းသားဗိုက်ဖြူ တို့ပါတယ်။ ကျန်တဲ့ ငှက်တွေလည်း ရှားပါးမှုမှာ သိပ်ပြီးမစိုးရိမ်ရဘူးလို့ ပြောလို့မရပြန်ဘူး။ တစ်ခါတလေကျရင်တော့ IUCN သတ်မှတ်တဲ့အထဲမှာ မပါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ဆိုရင် ပိုပြီးစိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေတဲ့ ငှက်တွေလည်းရှိတယ်။ တချို့ဟာတွေဆိုရင် သူတို့ကသာ Endangered ဘာညာ သတ်မှတ်ထားတာ ကိုယ်တို့တွေ့ရှိ ချက် လေ့လာချက်အရဆိုရင် Endangered ထက်မြင့်တဲ့ Critically Endangered ထဲ ထည့်မှဖြစ်တော့မှာ။ ဒီထက်ပိုပြီး မထိန်းသိမ်းရင် မြန်မာနိုင်ငံမှာ မျိုးပြုတ်တော့မယ့် အခြေအနေကို ရောက်နေပြီ” ဟု ဦးသက်ဇော်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် IUCN ကဲ့သို့ ငှက်များကို မျိုးပြုတ်လုနီး၊ မျိုးသုဉ်းလုနီး စသဖြင့် စာရင်းပြုလုပ်ထားခြင်း မရှိသဖြင့် မြန်မာနိုင်ငံရှိ ရှားပါးတိရစ္ဆာန်များ၏ အခြေအနေမှန်ကို သိရှိရန် ခက်ခဲကြောင်း သိရသည်။

ထို့ကြောင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ NGO အဖွဲ့များ၊ တက္ကသိုလ်များ၊ အကောင်နှင့် ပတ်သက်၍ ၀ါသနာပါသူများအား စုစည်းပြီး မြန်မာနိုင်ငံရှိ ရှားပါးတိရစ္ဆာန်များ၏ စာရင်းကို IUCN ကဲ့သို့ စာရင်းပြုစုနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

 

Most Read

Most Recent