NRPC နှင့် KNPP အဖွဲ့ တွေ့ဆုံရာတွင် NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ ဆွေးနွေးခဲ့ပြီး ပြည်နယ်အဆင့် လစဉ်ပုံမှန် အစည်းအဝေး ပြန်လည်ကျင်းပရေးအချက် အပါအဝင် နှစ်ဖက်သဘောထား စုစည်းချက် သုံးချက် ရရှိ

NRPC နှင့် KNPP အဖွဲ့ တွေ့ဆုံရာတွင် NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ ဆွေးနွေးခဲ့ပြီး ပြည်နယ်အဆင့် လစဉ်ပုံမှန် အစည်းအဝေး ပြန်လည်ကျင်းပရေးအချက် အပါအဝင် နှစ်ဖက်သဘောထား စုစည်းချက် သုံးချက် ရရှိ
ဇူလိုင် ၁၇ ရက်က  နေပြည်တော်တွင် NRPC နှင့် KNPP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
ဇူလိုင် ၁၇ ရက်က  နေပြည်တော်တွင် NRPC နှင့် KNPP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 17 July 2019
အောင်မင်းသိန်း

နေပြည်တော်ရှိ NRPC ရုံးတွင် ဇူလိုင် ၁၇ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် လစဉ် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပရေးအချက် အပါအဝင် နှစ်ဖက်သဘောထား စုစည်းချက် သုံးချက် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ NCA လက်မှတ် ရေးထိုးနိုင်ရေးကိစ္စနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ပြည်နယ်အဆင့် လစဉ် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပရေး အပါအဝင် နှစ်ဖက်သဘောထား စုစည်းချက် သုံးချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးခရီးလမ်းတွင် အခက်အခဲတချို့ ရှိသော်လည်း အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုများ ရှိမှုအပေါ်တွင် KNPP အဖွဲ့အား ကျေးဇူးတင်ရှိကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးပါက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ပိုမို၍ နီးကပ်စွာ NCA ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ခြင်းကြောင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည့် အချိန်ဇယားအတိုင်း ကြိုးပမ်းပေးကြရန် တိုက်တွန်းလိုကြောင်း NRPC အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦးက အစည်းအဝေး နိဂုံးချုပ်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

“ဒီကနေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စတွေ၊ NCA လက်မှတ် ရေးထိုးနိုင်ရေးကိစ္စတွေ ကျွန်တော်တို့ အများကြီး ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်တဲ့ နေရာမှာ KNPP အနေနဲ့ ၂၀၁၂ မတ်က စတင်ပြီးတော့ ခုနစ်နှစ်လုံး အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက်လည်း ဒေသခံ ပြည်သူတွေကိုယ်စား အစိုးရအနေနဲ့ များစွာ ကျေးဇူးတင်ရှိပါတယ်”ဟု ဦးထွန်းထွန်းဦးက ပြောကြားသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် လက်ရှိ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် မေလမှစတင်၍ တွေ့ဆုံ ဆွေးနွေးရာတွင် ယခုတွေ့ဆုံဆွေးနွေးမှု အပါအဝင် ၂၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယခု တွေ့ဆုံဆွေးနွေးသည့် ဆွေးနွေးပွဲမတိုင်မီ ပြီးခဲ့သော မတ် ၁၈ ရက်က နေပြည်တော်နှင့် မေ ၁၆ ရက်က လွိုင်ကော်မြို့တို့တွင် NRPC နှင့် KNPP တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ 

ယခု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ခူဦးရယ် က “ဒီနေ့တွေ့ဆုံ ဆွေးနွေးပွဲကတော့ ခါတိုင်းနီးပါလိုပါပဲ။ ကျွန်တော်တို့ ဒီနေ့ကတော့ ကိစ္စရပ်အသီးသီးတွေကိုတော့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးနဲ့ ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြတယ်။ ကျွန်တော်တို့ ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အမြင်သဘောထားတွေ ဖလှယ်ကြတယ်။ စုစည်းကြတယ်၊ ညှိနှိုင်းကြတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အခြေခံအားဖြင့်တော့ နားလည်မှု တစ်စုံတစ်ရာ အဆင့်ကိုတော့ တော်တော်လေးကို အပြည့်အဝရတယ်လို့ အဲဒီလို ခံစားမိပါတယ်” ဟု ပြောကြားသည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ယခင်အစိုးရ ကိုယ်စားလှယ်အဖွဲနှင့်  KNPP ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းရိုင်တွင် စတင်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မတ် ၇ ရက်တွင် လွိုင်ကော်မြို့၌  ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလည်း ဖြစ်သည်။

လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာများကို ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ တစ်ပွဲတည်းဖြင့် ကျေကျေလည်လည် အပြေအလည်ရရှိသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း ပြဿနာအရပ်ရပ်ကို နည်းလမ်းပေါင်းစုံဖြင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း နှင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုရှိရှိဖြင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကသာ ပြဿနာကို အဖြေရှာရာရောက်သည်ဟု ၎င်းတို့အနေဖြင့် မြင်မိကြောင်း ခူဦးရယ်က ဆိုသည်။

“ဒါကြောင့်မို့လို့ ဒီနေ့တွေ့ဆုံဆွေးနွေးမှုရဲ့ ရရှိလာတဲ့ ရလဒ်ကတော့ နည်းနည်းလေးဆိုပေမဲ့ ကျွန်တော်တို့ နည်းနည်းလေးရလာတဲ့ ရလဒ်အပေါ်မှာတော့ ရှေ့လျှောက်ရဦးမယ့် တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်တွေအတွက် အများကြီး အပံ့အပိုးဖြစ်စေတယ်လို့ ကျွန်တော်တို့ဘက်ကတော့ ဒီလို သုံးသပ်ပါတယ်။ ကျွန်တော်တို့ မကြာခင် ပြည်နယ်အဆင့်မှာ မြေပြင်မှာဖြစ်ရှိနေတဲ့ နိစ္စဓူဝ ပြဿနာတွေချည်း မဟုတ်ဘဲ ကျွန်တော်တို့ကြားထဲမှာ ပူးပေါင်း ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေလည်းပဲ ညှိနှိုင်းဆွေးနွေးဖို့ ပါဝင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယခုဆွေးနွေးပွဲသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင် ပြည်ထောင်စု ရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ဗိုလ်မှူးကြီး မြင့်ဝေ၊ ဦးမော်မော်၊ ဦးပေါ်လွင်စိန်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်မှ KNPP ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ခူဦးရယ်၊ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ မော်ဒေးဒေးဖော၊ ဦးအောင်ဆန်းမြင့်၊ ခူညေးရယ်နှင့် ဒုတိယဗိုလ်မှူးကြီး အယ်မွီးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

Most Read

Most Recent