တရားသူကြီးများ တရားခွင်၌ ကျမ်းသစ္စာပြုရမည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူထားကြောင်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာ တင်သွင်း

တရားသူကြီးများ တရားခွင်၌ ကျမ်းသစ္စာပြုရမည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူထားကြောင်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာ တင်သွင်း
Published 15 July 2019
စည်သူ

တရားသူကြီးများ တရားခွင်၌ ကျမ်းသစ္စာပြုရမည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူထားကြောင်း ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာအား ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့သည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး  နေပြည်တော်၌ ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်က ဘာမှသိပ်ပြီး ပြင်ထားတာ မရှိပါဘူး။ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်းပဲ။ ရေးထုံးတွေလောက်ပဲ ပြင်တာရှိတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပေးပို့သော ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ၂၀၁၉ ခုနှစ် မေ ၁၅ ရက်တွင် စတင်တင်သွင်းခဲ့ပြီး မေ ၂၈ ရက်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပေးပို့လာခြင်း ဖြစ်သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) ၂ ပုဒ်မခွဲငယ် (၁) အရ ရွေးချယ်ခန့်ထားခြင်း ခံရသည့် တရားသူကြီးများက နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုထားသည့်အပြင် ခြွင်းချက်အနေဖြင့် တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု အသစ်ဖြည့်စွက် အတည်ပြုထားခြင်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း သဘောတူထားသည်။

ဆက်လက်ပြီး ဥပဒေကြမ်း၏ ပုဒ်မ ၂၃ (က)နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန်မထမ်းဆောင်မီ ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည် ဟူသော အမျိုးသားလွှတ်တော်၏ အတည်ပြုချက်တွင် ပြည်သူ့လွှတ်တော်  ဥပဒေကြမ်းကော်မတီက စတင်တာဝန် မထမ်းဆောင်မီအစား စတင် တာဝန်ထမ်းဆောင်ခြင်း မပြုမီဟု အစီရင်ခံစာတွင် ပြောင်းလဲ တင်ပြထားသည်။

ထို့ပြင် ပုဒ်မ ၂၃ (ခ) တွင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန်မထမ်းဆောင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည်ဟု အမျိုးသား လွှတ်တော်က အတည်ပြုချက်နှင့် ပတ်သက်၍လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း စကားရပ်ကို အစားထိုး ပြောင်းလဲထားသည်။

 

Most Read

Most Recent