လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှုအား သက်တမ်းအလိုက် အချိုးကျလျှော့ချရန် NLD ပါတီမှ အကြံပြုထားပြီး နိုင်ငံရေးပါတီ လေးခုက ပယ်ဖျက်ရန် အကြံပြုထားကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထား

လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှုအား သက်တမ်းအလိုက် အချိုးကျလျှော့ချရန် NLD ပါတီမှ အကြံပြုထားပြီး နိုင်ငံရေးပါတီ လေးခုက ပယ်ဖျက်ရန် အကြံပြုထားကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထား
Published 15 July 2019
စိုးမင်းထိုက်၊ စည်သူ

လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှုအား သက်တမ်းအလိုက် အချိုးကျလျှော့ချရန် NLD ပါတီမှ အကြံပြုထားပြီး နိုင်ငံရေးပါတီ လေးခုက ပယ်ဖျက်ရန် အကြံပြုထားကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာအား တင်သွင်းစဉ် ထည့်သွင်းဖော်ပြထားမှုအရ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်းပုဒ်မ ၁၄ တွင် ပြဋ္ဌာန်းထားသည့် လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် အချိုးအစား ပါဝင်မှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း၊ ပဥ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ငါးရာခိုင်နှုန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု ပြင်ဆင်ရန် အကြံပြုထားသည်။

ယင်းပုဒ်မနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ပယ်ဖျက်ရန် အကြံပြုချက် တင်ပြထားကြောင်း၊ တအာင်း(ပလောင်) အမျိုးသားပါတီက နှစ်ကာလ သတ်မှတ်ရန်ဟု အကြံပြုထားကြောင်း၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ အခြေအနေနှင့် အချိန်အခါအပေါ် မူတည်၍ နိုင်ငံရေးမှ စွန့်ခွာရမည်ဟု အကြံပြုချက်များ တင်ပြထားကြောင်း သိရသည်။

အဆိုပါ အခန်း(၁)တွင် နိုင်ငံရေးပါတီ၊ အစုအဖွဲ့ အသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက အချက် ၂၃၁ ချက် ပြင်ဆင်ရန် အကြံပြုထားကြောင်း၊ အခန်း(၁) နိုင်ငံတော် အခြေခံမူများ အခန်းတွင် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ်ဖြည့်စွက်ရန် အကြံပြုတင်ပြခဲ့သည့် ပုဒ်မ၊ ပုဒ်မခွဲ (၅၉) ခုရှိပြီး အကြံပြုတင်ပြခြင်း မရှိသည့် ပုဒ်မ၊ ပုဒ်မခွဲ(၃၉)ခု ကို မူလအတိုင်း ထားရှိရန် မှတ်တမ်းတင်ထားကြောင်း၊ အခန်း(၁)နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၃ ချက်၊ ရခိုင်အမျိုးသားပါတီက ၃၆ ချက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၅ ချက်၊ တအာင်း(ပလောင်) အမျိုးသားပါတီ ၂၉ ချက်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က တစ်ချက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၂၇ ချက်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၁၀ ချက်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ခုနစ်ချက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက တစ်ချက်၊ မွန်အမျိုးသားပါတီမှ ၄၄ ချက်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ၁၉ ချက် တင်ပြထားကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ယင်းပုဒ်မနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ပြင်ဆင်ချက် တင်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ပါက တပ်မတော်သား ကိုယ်စားလှယ် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၂၅ ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားမှုအရ လွှတ်တော်အသီးသီးတွင် ပါဝင်လျက်ရှိသည်။

 

Most Read

Most Recent