ရာသီဥတု၏စိန်ခေါ်မှုကို အညာတောင်သူတို့ ဘယ်လိုရင်ဆိုင်မလဲ

ရာသီဥတု၏စိန်ခေါ်မှုကို အညာတောင်သူတို့ ဘယ်လိုရင်ဆိုင်မလဲ
ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်မှဒေသခံများ အလှူရှင်တို့လှူဒါန်းသော သောက်သုံးရေ သွားရောက်သယ်ယူနေသည်ကို မေလကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်မှဒေသခံများ အလှူရှင်တို့လှူဒါန်းသော သောက်သုံးရေ သွားရောက်သယ်ယူနေသည်ကို မေလကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
Published 14 July 2019
သက်ထိန်ဝင်း (ပခုက္ကူ )

ဒီနှစ်က အညာဒေသ ပခုက္ကူနယ်အတွက် ရာသီဥတုပြောင်းလဲမှု သိသာထင်ရှားစွာ ခံစားရတဲ့ နှစ်တစ်နှစ်လို့ ပြောရပါမယ်။ မြန်မာနိုင်ငံအနှံ့အရပ်ဒေသတွေမှာ မိုးရွာသွန်းနေပြီဆိုပေမဲ့ ပခုက္ကူနယ်တစ်ဝိုက် ယခု ဇူလိုင်လလယ်ပိုင်း ရောက်သည်အထိ မိုးကောင်းကောင်း မရွာသေးပါဘူး။ မိုးဦးကာလရဲ့ မိုးရွာရက်ဟာ ငါးရက်မပြည့်သေးသလို တောင်သူလုပ်ငန်းတွေလည်း စိုးရိမ်စရာကောင်းနေပါပြီ။ ပုံမှန်နှစ်တွေမှာဆိုရင် မေလ၊ ဇွန်လတွေမှာ မိုးထိုက်သင့်သလောက်ရပေမဲ့ ဒီနှစ်ကတော့ မိုးကိုကောင်းကောင်း မမြင်ရသေးပါဘူး။

ပခုက္ကူနယ်တစ်ဝိုက် တောင်သူတွေအနေနဲ့ မိုးဦးကာလ မိုးရပြီးတာနဲ့ ဒေသအလိုက် နှမ်း ၊မြေပဲနဲ့ ပဲတီစိမ်းစိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာ မိုးဦးရွာသွန်းတာကြောင့် တောင်သူတွေ သီးနှံစိုက်ပျိုးခဲ့ပေမဲ့ စိုက်ပျိုးပြီးနောက်ပိုင်း မိုးထပ်မရဘဲ သီးနှံစိုက်ခင်းတွေ ပျက်စီးသွားပါတယ်။ နှမ်းစိုက်ခင်းတွေလည်း ခြွေလှေ့ရမယ့်အချိန်သာ ရောက်လာတယ် အသီးအပွင့်မရှိပါဘူး။ မြေပဲနဲ့ ပဲတီစိမ်းလည်း အလားတူပါပဲ။ အသီးမသီး ဥမချနိုင်လို့ စိုက်ခင်းတွေ ဖျက်သိမ်းလိုက်ရပါတယ်။

“မိုးခေါင်မှုကြောင့် ပျက်စီးသွားတဲ့ သီးနှံစိုက်ခင်းဧကဟာ တစ်နယ်လုံးအတိုင်းအတာနဲ့ ဧကသိန်းချီရှိပါတယ်။ မျိုးစေ့မျိုး ဆန်၊ လုပ်သားခ၊ မြေသြဇာဖိုး အားလုံးပေါင်းရင် တစ်ဧက စိုက်စရိတ်ဟာ ကျပ် ၅၀၀၀၀ ကနေ တစ်သိန်းကြား ကုန်ကျပါတယ်။ ဒီစိုက်စရိတ်တွေ တစ်ပြားမှ တောင်သူတွေ ပြန်မရကြပါဘူး။ ဒီလိုအဖြစ်အပျက်ကို ပထမဆုံးကြုံရတာဆိုလည်းမမှားပါဘူး။ ဒီအတွက် အစိုးရတာဝန်ရှိသူတွေဘက် လေ့လာမှုတွေ လုပ်ရပါမယ်။ ပြင်ဆင်မှုတွေ လုပ်ရပါမယ်။ စိုက်ပျိုးစရိတ်ထုတ်ချေးနေရုံနဲ့ တောင်သူတွေအတွက် မလုံလောက်တော့ဘူး။ စိုက်ပျိုးနည်းပညာအသစ်၊ ရာသီဥတု အခြေအနေနဲ့ စျေးကွက်ဝင် အခြားသီးနှံတွေ ရှာဖွေပေးဖို့ လိုပါလိမ့်မယ်။

“ဒီနှစ်က ပဲတီစိမ်းဆိုလည်း တစ်တောင့်မှ မခူးလိုက် မဆွတ်လိုက်ရဘူး။ စိုက်ပြီးတဲ့နောက် မိုးကမလာတော့ အပင်ရှင်ပေမဲ့ အသီးအပွင့်မပါဘူး။ ၀ါဆိုပဲလည်း စိုက်ချိန်နီး မိုးလည်းမရွာဆိုတော့ အရှုံးခံပြီး အခင်းဖျက်လိုက်ရတယ်။ နှမ်းသမားလည်း ဒီတိုင်းပဲ။ အပင်ရှင်ပေမဲ့ မိုးခေါင်တော့ ရိတ်စရာ အသီးအပွင့် မရှိဘူး။ တောင်သူအနေနဲ့ ဆက်ထားလည်း ဘာမှမထူးတော့တာမို့ အခင်းဖျက်လိုက်ရတာ။ ဒီလိုနှစ်မျိုးတစ်ခါမှ မကြုံဖူးဘူး” ဟု မြိုင်မြို့နယ်မှ တောင်သူကို ဗညားကပြောသည်။

မိုးဦးသီးနှံ မြေပဲ၊ နှမ်းနဲ့ ပဲတီစိမ်းတို့ကို ဆုံးရှုံးပြီးတဲ့နောက် မိုးလယ်သီးနှံ ၀ါဆိုမြေပဲ စိုက်ချိန်ကလည်း ရောက်လာတော့မှာဆိုပေမဲ့ ခုချိန်ထိ မိုးမရလို့ မရေရာသေးပါဘူး။ ဒီလကုန်မှ အညာမှာ မိုးထပ်မရဘူးဆိုရင် မိုးလယ်သီးနှံလည်း လက်လွတ်ရမယ့် အခြေအနေမှာ ရှိလာမှာပါ။ တောင်သူတွေအနေနဲ့ တစ်နှစ်မှာ နှစ်သီးလောက်မှ မစိုက်ရဘူးဆိုရင် စားဝတ်နေရေး အခက်အခဲရှိပါတယ်။ အထူးသဖြင့် စာရင်းငှားပေါင်း သင်မြက်ရှင်းလိုက်တဲ့သူတွေ ပိုအထိနာနိုင်ပါတယ်။ သူတို့အတွက်သီးနှံမှ မစိုက်ရရင် လုပ်သားခဆိုတာ တခြားဘယ်ကမှ ဝင်ငွေရလမ်းမရှိပါဘူး။

ရာသီဥတု ဖောက်ပြန်မှုကြောင့် အညာတောင်သူတွေ ပထမဆုံး ရင်ဆိုင်ရတာက စိုက်ပျိုးပြီး သီးနှံစိုက်ခင်းတွေ ပျက်တာဖြစ်ပြီး ဒုတိယပြဿနာကတော့ နွားစာပြတ်လပ်မှုပဲဖြစ်ပါတယ်။ ယာလုပ်ငန်းမှာ ယနေ့အချိန်ထိ နွားကိုလက်လွတ်လို့မရသေးတော့ တောင်သူအတော်များများမှာ နွားရှိပါတယ်။ နွားအတွက် နွားစာဆိုတာ တစ်နှစ်စာ တွက်ချက်ပြီး နွားစာတဲမှာ လှောင်ထားရတာပဲ။ နွားစာအတွက် အလေ့ကျပေါက်တဲ့ မြက်ရှိသလို စိုက်ပျိုးသီးနှံ ခြွေလှေ့ရာကနေ ရလာတဲ့ ပဲစာမှော်လို့ခေါ်တဲ့ မြေပဲခွံ၊ နှမ်းရိုး ၊ ပဲစင်းငုံအရွက်အခွံတို့ပဲ ဖြစ်ပါတယ်။

မိုးလယ်မိုးနှောင်းရတဲ့ သီးနှံကပဲစာ မှော်ကို နွေဦးကာလနွားစာအတွက် သုံးပါတယ်။ မိုးဦးကာလ ပြန်ရောက်ချိန်မှာ နွားစာအကုန်နဲ့ ပထမသီးနှံက ပဲစာမှော်ပြန်အရနဲ့ အချိန်ကိုက်ပါပဲ။ ဒီနှစ်တော့ မနှစ်က စုဆောင်းထားတဲ့ နွားစာတာ ကုန်သွားပေမဲ့ မိုးဦးသီးနှံမရတော့ နွားစာပြတ်တောက် ကုန်ပါတယ်။ လမ်းဘေး အလေ့ကျပေါက်တဲ့ မြက်ဆိုတာလည်း မိုးမရတော့ လောက်လောက်လားလား ရိတ်စရာရယ်လို့ မရှိပါဘူး။ “နယုန်မိုးသေး မြက်သားမွေး” ဆိုပေမဲ့ ဒီနှစ်နယုန် အညာမှာ မိုးမရလို့ မြက်လည်းမရပါ။ နွားစာအတွက် မြစ်ရေဝင်အရပ်နဲ့ ရေသွင်းစပါးစိုက်ဒေသတွေထိ သွားပြီးကောက်ရိုးဝယ် ဖြေရှင်းနေရပါတယ်။ သီးနှံမရလို့ ဝင်ငွေမရှိပေမဲ့ နွားစာအတွက်ထွက်ငွေက ရပ်မသွားပါဘူး။ 

တောင်သူတွေအတွက် နောက်ဆုံးမိုးနှောင်းသီးနှံ မျှော်လင့်ချက်တစ်ခုပဲ ခိုင်ခိုင်မာမာ ကျန်ပါတော့တယ်။ လက်ရှိမိုးလယ်သီးနှံ ၀ါဆိုပဲဆိုတာလည်း မိုးမလာလို့ မသေချာသေးပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ မိုးဦးကောင်းပြီး မိုးနှောင်းခေါင်ပါတယ်။ ဒီနှစ် မိုးနှောင်းကောင်းရင်တော့ တောင်သူတွေ နှမ်းသီးနှံ မျှော်လင့်ချက် ရှိဦးမှာပါ။ မနှစ်က တစ်နှစ်လုံး သီးနှံအထွက်၊ စျေးနှုန်း အဆင်မပြေမှုတွေကို မိုးနှောင်းသီးနှံနှမ်းက ဖာထေးပေး သွားတာပါ။ နှမ်းတစ်တင်း ကျပ် ၉၀၀၀၀ ထိ စံချိန်စျေးတက်ခဲ့လို့ တောင်သူတွေ အကျိုးအမြတ်များပြီး ဒီနှစ်အခြေမပျက်တာပါ။

အညာဒေသရဲ့ စီးပွားရေးဟာ တောင်သူလုပ်ငန်းအပေါ် အများကြီး မှီခိုရပါတယ်။ မြို့ပေါ်လုပ်ငန်း အတော်များများလည်း တောင်သူလုပ်ငန်းမှီပြီး ရောင်းကြဝယ်ကြတာပါ။ တောသာမှ မြို့ဆူဖြိုးတာလို့လည်း ပြောစမှတ်ပြုပါတယ်။ သီးနှံစျေးကောင်းတဲ့ နှစ်ဆိုရင်မြို့ပေါ်က စားသောက်ကုန်လူသုံးကုန်နဲ့ ရွှေထည်လုပ်ငန်း ရောင်းဝယ်ရေးကောင်းပါတယ်။ မြို့ပေါ်သီးနှံရောင်းဝယ် ရေးပွဲရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ လုပ်သားတွေနဲ့ မှီခိုသူတွေကလည်း များပါတယ်။ ရာသီဥတုဖောက်ပြန်လို့ တောင်သူအဆင်မပြေဘူးဆိုရင် သူနဲ့ဆက်စပ်တဲ့ မြို့ပေါ်လုပ်ငန်းတွေလည်း အဆင်မပြေနိုင်ပါဘူး။

မိုးခေါင်မှုဟာ အညာဒေသအတွက် စီးပွားရေးသာမက အခြားလူနေမှုဘဝကို ထိခိုက်စေပါတယ်။ အထူးသဖြင့် သောက်သုံးရေ ပြဿနာပါ။ ယနေ့ခေတ်မှာ စက်ရေတွင်းတွေတူးပြီး သောက်သုံးရေ ဖြေရှင်းနိုင်ပြီဆိုပေမဲ့ မြေအောက်ရေငန်သာရှိတဲ့ ကျေးရွာတွေအတွက်တော့ ကန်ရေကို အားထားရတုန်းပါပဲ။ မိုးကာလမှာ ရွာတဲ့ရေကို မြေသားကန်နဲ့ လှောင်ထားပြီး မိုးမရွာတဲ့ ဆောင်းကာလမှာ ဒီကန်ရေနဲ့ သောက်ရေ ဖြေရှင်းရပါတယ်။ သို့ပေမဲ့ ဒီမိုးနဲ့ အညာနွေကို ရှေ့ဆက်ဖြတ်သန်းဖို့ ခက်ပါလိမ့်မယ်။ ဇူလိုင်ရောက်သည်ထိ အညာအရပ်က ကောင်းကင်မှာ မိုးတိမ်ရှိပေမဲ့ မိုးကတော့ မရွာသေးပါ။

လက်ရှိအချိန်ထိ ကျွန်တော်တို့ Eleven Media Group ရဲ့ ရေလှူဒါန်းမှု အစီအစဉ်ဆီကို ရေအကူအညီတောင်းခံတဲ့ ကျေးရွာပေါင်း  ၃၀ နီးပါးလောက် ရှိပါတယ်။ နေ့စဉ်နီးပါး ယနေ့ထိ ရေလှူပေးနေ ရတုန်းပါပဲ။ တချို့ရွာတွေဆိုရင် ရေကားမြင်တာနဲ့ ရေပုံးတွေ တန်းစီစောင့်နေပြီး ကျေးဇူးတင်ကြောင်း ချက်စရာ သောက်စရာကို ရေမရှိတော့ကြောင်း ပြောပါတယ်။ တကယ်လည်း အိမ်တွေက စဉ့်အိုးတွေထဲမှာ ရေမရှိပါဘူး။ သောက်ရေကန်တွေ အားလုံးလည်း ရေမရှိလို့ ခြောက်ကပ်ပက်ကြားအက်။

“မြေပဲစိုက်တော့ မျိုးစံတစ်တင်း ကြဲလိုက်တာ တစ်စေ့မှ ပြန်မရဘူး။ မိုးကလည်း မကောင်းဘူး။ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါမှ ကြုံဘူးတယ်။ ကန်မှာလည်း ရေမရှိတော့ ရေပြတ်တဲ့ ဒုက္ခလည်း ကြုံရတယ်။ ရွာစက်တွင်းက သောက်ဖို့ချက်ဖို့မပြောနဲ့ လူချိုးဖို့တောင်မလွယ်ဘူး။ အဲဒါကြောင့် ခုလို ရေကားလာရင် စုပုံတိုးပြီး ခပ်နေကြတာ။ ရေဝယ်သုံးမယ်ဆိုလည်း ထော်လာဂျီတစ်စီး ၁ သောင်းခွဲ ဝယ်မသုံးနိုင်ဘူး” ဟု ညောင်ဦးမြို့နယ် ခွေးပြုပ်ကန်ရွာမှ ဒေါ်ခက ပြောသည်။

မိုးခေါင်မှုဟာ အညာဒေသအတွက် စီးပွားရေး၊ လူမှုရေးတွေကို ထိခိုက်စေပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ယာလုပ်ငန်းစွန့်ခွာပြီး နိုင်ငံရပ်ခြား ထွက်ခွာသူလည်း များလာပါတယ်။ လက်ရှိကြုံတွေ့နေတဲ့ ရာသီဥတုပြောင်းလဲမှုဟာ နောက်နှစ်တွေလည်း ကြုံတော့မှာပါ။ ဒီအတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုပါတယ်။ ရေလုံလောက်စွာ ထိန်းသိမ်းထားနိုင်တဲ့ မြေသားကန်တွေနဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ အဆင့်မီအောင် လုပ်ပေးမှ အညာရပ်ဝန်းတည်တံ့ပါ လိမ့်မယ်။ မြစ်ရေတင်စီမံကိန်းတွေက ရေတင်စနစ်တွေ တကယ်ရေလိုတဲ့ ဒေသတွေထိ ရောက်ဖို့လိုပါလိမ့်တယ်။ ယခင်က တစ်နှစ်မိုးရေချိန် လက်မ ၃၀ မကျော်တဲ့ အညာဒေသဟာ ဒီနှစ်မိုးရေချိန် လက်မ ၂၀ ရဖို့ ဆုတောင်းနေရပြီဖြစ်ပါကြောင်း ....။

 

Most Read

Most Recent