ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှုညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှုညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တာဝန်ရှိသူတို့အား အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တာဝန်ရှိသူတို့အား အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)
Published 14 July 2019
ဆန်းထူးအောင်

ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာနိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ်၊ ဥပဒေဒီပလိုမာ (အရာရှိ) သင်တန်းနှင့် နယ်မြေခံတပ်မတော် ဆေးရုံတို့မှ နည်းပြပါမောက္ခ၊ ကထိကအရာရှိကြီးများ၊ နည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့် ပါရဂူဆေးမှူးများအား စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ဘက်ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့်  စစ်ကျောင်းကြီးများ အသီးသီးက လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝသော၊ ပညာရပ်ဆိုင်ရာများတွင် ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်များ မွေးထုတ်ပေးရန်လိုကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အမြဲတမ်းလေ့လာ၊ လေ့ကျင့်၊ လိုက်နာနေမှသာ မိမိခေါင်းဆောင်သည့် အဖွဲ့အစည်းကို မှန်ကန်သည့် ဦးဆောင်မှုဖြင့် မိမိအဖွဲ့အစည်း၏ ပုံရိပ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှု ဆိုသည်မှာ အသက်အရွယ်နှင့် မဆိုင်ဘဲ စဉ်းစားဆုံးဖြတ်နိုင်စွမ်းနှင့် တွေးခေါ်မြော်မြင်မှုကို အခြေခံကြောင်း၊ စစ်ဘက်ခေါင်းဆောင် အနေဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝ၍ မိမိဦးဆောင်သည့် အဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်နှင့် ဦးဆောင်၍ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခေါင်းဆောင်မှုတွင် ခေါင်းဆောင်ကောင်းလျှင် တိုးတက်မည်၊ ခေါင်းဆောင်ညံ့လျှင် ဆုံးရှုံးမည်၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများတွင် ခေါင်းဆောင်၏ ဦးဆောင်မှု ညံ့ဖျင်းပါက အသက်များစွာ ဆုံးရှုံးစေနိုင်မည်၊ ထိုနည်းတူစွာ နိုင်ငံ့ခေါင်းဆောင်မှု အပိုင်းတွင်လည်း ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှုညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာနိုင်မည် ဖြစ်သဖြင့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် အမြဲကြိုးပမ်းနေရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ဆိုသည်မှာ ဆင်ခြင်တုံတရားနှင့် အသိ၊ သတိ အမြဲထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိသားစု တစ်စုတွင် အိမ်ထောင်ဦးစီးသည် မိသားစုကို ထိန်းသိမ်းနိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း၊ မိသားစုအတွက် ဂုဏ်ယူရသည့် အိမ်ထောင်ဦးစီး ဖြစ်သကဲ့သို့ မိမိဦးဆောင်သည့် အဖွဲ့အစည်းကို ကောင်းမွန်စွာ ခေါင်းဆောင်နိုင်သည့် ခေါင်းဆောင်ကောင်း ဖြစ်ရန်လိုကြောင်း၊ မိမိဦးဆောင်ရသည့်တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုများ၏ သက်သာချောင်ချိရေးနှင့် လူမှုရေး အခက်အခဲများကို စောင့်ကြည့် ဖြေရှင်းပေးရမည် ဖြစ်ကြောင်း၊ မိသားစုတိုင်းတွင် ကြောင့်ကြမှုများ ရှိတတ်သည့်အတွက် ဦးစီးခေါင်းဆောင်က ဖြေရှင်းနှစ်သိမ့် ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံခန့်ခွဲထားပေးပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းစီတွင် ဆင့်ကဲသတင်းပို့နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိအခက်အခဲများကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ တင်ပြနိုင်ခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် တင်ပြနိုင်ခြင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က လျော်ညီစွာ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက် ပေးခြင်းဖြင့် တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်းစနစ်တကျ ကျင့်သုံးဆောင်ရွက် လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် မည်သည့် အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်သည် အရေးကြီးသည့်အတွက် မိမိကိုယ်ကိုယ် ကောင်းမွန်အောင် အမြဲတမ်း တည်ဆောက်ပြီး နေရမည်ဖြစ်ကြောင်း၊ မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်များဖြစ်ရန် မိမိတို့အရည်အသွေး တိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိဖြတ်သန်းလာသည့် အတွေ့အကြုံများအပေါ် အခြေခံ၍ ရင့်ကျက်စွာဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်နှင့် လက်အောက်ကို အလိုမလိုက်ရန်၊ သွားသင့်သည့် နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့် သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကိုသာ ပြောရန်ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်း၊ အဖွဲ့အစည်းတစ်ခု ကောင်းခြင်း၊ မကောင်းခြင်းသည် ကွပ်ကဲသည့် ခေါင်းဆောင်အပေါ် များစွာမူတည်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်များ အနေဖြင့် အတတ်ပညာ၊ အသိပညာများကို အမြဲမပြတ် လေ့လာဆည်းပူး၍ မိမိကိုယ်တိုင်နှင့် မိမိကွပ်ကဲ ဦးဆောင်ရသည့် အဖွဲ့အစည်းကို စည်းလုံးညီညွတ်ပြီး တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖြစ်သင့်တာဖြစ်အောင်၊ မဖြစ်သင့်တာ မဖြစ်အောင် စေတနာထား၍ စနစ်တကျ ကြပ်မတ်ကွပ်ကဲ ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း ကောင်းမွန်အောင် တည်ဆောက်ခြင်းဖြင့် မိမိတပ်ဖွဲ့၊ မိမိတပ်မတော်၊ နိုင်ငံတော်အတွက် ကောင်းမွန်အောင် တည်ဆောက်နိုင်ကြမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

Most Read

Most Recent