ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်သွင်းမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်သွင်းမည်
Published 13 July 2019
စိုးမင်းထိုက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ဇူလိုင် ၁၅ ရက် (တနင်္လာနေ့)တွင် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ အစည်းအဝေး အစီအစဉ်အရ သိရသည်။

“၁၅ ရက်နေ့မှာစမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး Agenda မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ တင်သွင်းဖို့ အစီအစဉ်ပါလာပြီဆိုတော့ အဲဒီနေ့မှာ တင်မှာပါ။ တင်တဲ့အခါကျမှ ဘာတွေပါတယ်ဆိုတာ ကြည့်ပေါ့။ အစီရင်ခံ စာတင်ရင်တော့ အခက်အခဲတော့ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပူးပေါင်းကော်မတီဝင် ၄၅ ဦးလုံး ညှိနှိုင်းထားပါတယ်။ အစီရင်ခံစာတင်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ လွှတ်တော် ယဉ်ကျေးမှုကို တနင်္လာနေ့ကျရင် မြင်ရမှာပါ” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစည်းအဝေးများအား ၂၅ ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်က မတ်တတ်ရပ် ကန့်ကွက်ခဲ့သည့် အနေအထားနှင့် မတူညီတော့ကြောင်းနှင့် လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင်ရေးပူးပေါင်း ကော်မတီ အစီရင်ခံစာ တင်သွင်းခြင်းအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်း ရန် ပူးပေါင်းကော်မတီဝင် ၄၅ ဦး၏ ဆွေးနွေးချက်များအား အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြနိုင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ဇူလိုင် ၈ ရက်မှ ၁၂ ရက်ထိ ပြုလုပ်ခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ၏ လွှတ်တော်သို့တင်သွင်းမည့် အစီရင်ခံစာအား ကော်မတီဝင် ၄၅ ဦး စလုံးက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က အစီရင်ခံစာ၌ သီးခြားသဘောထားသုံးချက် ထည့်သွင်းထားကာ မည်သည့်သဘောထား မှတ်ချက်များ ဖြစ်သည်ကိုမူ မသိရှိရသေးပေ။

“တပ်မတော်အစုအဖွဲ့ အနေနဲ့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ သီးခြားသဘောထား သုံးချက်ကို အစီရင်ခံစာထဲမှာ ထည့်ပေးဖို့ မေတ္တာရပ်ခံတဲ့အတွက် ထပ်ထည့်ထားပါတယ်။ အဲဒီမှတ်ချက်ကတော့ လွှတ်တော်ကို အစီရင်ခံစာ တင်တဲ့အခါမှာ ပေါ်လာမှာပါ။ သိရမှာပါ” ဟု ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ဇူလိုင် ၁၂ ရက်က ပြောကြားထားသည်။

၂၀၁၉ ဇန်နဝါရီ ၂၉ ရက်တွင် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုအား တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ အဆိုအား ဆွေးနွေးအတည်ပြုခဲ့ပြီးနောက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေး မှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အ တွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှရှစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယင်းကော်မတီ၏ အစည်းအဝေးကာလအတွင်း နိုင်ငံရေးပါတီများ၏ တင်ပြချက်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းနှင့် ပတ်သက်၍ ပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်ဆိုသော သတ်မှတ်ချက်တွင် ရာခိုင်နှုန်းအား လျှော့ချရန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ပိုင်ခွင့်များကို လျှော့ချရန် တင်ပြထားခြင်းများရှိကြောင်း၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွင် အချို့ကိစ္စများတွင် သမ္မတ၏ လုပ်ပိုင်ခွင့် နည်းပါးနေပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကသာ လုပ်ပိုင်ခွင့် ရှိနေကြောင်း၊ ထို့အတွက် ပြင်ဆင်ချက် တင်သွင်းမှုများရှိကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များထံမှ သိရသည်။                             

 

Most Read

Most Recent