အာရှအကောင်းဆုံး ဟောင်ကောင်ရဲများနှင့် ဆန္ဒပြသူတို့၏ ဒေါသ

အာရှအကောင်းဆုံး ဟောင်ကောင်ရဲများနှင့် ဆန္ဒပြသူတို့၏ ဒေါသ
ဇွန် ၂၈ ရက်က ဟောင်ကောင်မြို့ ၀ိတိုရိယဆိပ်ကမ်း တစ်လျှောက် စုဝေးနေကြသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဝိုင်းရံထားစဉ် (Photo: AFP)
ဇွန် ၂၈ ရက်က ဟောင်ကောင်မြို့ ၀ိတိုရိယဆိပ်ကမ်း တစ်လျှောက် စုဝေးနေကြသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဝိုင်းရံထားစဉ် (Photo: AFP)
Published 30 June 2019
 နရီမင်း

တစ်ချိန်က အာရှအကောင်းဆုံးဟု ခေါ်ဆိုခံရသော ဟောင်ကောင်ရဲများသည်  ဆန္ဒပြသူများအပေါ် အလွန်အကျွံ အကြမ်းဖက်မှုကို သုံးစွဲခဲ့သည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ ဌာနချုပ်ကို လွန်ခဲ့သည့် သီတင်းပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဝန်းရံ ပိတ်ဆို့လျက် ၎င်းတို့ အသုံးပြုခဲ့သော နည်းဗျူဟာများအပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ဟောင်ကောင်လမ်းများ တစ်လျှောက် မျက်ရည်ယို ဓာတ်ငွေ့များ မြူဆိုင်းသကဲ့သို့ ထူထပ်နေပြီး ဆန္ဒပြသူ လူတန်းကြီးထံသို့ ရော်ဘာကျည်ဆန်များ တဖွဲဖွဲ ကျရောက်နေချိန်၌ ဒီမိုကရေစီ လိုလားသူ ဥပဒေပြုအမတ်  ဝူချီဝေသည်ပင်လျှင် မှင်တက်ငေးမော ကြည့်နေရသည်။

ယခုအခါ ရွှေ့ဆိုင်းထားလိုက်ပြီ ဖြစ်သော “တရားခံများကို တရုတ်ပြည်မသို့ လွှဲပြောင်းပေးရန် ခွင့်ပြုသည့် အစီအစဉ်” ကို ဆန့်ကျင်သည့် ငယ်ရွယ်သော ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ဝင်များ အပြင်းအထန် တိုက်ခိုက်နေခြင်း အားဖြင့် နိုင်ငံတကာ စီးပွားရေး အချက်အချာ နေရာဖြစ်သော ဟောင်ကောင်သည် မျိုးဆက် တစ်ခုအတွင်း အဆိုးရွားဆုံး နိုင်ငံရေးအကြမ်းဖက်မှု တစ်ရ်ကို သက်သေခံလျက် ရှိသည်။

မျက်ရည်ယို ဓာတ်ငွေ့များကို အစောပိုင်းက လူနည်းသော်လည်း တင်းမာသည့် ဆန္ဒပြသူ လူအုပ်စုများအပေါ် အသုံးပြုခြင်း ဖြစ်သည်။ ဆန္ဒပြသူအချို့သည် ဇွန် ၁၂ ရက် က ဟောင်ကောင် ပါလီမန် အဆောက်အအုံကို သိမ်းပိုက်ရန် ကြိုးပမ်းရာ၌ အချို့သည် အတားအဆီးများမှ သတ္တုချောင်းများကို တိုက်ပွဲဝင် လက်နက်အဖြစ် အသုံးပြုခြင်းနှင့် အချွန်အတက်များဖြင့် ပစ်ပေါက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ရဲများ၏ တုံ့ပြန်မှုသည် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး အသွင်ပြောင်းသွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ လက်နက်များကို အကြီးအကျယ် အသုံးပြုလာကာ အနီးပတ်ဝန်းကျင် လမ်းများပေါ် နေရာယူထားသည့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ အများစုအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်လာခဲ့သည်။

ဥပဒေပြုအမတ် ဝူချီဝေကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြနေသည့် လူတန်းကြီးတို့အကြား ရောက်ရှိသွားပြီး မျက်ရည်ယိုဗုံး တစ်လုံးသည် သူ၏ နောက်ကျောဘက်သို့ ကျရောက်ခဲ့သည်။

အင်တာနက်တွင် အကြီးအကျယ် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်ထဲမှ မြင်ကွင်းများတွင် ဝူချီဝေသည် ရဲတပ်ဖွဲ့ဝင်များဆီသို့ တည်ငြိမ်စွာ လျှောက်သွားပြီး လက်မြှောက်ပြကာ အမိန့်ပေးနေသည့် ရဲအရာရှိကို စကားပြောရန် တောင်းဆိုနေပုံကို တွေ့ရှိရသည်။

“ကျွန်တော် ရှိနေတာ ရဲတပ်ဖွဲ့ကို ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က စေ့စပ်ညှိနှိုင်းသူ ဖြစ်ချင်တာပါ။ ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ ငြိမ်းချမ်းစွာ ထွက်ခွာ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဝူချီဝေက သူ ပြောကြားခဲ့သည့် စကားကို ပြန်လည် ပြောပြခဲ့သည်။

သို့သော် သူ၏ မေတ္တာရပ်ခံချက်မှာ အရေးလုပ်မခံခဲ့ရပေ။ ရဲတပ်ဖွဲ့သည် သူ၏ ခြေထောက်များအနီးသို့ မျက်ရည်ယိုဗုံး တစ်လုံးသာ ချပေးခဲ့ပြီး ဝူချီဝေသည်လည်း မဖြစ်မနေ နောက်ကြောင်း ပြန်လှည့်ခဲ့ရတော့သည်။

အရှိန်မြှင့်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိ

အဆိုပါ ဗီဒီယိုဖိုင်သည် ယင်းနေ့၌ ပျံ့နှံ့ခဲ့သော ဗီဒီယိုများစွာထဲမှ တစ်ခုဖြစ်ပြီး ဟောင်ကောင် ရဲတပ်ဖွဲ့အပေါ် အဆိုးမြင်မှုများ အနက်ရှိုင်းဆုံးသို့ ရောက်ရှိသွားခဲ့သည်။  ဇူလိုင် ၁ ရက်တွင်လည်း ဟောင်ကောင်တွင် ကြီးမှူးသူများက အကြီးမားဆုံး ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားသော ဆန္ဒပြပွဲတစ်ခု ပြုလုပ်မည်ဖြစ်ရာ ဟောင်ကောင် ရဲတပ်ဖွဲ့အနေဖြင့်  နောက်ထပ် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရဖွယ်ရှိသည်။

ဟောင်ကောင် ရဲတပ်ဖွဲ့သည် မှတ်ချက် တောင်းခံခြင်းများကို တုံ့ပြန်ခြင်း မရှိသကဲ့သို့  ရှေ့တန်းမှ တာဝန်ယူထားသော ရဲအရာရှိများကို အင်တာဗျူးပြုလုပ်ရန် တောင်းဆိုမှုများမှာလည်း ပယ်ချခံရသည်။

သို့သော် ရဲအရာရှိချုပ် စတီဖင်လိုက ဇွန် ၁၂ ရက် ဆန္ဒပြပွဲကို အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လုပ်ရပ်များနှင့် ရင်ဆိုင်ရသော ရဲတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုဟု ခေါ်ဆိုခဲ့ပြီး  အင်အား သုံးမှုကို အရှိန်မြှင့်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ဟု ပြောကြားခဲ့သည်။

တရုတ်အစိုးရကို လိုလားသည့် ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်ကို လူမြင်ကွင်း၌ တွေ့မြင်ရခြင်း မရှိသည်မှာ သီတင်းတစ်ပတ်ကျော် ကြာသွားပြီ ဖြစ်သော်လည်း သူသည် ရဲတပ်ဖွဲ့များကို နောက်ကွယ်မှ အလားတူ ဖိအားပေးနေသူ ဖြစ်ကာ ဇွန် ၂၇ ရက် ထုတ်ပြန်ချက်ထဲ၌ ပြောင်မြောက်သော ပရော်ဖက်ရှင်နယ်လစ်ဇင်နှင့် ချုပ်ထိန်းနိုင်မှုတို့အတွက် ရဲတပ်ဖွဲ့ဝင်များကို ချီးကျူးထားသည်။

ရဲတပ်ဖွဲ့ကို ထောက်ခံသူများကလည်း ဇွန် ၃၀ ရက်တွင် တန်ပြန် ဆန္ဒပြမှုကို လုပ်ဆောင်ရန် စီစဉ်ထားသည်။

ယခုအထိ ရဲတပ်ဖွဲ့အပေါ် လူထုဒေါသ (အထူးသဖြင့် ဟောင်ကောင် လူငယ်များ၏ ဒေါသ) က မြင့်တက်လျက် ရှိပြီး လျော့ပါးသွားမည့် လက္ခဏာ လုံးဝမရှိပေ။

ယခုအထိ ရဲတပ်ဖွဲ့ဌာနချုပ်သည် ကြီးမားလှသည့် ဆန္ဒပြသူ လူအုပ်ကြီးက ဝန်းရံ ပိတ်ဆို့ထားမှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပြီး  ၎င်းတို့၏ တောင်းဆိုမှုမှာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်ပေးရန် ဖြစ်သည်။ ရဲတပ်ဖွဲ့ဌာနချုပ်တွင် သန့်ရှင်းရေးများသည် ကြက်ဥနှစ်များ၊ ဂရပ်ဖစ်တီ ရေးဆွဲထားမှုများဖြင့် ညစ်ပေနေသော နံရံများကို အကြိမ်ကြိမ် ပွတ်တိုက် ဆေးကြောနေရသည်။ ဂရပ်ဖစ်တီတစ်ခုတွင် အနီရောင် ဆေးဖြင့် “Fuck the Popo” ဟူသည့် စာသားကို ပြူးပြဲနေအောင် ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။

ဒေါသတကြီးဖြင့် “hakging” --- black cops ဟူရေးသားမှုများကို ယခုအခါ နေရာတိုင်း၌ တွေ့မြင်လာရသည်။ တရုတ် လျှို့ဝှက် ဒုစရိုက်ဂိုဏ်းများကို ခေါ်ဆိုသည့် “black societies” ဟူသည့် စကားကိုလည်း ရဲတပ်ဖွဲ့ကို ခေါ်ဆိုရာ၌ အသုံးပြုလာသည်။

သို့သော် ရဲတပ်ဖွဲ့ကို ဝေဖန်နေသည်မှာ ဆန္ဒပြသူများသာ မဟုတ်ပေ။

လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် တောင်းဆိုမှုများသည် ယခင် ရဲအရာရှိဟောင်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် သြဇာကြီးမားသော ဟောင်ကောင် ရှေ့နေများ အစည်းအရုံး အပါအဝင် ဥပဒေ အဖွဲ့အစည်းများထံမှလည်း ထွက်ပေါ်၍လာသည်။

ရဲတပ်ဖွဲ့ကို စုံစမ်းမည့် ရဲတပ်ဖွဲ့

နိုင်ငံရေးသုံးသပ်သူ တစ်ဦးဖြစ်သော ဒီဆွန်ဆင်းက ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့ ကိုယ်တိုင်အပေါ် လုံလောက်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဆိုခြင်းကို ယုံကြည်ကြလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့အနေနဲ့ လက်ရှိ စုံစမ်းစစ်ဆေးရေးယန္တရားက ပြုလုပ်မယ့် တရားမျှတမှုကို  မမြင်ရတာကြောင့် ရဲဌာနချုပ်ကို ပိတ်ဆို့ ဝိုင်းရံခဲ့ကြတာပါ” ဟု ဆင်းက ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ အလျှော့ပေးမှုကို ရရှိခဲ့ခြင်း မရှိသော ၂၀၁၄ ခုနှစ် ဒီမိုကရေစီ လိုလားသူများ၏ ထီးလှုပ်ရှားမှုကို နှိမ်နင်းရာ၌ ရဲတပ်ဖွဲ့ကို အသုံးပြုခဲ့ပြီးနောက် ရဲတပ်ဖွဲ့ အနေဖြင့် ဂုဏ်သိက္ခာအတွက် ရုန်းကန်နှင့်ခဲ့ရပြီး ဖြစ်သည်ဟု ဆင်းက ပြောကြားခဲ့သည်။

ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့်  ရဲအရာရှိများကို ရိုက်ကူး မှတ်တမ်းတင်ထားသော်လည်း ရဲတပ်ဖွဲ့၏ ၎င်းတို့ဘာသာ စုံစမ်းစစ်ဆေးမှုက အစောပိုင်းတွင် တရားစွဲဆိုရန် အကြံပြုခဲ့ခြင်း မရှိပေ။ နောက်ဆုံး၌ တရားရုံး တစ်ရုံးက ရဲတပ်ဖွဲ့ဝင်များကို ထောင်ချလိုက်သည့်အခါ ထောင်နှင့်ချီသော  လုပ်ဖော်ကိုင်ဖက် ရဲတပ်ဖွဲ့ဝင်များက ယင်းစီရင်ချက်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ဟောင်ကောင်တွင် ဆန္ဒပြသူများသာ မဟုတ်ဘဲ အထွေထေ ွလူထုတစ်ရပ်လုံးက ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ထီးလှုပ်ရှားမှုကို ဖိနှိပ်ရန် ရဲတပ်ဖွဲ့ကို လက်ကိုင်တုတ်အဖြစ်  အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်ထားကြ သည်။

“အာရှရဲ့ အကောင်းဆုံး (ရဲတပ်ဖွဲ့) အပေါ် လူထုအမြင်က ဆိုးရာကနေ ပိုပြီး ဆိုးတဲ့အဆင့်ကို ရောက်သွားပါပြီ” ဟု တိုးတက်သော ရှေ့နေများအဖွဲ့ကို ကြီးမှူးသူ ဂျေဆင်အင့်က ပြောကြားခဲ့သည်။

Most Read

Most Recent