မီတာခ တိုးကောက်ချိန်တန်ရဲ့လား

မီတာခ တိုးကောက်ချိန်တန်ရဲ့လား
သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားခ ပေးသွင်းသည့်ရုံးတွင် မီတာခ လာရောက်ပေးသွင်းသူများကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားခ ပေးသွင်းသည့်ရုံးတွင် မီတာခ လာရောက်ပေးသွင်းသူများကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 30 June 2019
နီလာ

မီတာခတွေ တက်တော့မယ်ဆိုတော့ အရင်ဆုံးစိတ်ပူကြတာ စရိတ်စကတွေ၊ ကုန်စျေးနှုန်းတွေ တက်လာတော့မလားဆိုတာပါပဲ။ လက်ရှိအခြေအနေမှာ အခြေခံလူတန်းစားတွေက စားဝတ်နေရေးအတွက် လုံးပန်းနေရသလို လုပ်ငန်းရှင်တွေကလည်း ကိုယ့်လုပ်ငန်းတွေ ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရချိန် ဖြစ်ပါတယ်။

လုပ်သာကိုင်သာရှိတဲ့ စီးပွားရေး ဝန်းကျင်ကောင်းဖန်တီးဖို့အတွက် အရေးကြီးတဲ့ အချက်တွေထဲ ကတစ်ခုဖြစ်တဲ့ လျှပ်စစ်မီးအသုံးပြုခတွေ တိုးကောက်မယ်ဆိုတာမှာ လက်ရှိမြန်မာ့စီးပွားရေး အခြေအနေနဲ့ တိုးကောက်ချိန်တန်ပြီလားဆိုတာ မေးခွန်းထုတ်စရာရှိလာပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ  Business Environment မကောင်းဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ လုပ်ငန်းအများစုက ရှေ့မတိုးနိုင်ဘဲ တန့်နေပါတယ်။ ဒေါ်လာစျေး တက်တယ်။ ကုန်စျေးနှုန်းတက်တယ်။ စားသောက်ကုန်၊ ဆေးဝါး၊ ဒီဇယ်စသဖြင့်စျေးတက်လာတာ တွေ့ရပါတယ်။  

“ဝင်ငွေနည်းတဲ့သူတွေလည်း စီးပွားရေး မကောင်းဘူး။ ဝင်ငွေရှိတဲ့ လုပ်ငန်းရှင်တွေလည်း မကောင်းကြဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အကျပ်အတည်း အခက်အခဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အချိန်ကိုက် မဖြစ်ဖို့လိုတယ်။ အခုလို မီတာတက်တာလည်း Timing က အရမ်းအရေးကြီးတယ်။ ဘယ်လိုအချိန်မှာ တက်မှာလဲ။ ကျွန်တော်တို့ ပြည်သူတွေစီးပွားရေးကောင်းလား။ အလုပ်တွေ ကောင်းကြလား။ အဲဒါဆိုရင် တက်သင့်တယ်” ဟု ရန်ကုန်တိုင်းစက်မှုဇုန်များ ကော်မတီ အတွင်းရေးမှူး ကိုနေလင်းဇင်က ပြောကြားခဲ့ပါတယ်။

 

ဝင်ငွေနည်းတဲ့ပြည်သူ တွေ  ဘယ်လိုရင်ဆိုင်မလဲ။

ပြီးခဲ့တဲ့သင်္ကြန်ကျော်ကာလကစပြီး  စျေးကွက်အတွင်း အသားနဲ့ သစ်သီးစျေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ လက်ရှိအချိန်မှာ ဝယ်လိုအားနဲ့ ရောင်းလို အားမမျှမတဖြစ်နေပြီး အသား၊ ငါး နှင့် သစ်သီးစျေးတွေ အတက်ဘက်မှာပဲ ရှိနေတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိခဲ့ရပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက တောင်ဒဂုံမှာ အသားရောင်းချနေသူတစ်ဦး ပြောပြခဲ့တာက ကြက်သားစျေးကတော့ သိသိသာသာကို တက်တယ်။ အရင်ကဆို ၅၀၀ စျေး။ အခုဆို ၈၀၀၊ ၉၀၀။ ဝက်သားကတော့ ၉၀၀၊ ၁၀၀၀ နဲ့ ပုံမှန်ပဲရောင်း ပေးတယ်။ သူက ဒိုင်မှာဝယ်ရတာ စျေးတက်တယ်။ အစ်မတို့ကတော့ ဖောက်သည်မပျက်ချင်လို့ စျေးကို ထိန်းပြီး ရောင်းပေးတယ်။ အစ်မတို့အတွက် အမြတ်ကတော့ နည်းသွားတယ်လို့ ဆိုပါတယ်။

ဇွန်လထဲမှာတော့ အသား၊ ငါး စျေးတွေမှာ ကြက်သားက အတက်အကျဖြစ်ခဲ့ပေမဲ့ ကျန်တဲ့အသား၊ ငါး၊ ကြက်ဥစျေးတွေဟာ အတက်ဘက်မှာပဲ ရှိနေခဲ့ပါတယ်။

စျေးနှုန်းတစ်ခုဟာ တက်ပြီးရင် ပြန်ကျဖို့ခက်တယ်။ အခြေအနေတစ်ခုကြောင့် စျေးတက်ပြီးရင် အဲဒီစျေးက ပြန်မကျတော့ဘဲ ဆက်တက်ရင်း တက်ဖို့ပဲရှိတယ်။ ပြန်ကျလေ့တော့ မရှိပါဘူး။ အတက်စျေးနဲ့ မစားဘဲလည်းမရလို့ မဖြစ်မနေ ဝယ်စားနေရတဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေကြောင့်   အခြေခံ လူတန်းစားအများစုဟာ ဝင်ငွေနဲ့ ထွက်ငွေကို စိစစ်သုံးစွဲနေကြရတာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ မီတာခက တိုးကောက်မယ်ဆိုတဲ့အပေါ် ပြည်သူအများစုကတော့  စားဝတ်နေရေး အပေါ်ပိုပြီး စိတ်ပူလာကြပါတယ်။ အိမ်ထောင်စုတစ်စုဟာ တစ်လကို အနိမ့်ဆုံး ယူနစ် ၁၀၀ ကနေ အများဆုံး ၅၀၀ အထိ သုံးကြပါတယ်။ ဒါက ပျမ်းမျှပါ။ တချို့အိမ်တွေဆို ယူနစ် ၇၀၀ လောက်အထိနဲ့ ဒီထက်ပိုတဲ့ အိမ်ထောင်စုတွေလည်းရှိမှာပါ။

“အိမ်မှာ တစ်လကို ယူနစ် ၆၀၀ နဲ့ ၇၀၀ ကြား သုံးတယ်။ တစ်လကို ပျမ်းမျှမီတာခ သုံးသောင်းပေါ့။ အခုနှုန်းနဲ့ဆိုရင် ၈၀၀၀၀ လောက် ကုန်တော့မယ်။ ဆိုတော့  ပိုကုန်တဲ့ ငါးသောင်းလောက်က  ဆီ တစ်ပိဿာ ၅၀၀၀ တန် ဝယ်စားရင်တောင် ဆယ်ဘူးလောက်ရတယ်။ ဒါက အနီးစပ်ဆုံးကိုပြောတာ။ အခုကစပြီး ကျွန်မတို့အိမ်မှာ မဖြစ်မနေ သုံးရမယ့်ဟာပဲ လျှပ်စစ်သုံးတော့တယ်။ ဥပမာ မီးချောင်းတွေ တစ်ခါ တလေအဲကွန်းပေါ့။ မီးပူဆိုရင် ရုံးသွားအပြင်သွား ဝတ်တာလောက်ပဲ တိုက်တော့တယ်။ ကျန်တာ အကုန် သပ်သပ်ရပ်ရပ်ခေါက်ပဲ ထားလိုက်တော့တယ်။ မီတာအကုန်မခံတော့ ဘူး။ ချွေတာလိုက်တယ်။ တစ်လရဲ့ ဝင်ငွေမှာစားဖို့ ဘယ်လောက်၊ နေစရိတ်က ဘယ်လောက်ဆိုပြီး သတ်သတ်စီချန်ထားပြီး သုံးစွဲနေရတဲ့ ကျွန်မတို့ အခုတော့ မီတာခအတွက်ပါ ပိုချန်ရတော့မယ်။ ဒီကြားထဲ ကုန်စျေးနှုန်းတွေ အဆမတန် တက်လာမှာကိုပဲ စိုးရိမ်မိတယ်။ လုပ်ငန်းတွေကလည်း မကောင်းဘူးဆိုတော့ ပိုပြီးရင်ပူရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ပြင်ဆင်သတ်မှတ်ခဲ့တဲ့ လျှပ်စစ်မီတာခနှုန်းထားကို အိမ်သုံးနဲ့စက်မှု သုံး အမျိုးအစားနှစ်မျိုးခွဲပြီး သတ်မှတ်ခဲ့တာပါ။ အိမ်သုံးအမျိုးအစားကို တစ်ယူနစ်ကနေ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်ကနေ ယူနစ် ၂၀၀ အထိကိုကျပ် ၄၀ နဲ့ ၂၀၁ ယူနစ်အထက်ကို ကျပ် ၅၀ နှုန်း တိုးမြှင့်ခဲ့တာဖြစ်ပြီး စက်မှုသုံးအမျိုးအစားမှာ တစ်ယူနစ်ကနေ ၅၀၀ ယူနစ်အထိ ၇၅ ကျပ်၊ ၅၀၁ ယူနစ်ကနေ ၁၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၀၀၁ ယူနစ်ကနေ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀၀၀၁ ယူနစ်က နေ ယူနစ် ၂၀၀၀၀၀ (ယူနစ် နှစ်သိန်း)အထိ ကျပ် ၁၅၀၊ ၂၀၀၀၀၁ ယူနစ်ကနေ ယူနစ် ၃၀၀၀၀၀ (ယူနစ် သုံးသိန်း) အထိ ၁၂၅ ကျပ်နဲ့ ၃၀၀၀၀၁ ယူ နစ်အထက်ကို ကျပ် ၁၀၀ အဖြစ် တိုးမြှင့်ကောက်ခံခဲ့တာပါ။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာန ထုတ်ပြန်ချက်အရ လက်ရှိ တိုးမြှင့်လိုက်တဲ့ မီတာခတွေမှာ အိမ်သုံး အမျိုးအစားကို တစ်ယူနစ်ကနေ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူ နစ်ကနေ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ကျပ် ၇၀၊ ၇၆ ယူနစ်ကနေ ယူနစ် ၁၀၀ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ် ကနေ ၁၅၀ အထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက် ၁၂၅ ကျပ် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အိမ်သုံးမဟုတ်တဲ့ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာ ရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ယူနစ်ကနေ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ် က နေ ယူနစ် ၅ဝဝဝအထိ ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်ကနေ ယူနစ် ၁ဝဝဝဝအထိ ၁၄၅ ကျပ် ၊ ၁၀၀၀၁ ယူနစ်ကနေ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ ကနေ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ၅၀၀၀၁ ယူနစ်ကနေ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ၁၀၀၀၀၁ ယူနစ်အထက်ကို  ကျပ် ၁၈၀ နှုန်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အခု ပြင်ဆင်သတ်မှတ်လိုက်တဲ့ နှုန်းထားနဲ့ အိမ်သုံးလျှပ်စစ် ယူနစ် ၅၀၀ ကို အရင်နှုန်းထားအရ ကျပ်၂၂၅၀၀ သာ ကျသင့်မှာဖြစ်ပြီး နှုန်းထားအသစ်နဲ့  ၅၅၀၅၀ ကျပ် ကျသင့်မှာဖြစ်လို့ ၃၂၅၅၀ ကျပ် ပိုမို ကျသင့်မှာ ဖြစ်ပါတယ်။

စက်မှုလုပ်ငန်းအမျိုးအစားမှာဆို ယူနစ်တစ်သိန်းအထိသုံးစွဲမှုနဲ့ တွက်ချက်မယ်ဆို အရင်နှုန်းထားနဲ့ ကျပ် ၁၃၄ သိန်းကျော် (၁၃, ၄၈၇,၅၀၀ ကျပ်) ကျသင့်ပြီး နှုန်းထားအသစ်မှာဆိုရင် ကျပ် ၁၆၆ သိန်းကျော် (၁၆,၆၄၅,ဝဝဝကျပ်) ကျသင့်မှာဖြစ်လို့ ကျပ် ၃၁ သိန်း ကျော် ပိုမိုကျသင့်မှာဖြစ်ပါတယ်။

“လျှပ်စစ်မီးက တောက်လျှောက် အရှုံးပေါ်နေတာပေါ့။ တက်ဖို့တော့လိုအပ်တဲ့ အနေအထား ရှိတာပေါ့။ လျှပ်စစ်မီတာခ တက်ရင် အခြားကုန်စျေးနှုန်းတွေ တက်လာမှာပဲစိုးရိမ်တာ။ လျှပ်စစ်ကို ချွေတာသုံးရင်တော့ လျှပ်စစ် စျေးတက်တာ သိပ်ပြီးတော့ ပြဿနာမရှိဘူး။ လျှပ်စစ်မီတာခတက်တာကို အကြောင်းပြုပြီး အခြားသော ကုန်စျေးနှုန်းတွေပါ လိုက်တက်လာတာတွေဖြစ်လာမှာ ကိုစိုးရိမ်တယ်။ အဲဒါကို အစိုးရအနေနဲ့ ဘယ်လိုထိန်းမလဲ။ နောက်ဆက်တွဲ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေ ဆက်မဖြစ်လာအောင်တော့ အစိုးရက ထိန်းသင့်တယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်းလတ်ကပြောကြားပါတယ်။     

“မီတာခတိုးတာကတော့ လောလောဆယ် စီးပွားရေးကျပ်တည်းနေတဲ့ အချိန်မှာတော့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုပြီးတော့ ဖြစ်သွားစေမယ်လို့ ကျွန်တော်တော့ ယူဆတယ်။ ဒါက တစ်ခု တည်းရှုံးနေတာကိုကြည့်ပြီး ပြောလို့တော့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ပြည်သူတွေလက်ထဲမှာ ပိုက်ဆံမရှိတဲ့ အခြေအနေ ဖြစ်နေတယ်။ ကုန်စျေးနှုန်းတွေက တက်တယ်။ ဒီလတွေဆိုရင် ကျွန်တော်တို့ မြို့နယ်တွေမှာ ကျူရှင်ခတွေပေ့ါနော်။ မိဘတွေက ကျောင်းသားတွေအတွက် ကျူရှင်ခတွေပေးရတယ်။ အဘက်ဘက်က ကုန်စျေးနှုန်းတွေ ကြီးမြင့်တဲ့ဒဏ်တွေ၊ စရိတ်တွေတိုးလာတဲ့ ဒဏ်တွေ ဖြစ်နေတဲ့ အချိန်မှာ မီတာခအခုလို တိုးပြီး ကောက်လိုက်တဲ့ အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်သွားစေမယ်ပေ့ါ။ နိုင်ငံတကာမှာ ဒီအခွန်တိုးကောက်တာတွေ ဘာတွေရှိတယ်ဆိုပေမယ့် သူ တို့နိုင်ငံတွေမှာ ကျတော့ မိသားစုမှာ အပိုအလျှံငွေက တော်တော်များများ ရှိကြတယ်။ နိုင်ငံတကာနဲ့ ယှဉ် လို့တော့ မရဘူးပေ့ါနော်။ ကျွန်တော်တို့နိုင်ငံမှာက တချို့မိသားစုတွေဆိုရင် ရတဲ့ဝင်ငွေရဲ့ ၈၀ ရာခိုင် နှုန်းလောက်ကို အစားအသောက်နဲ့  အခြေခံကုန်စည်တွေမှာ ပြန်ပြီးတော့ သုံးနေရတယ်။ အိမ်ငှားခတွေ ပေးရတယ်။ နောက်ကလေးတွေ ပညာရေးကလည်း အလကားမရဘူး။ အခမဲ့ပညာရေး မဟုတ်ဘူး။ ဒါတွေပေးနေရတဲ့အခါကျတော့ မိသားစုမှာ အပိုအလျှံဝင်ငွေမရှိဘူး။ မရှိတဲ့အခါကျတော့ အခုလို မဖြစ်မနေ သုံးစွဲနေရ တဲ့ လျှပ်စစ်ခ ထပ်တိုးလိုက်မယ်ဆိုရင် သူတို့မှာ ပိုပြီးတော့ ကျပ်တည်းသွားမယ်လို့ ကျွန်တော်တို့က ယူဆတယ်” ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

လုပ်ငန်းရှင်တွေ စိုးရိမ်နေတဲ့အခြေအနေ

လျှပ်စစ်မီတာခတက်တော့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လာမယ်ဆိုပြီး လုပ်သားထုများစွာနဲ့ လုပ်ကိုင်နေရတဲ့ လက်ခစား အထည်ချုပ်လုပ်ငန်းတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

“တကယ်တမ်းကုန်ကျစရိတ်နဲ့ ကောက်ခံတဲ့နှုန်းထားကြားမှာ ဟနေတဲ့ ကိစ္စပေါ့နော်။ ကျွန်မတို့ က လုပ်ငန်းရှင်ဖြစ်နေတော့ စရိတ်ကိုပဲ အမြဲကြည့်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်ဘက်က ဟနေတဲ့စရိတ်ကို စိုက်နေရတာကိုလည်း သဘောပေါက်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ဘက်က ကြည့်ရင်လည်း ကျွန်မတို့ အထည်ချုပ်ဘက်က ကြည့်မယ်ဆိုရင် အခုပေးနေရတဲ့ နှုန်းထားနဲ့ နောက်ကောက်မယ့်နှုန်းထားကို ကြည့်လိုက်တဲ့အခါ ယူနစ် ၂၀၀၀၀ လောက် သုံးတဲ့ရုံက လျှပ်စစ်ဓာတ်အားခ ၃၇ ရာခိုင်နှုန်းလောက်တက် သွားတယ်။ ယူနစ် ငါးသောင်းလောက် ဖြစ်သွားရင် ၃၀ လောက် ဖြစ်သွားတော့ ပျမ်းမျှက ၃၀-၄၀ လောက်က ကုန်ကျစရိတ်တက်ပါတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း  အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ “ဓာတ်အားခ အပြောင်းအလဲနှင့်သူတို့အမြင်”အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒါပေမဲ့ ပြန်ကြည့်ရင် ဒီလိုတက်တဲ့ ကုန်ကျစရိတ်မှာ ကျွန်မတို့ လျှပ်စစ်မီးပျက်တဲ့ ကာလတွေရှိပါတယ်။ အဲဒီလျှပ်စစ်မီးပျက်တဲ့ ကာလနဲ့ပြန်ကြည့်ရင်  လျှပ်စစ်မီးပျက်တဲ့အတွက် ကျွန်မတို့ ကုန်ကျစရိတ် ကပိုတက်ပါတယ်။ နိုင်ငံတော်ဘက်ကရော လုပ်ငန်းရှင်ဘက်ရော ကျွန်မတို့ ပြန်တွက်တဲ့အခါ ကွာဟချက်ကို ထပ်ပြီးတော့ လိုက်ကောက်တဲ့အခါ ပြည့်မီအောင် မဟုတ်ဘဲ အထိုက်အလျောက် ကောက်ထားတဲ့အတွက် ကျွန်မတို့ ပြည်သူတစ်ယောက်အနေနဲ့ Responsible Business အနေနဲ့ပေါ့။ပေးရမယ်ဆိုရင်ဆိုရင်လည်း တက်တော့တက်ပါ။ ဒါပေမဲ့ ပျက်တော့ မပျက်ပါနဲ့လို့။ ဘာလို့လဲဆိုရင် လျှပ်စစ်ဓာတ်အားခတက်ပြီး လျှပ်စစ်မီးလည်း ပျက်တယ်ဆိုရင် ကျွန်မတို့ရဲ့ ကုန်ကျစရိတ်က ဒါထက်မက တက်သွားပါလိမ့်မယ်”ဟု ဒေါ်ခိုင် ခိုင်နွယ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

အထည်ချုပ်လုပ်ငန်းဆိုတာ လုပ်သားထုများပြားတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လုပ်သားများရဲ့ အိမ်စရိတ်၊ အဆောင်စရိတ်တွေလည်း အထိုက်အလျောက် တက်လာပါတယ်။ အဲဒီလို တက်လာတဲ့အခါ ဒီလိုတက်လာတဲ့အပေါ် သူတို့ပိုလာတဲ့စရိတ်က ဒီလုပ်ငန်း ဘက်ကို ပြန်လာရင် အဲဒီ Impact တစ်ခုကိုလည်း တော်တော် ဖြေရှင်းရမယ့်ပိုင်းကို လုပ်ငန်းရှင်တွေရင်ဆိုင်ရမယ့်  စိန်ခေါ်မှုတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်လို့လည်း ဒေါ်ခိုင်ခိုင်နွယ်က သုံးသပ်ထားပါတယ်။

အထည်ချုပ်လုပ်ငန်းဟာ လက်ခစားလုပ်ငန်းမို့ ချုပ်ခပဲရတဲ့အခါ စရိတ်ကနဂိုကတည်းက လုပ်ခလစာအတွက် အတော်ကုန်ကျနေတဲ့ အနေအထားပါ။ လျှပ်စစ်မီတာခက အထည်ချုပ်လုပ်ငန်းရဲ့ ထုတ်လုပ်ရေးစရိတ်မှာ သုံးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြားမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်တွေ ဒီထက်ထပ် တက်သွားရင် ရတဲ့ချုပ်ခ ဝင်ငွေကို မတိုးနိုင်ဘူးဆိုရင် အထည်ချုပ်လုပ်ငန်းမှာ အခက်အခဲတွေရှိ လာလိမ့်မယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

စက်မှုဇုန်က လုပ်ငန်းအများစုဟာ ကုန်ထုတ်လုပ်မှုမှာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်လုပ် ကြရတာဖြစ်ပါတယ်။ မီတာခနဲ့ ပတ်သက်ရင် အရင်တုန်းက တပ်မတော် အစိုးရလက်ထက်တုန်းက စက်မှုဇုန်တွေမှာ တစ်ယူနစ် ကျပ် ၁၅၀ အထိပေးခဲ့ရတယ်လို့ လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲ မှုကော် မတီ နာကယဦးမြတ်သင်းအောင်က DVB ရဲ့ Editorial Talk အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက သူတို့တွက်တာက စက်မှုဇုန်တွေလုပ်ငန်းက မြတ်တာက ပြည်သူလူထုရှုံးတာနဲ့ သွားထေမိတယ်။ စောစောပိုင်းက တစ်ပြည်လုံးမှာ မဂ္ဂါဝပ် ၃၀၀၊ ၄၀၀၊ ၅၀၀ ပဲရှိတယ်။ ဆိုတော့ ချေလို့ရတယ်။ အခုဟာက နောက်ပိုင်းပေါ့။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း တိုးချဲ့လုပ်လာတယ်။ NLD အစိုးရလက်ထက်မှာလည်း တိုးချဲ့လုပ်လာတယ်ဆိုတော့ မဂ္ဂါဝပ်တွေ ၃၀၀၀ ကျော်အထိ ပေးနိုင် တယ်ပေါ့လေ။ ပေးနိုင်တော့ အစိုးရအနေနဲ့က များများပေးရင် များများရှုံးပဲ။ ရှုံးတော့ ကျွန်တော်တို့ ဟိုတုန်းက ၁၅၀ ပေးခဲ့တယ်။ ဒါပေမဲ့ အခု ခန့်မှန်းခြေ SME တွေကတော့ ကျေနပ်ပါတယ်။ အရင်ထက်စာရင် ၁၅ ရာခိုင် နှုန်းလောက်ပဲ တိုးသွားတာတွေ့ရတယ်။ အထူးသဖြင့် Small Scale ပေါ့။ ၇၅ နဲ့ နည်းနည်းသုံးတဲ့သူတွေက ဒီနေ့မှာ ၁၂၅ ကျပ်ဆိုတော့ နည်းနည်းလေး သူတို့ကိုထိခိုက်သွားတာပေါ့လေ။ အခြား Medium စက်ရုံတွေ များပါတယ်။ ဒါတွေကတော့ အရင်နှုန်းထားလောက်ပဲရှိပါတယ်။ သိပ်သုံးတဲ့ Heavy Industry နည်းပါတယ်။ အဲဒါက ၁၈၀။ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ပါတယ်။ ကျွန်တော်တို့ စက်မှုလုပ်ငန်းကို ၁၂၅ ကျပ်ဆိုတာ ရှစ် ဆင့်ပါ။ဒါက ဂျာမနီတို့ဘာတို့မှာ သုံးတဲ့စျေး။ ဒီမှာလည်း ဒီစျေးယူ ပါတယ်။ နောက်ပြီး အလတ်တန်း စားသုံးတဲ့သူအတွက် ၁၅၀ လောက် ပေးရပါတယ်။ ၁၅၀ လောက်က အခုစျေးနဲ့ဆို ၁၀ ဆင့်ပေါ့။ ဒါက နိုင်ငံတော်တော်များများကလည်း ဒီနှုန်းလောက်ပဲ ယူတာပဲ”ဟု ဦးမြတ်သင်းအောင်က ဆိုပါတယ်။

အရင်တုန်းက ၁၀၀၀ စျေးတုန်းက ၁၅ ဆင့်လောက်ဆိုတော့ ၁၅၀ လောက်သွားကျတယ်။ ဒါကို ဘာကြောင့်ခံနိုင်ရည်ရှိလဲဆိုတော့ နိုင်ငံခြားငွေမရှိတဲ့အတွက် လိုင်စင်တွေက အရမ်းမပေးဘူး။ ထိန်း ထားတယ်။ အဲဒီလိုထိန်းထားတဲ့အတွက် အဝင်နည်းတဲ့အတွက် ကျွန်တော်တို့က သွင်းကုန်အစား ထိုးတွေများတယ်။ ဒီမှာထုတ်လုပ်ပြီး ပြန်ရောင်းတဲ့အခါ ယှဉ်သာတယ်ပေါ့လေ။ အခုနောက်ပိုင်းက AEC ဖြစ်သွားပါတယ်။အာဆီယံ ၁၀ နိုင်ငံနဲ့အပေါင်း သုံးနိုင်ငံဆို တော့ ၁၃  နိုင်ငံပေါ့။ အားလုံးက Duty Free ဆိုတော့ Import Duty Free နဲ့သွင်းလာပါတယ်။ သွင်းလာတော့ ဘာနဲ့တူလဲဆိုတော့ အီးယူလိုပေါ့လေ။ အာဆီယံ ၁၃ နိုင်ငံ က ပစ္စည်းနဲ့ ရန်ကုန်၊ မန္တလေး တစ်ပြည်လုံးက ထုတ်တဲ့ ပစ္စည်းမှာ အခွန်က နှစ်ခုပဲရှိတော့တယ်။ အရင်တုန်းက Import Duty ဆိုတာ ရှိတဲ့အတွက် စျေးကပြုတ်သွားတော့ တန်းတူဖြစ် သွားတယ်လို့ဆိုပါတယ်။

“ဒီအတွက် လျှပ်စစ်မီးကို လျှော့ပေးပါလို့ မဆိုလိုချင်ပါဘူး။ ဒါပေမဲ့ တစ်နည်းအားဖြင့် ကုန်ထုတ် လုပ်ငန်းသမားတွေကို တစ်နည်းနည်းနဲ့          Intensive ပေးပြီး ပံ့ပိုးပေးစေချင်တယ်။ ဘာလို့လဲဆိုရင် စက်မှု ဇုန်တွေက   လုပ်ငန်းတွေက MIC မသွားဘဲလုပ်တဲ့ ပြည်တွင်းစက်ရုံတွေပါ။ စပြီးထုတ်လုပ်ဆိုကတည်းက အခွန်ပေးနေရတာ။ အခွန်ကင်းလွတ်ခွင့်ဆိုတာ မရှိပါဘူး။ အဲဒီအတွက် ယှဉ်ပြိုင်အားမရှိဘူး”ဟု ဦးမြတ်သင်းအောင်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေ

မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်းရှိပါတယ်။ ၂၀၁၈ခု နှစ် နိုဝင်ဘာအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇၀၉ သန်း (၄၃ ရာခိုင်နှုန်း) ခန့် ဓာတ် အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ ပြီးဖြစ်ရာ ၆ ဒသမ ၁၆၈ သန်း (၅၇ ရာခိုင်နှုန်းခန့်) ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိ နေပါတယ်။

၎င်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ဖို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေနဲ့  ပြည်ပချေးငွေရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဘဏ္ဍာ ရန်ပုံငွေများ သုံးစွဲဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် တစ်နိုင်ငံလုံးအိမ်ထောင်စုအားလုံးရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ကို ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေ အားလျှပ်စစ်ဓာတ် အားပေးစက်ရုံ ၂၈ ရုံမှ မဂ္ဂါဝပ် ၂၄၀၀ နှင့် သဘာဝ ဓာတ်ငွေ့အပါအဝင် အပူစွမ်းအင် သုံးစက်ရုံ ၁၆ ရုံမှ ၁၀၈၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ နှစ်စဉ်ဓာတ်အား တိုးတက်သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာတဲ့အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်မှာလည်း ၂၀၂၀-  ၂၀၂၁ ခုနှစ်မှာ ၄,၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းရတဲ့အတွက် စုစုပေါင်း ၂,၇၅၇ မဂ္ဂါဝပ်ကို ထပ်မံတိုးတက် ထုတ်လုပ်ပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါတယ်လို့လည်း ဦးဝင်းခိုင်က ဆိုပါတယ်။

“ကိုယ်တိုင်ထုတ်လုပ်တဲ့ စရိတ်နဲ့ ဝယ်ယူတဲ့စရိတ်နဲ့ ပြည်သူကို ပြန်လည်ရောင်းချတဲ့အခါ စျေးနှုန်းဟာ တကယ်တမ်းမှာ ရောင်းချတဲ့စျေးနှုန်းက ပိုပြီးတော့နည်းပါးတာ ဖြစ်ပါတယ်။ ဒီလိုရောင်းချတဲ့စျေးနှုန်း နည်းတဲ့အတွက် နှစ်စဉ်မူလထုတ်လုပ်စရိတ်နဲ့ ဝယ်ယူစရိတ်တွေကို ပြန်လည်ကာမိအောင် မရရှိပါဘူး။ ဒီအတွက် နိုင်ငံတော်က  ဘတ်ဂျက် နှစ်တိုင်းစိုက်ထုတ်သုံးစွဲသွားရတာ ဖြစ်ပါတယ်။ အဲဒီလို စိုက်ထုတ်သုံးစွဲ သွားရတဲ့ ဘတ်ဂျက်ပမာဏတွေဟာ  တစ်နှစ်ထက်တစ်နှစ်နိုင်ငံမှာ ပြည်သူကို လျှပ်စစ်မီးတွေ ပိုပေးလေ စိုက်ထုတ်ရတဲ့နှုန်းထား ပမာဏတွေက နှစ်စဉ်ပိုမိုမြင့်မားလာတာ ဖြစ်ပါတယ်”လို့ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့  “ဓာတ်အားခ အပြောင်းအလဲ နှင့် သူတို့အမြင်”အစီအစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်က ပြည်သူကို မီးပေးနိုင်တဲ့ အခြေအနေက ၂၀၁၆ ခုနှစ် မှာ ၃၄ ရာခိုင်နှုန်းသာရှိခဲ့ရာက ၂၀၁၉ ဇွန်လအထိ ၄၅ ရာခိုင်နှုန်းကိုပေးနိုင်ပြီး မီးမရသေးတဲ့ ပြည်သူ ၅၅ ရာခိုင်နှုန်းရှိနေပါသေးတယ်။

“အဲဒီပြည်သူတွေအတွက် ဓာတ်အားလိုင်းတွေ Transformer တွေ တိုးချဲ့တည်ဆောက်ပေး ရဖို့ဘဏ္ဍာငွေတွေ သုံးသင့်ပါတယ်။ ဒါ့အပြင် တိုးတက်လိုအပ်လာတဲ့ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်နိုင်ဖို့ ဓာတ်အားပေးစက်ရုံအသစ်တွေ တိုးချဲ့တည်ဆောက်ဖို့ရယ် ပုဂ္ဂလိက ဓာတ်အားပေး စက်ရုံတွေကို ဖိတ်ခေါ်ပြီးတော့ သူတို့ထုတ်လုပ်တဲ့ ဓာတ်အားတွေကို ဝယ်ယူဖို့အတွက် ဒီအတွက်လည်း ဘဏ္ဍာငွေတွေ လိုအပ်ပါတယ်။ ဒီတော့ အမြဲတမ်း တိုးမြင့်စိုက်ထုတ်လာရတဲ့ ငွေတွေ ဒီလိုသာအမြဲ စိုက်နေရမယ်ဆိုရင် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေအတွက် ဘဏ္ဍာငွေတွေအသုံးပြုနိုင်ဖို့ အင်မတန် အားနည်းလာပါမယ်။ တိုင်းပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးဖို့အတွက် ဓာတ်အားခနှုန်းထားကို အပြောင်းအလဲလုပ်ဖို့ အချိန်သင့်ပြီဆိုပြီး အကြီးအကဲတွေသုံးသပ်၊ ကျွန်တော်တို့ဌာနတွေလည်း တွက်ချက်ပြီးတော့မှ ဒီကိစ္စကို စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့ပါတယ်။

ဘယ်လို ဝန်ဆောင်မှုတွေ ပေးမှာလဲ

တာဝန်သိတဲ့လုပ်ငန်းရှင်တွေ၊ တာဝန်ရှိတဲ့ ပြည်သူတွေအနေနဲ့ အစိုးရက နှစ်စဉ် စိုက်ထုတ်နေရလို့ မီတာခတိုးကောက်ချင်ရင်  တိုးကောက်ပါ။ ဒါပေမဲ့ တည်ငြိမ်တဲ့ ဗို့အားနဲ့ မီးမှန်ဖို့ကိုလည်းတောင်း ဆိုလာကြပါတယ်။

ဒီအပေါ် အစိုးရဘက်ကဘယ် လိုတာဝန်ယူမလဲ။ ဘယ်လိုဝန်ဆောင်မှုတွေပေးမလဲလို့ မေးခွန်း ထုတ်ခဲ့ကြပါတယ်။

“အခုစျေးတက်ပြီ။ ဒါက နိုင်ငံအများစုရဲ့စျေးဖြစ်သွားပြီ။ ဖြစ်သွားရင်လည်း ကျွန်တော်တို့က ဒီလိုပေးပြီးတော့ ဝန်ဆောင်မှုကလည်း နိုင်ငံတကာလို ဖြစ်အောင် လုပ်ပေးပါလို့ ကျွန်တော်တင်ပြလိုပါတယ်။ မီးကလည်း ခါတိုင်းလို ခဏခဏ မပျက်ပါစေနဲ့။ လျှပ်စစ်မီးကိုလည်း ကွာလတီရှိရှိ အရည်အသွေးမီမီ ထုတ်လုပ်ပေးပါလို့။ ဘာလို့လဲ ဆိုရင် ကျွန်တော်တို့စက်ရုံတွေမှာ အများကိုပေးတာမနိုင်တဲ့အတွက် တစ်ခါတလေ မော်တာတွေ သုံးရပါတယ်။ မော်တာတွေ၊ စက်တွေသုံး တော့ ၄၄၀ သုံးရတယ်။ တစ်ခါတလေ ဗို့အားက ၃၀၀ နီးပါးလောက်က ကျသွားတယ်။ ဘယ်လိုမှသုံးလို့ မရ ဘူး။ ၃၈၀ အောက်ဆိုရင် သုံးလို့ မရဘူး။ သုံးရင် မော်တာလောင် သွားတာပဲ။ အဲဒီမှာ စက်တွေလည်း ပျက်တယ်။ အဲဒီလိုအခက်အခဲ ရှိတော့ စက်မှုလုပ်ငန်းရှင်အများစုကတော့ ဒီစျေးက ဒီလောက်တက်လာတာကို ကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ခုနကပြောသလို အရည်အသွေးရှိရှိ ထုတ်ပေးပါ။ မီးမပျက်အောင်လုပ်ပေးပါလို့ ဒါလေး ပြောချင်ပါတယ်”ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ နာကယဦးမြတ်သင်းအောင် က DVB ရဲ့ Editorial Talk အစီ အစဉ်မှာ ပြောကြားခဲ့ပါတယ်။

စက်မှုဇုန်တွေမှာ စက်ရုံတွေရဲ့ စက်ပိုင်းဆိုင်ရာသုံးတဲ့ ပစ္စည်းတွေက ကွန်ပျူတာစနစ်နဲ့ အသုံးပြုတာ များလာတယ်လို့လည်း သိရတယ်။ ဒီနေရာမှာ လျှပ်စစ်ဗို့အားတည်ငြိမ်မှုက အရေးပါလာပါပြီ။ ဗို့အား မငြိမ်ရင် သုံးနေတဲ့စက်တွေ ပျက်မှာပဲ။ ဒါဆိုရင် စရိတ်တွေကပိုတက်လာတော့မှာဖြစ်ပါတယ် ။

“လျှပ်စစ်ဓာတ်အားများများ သုံးရတဲ့  စားသောက်ကုန်လုပ်ငန်းတွေမှာ သူတို့ရဲ့ ကုန်ကျစရိတ်ကို ဒီ ထုတ်ကုန်အပေါ်မှာ တင်ရတော့မယ်။ ဒီထုတ်ကုန်ကိုသုံးတာက အလုပ်သမားတွေက သုံးရတော့မယ်။ အဲဒီအခါ  သူတို့ရဲ့စရိတ်က အိမ်မှာ နေတဲ့ အဆောင်ခလျှော့နိုင်တယ် ထားဦးတော့။ အပြင်က နေ့စဉ်ဝယ်သုံးရတဲ့ Consumer Goods တွေ စားသောက်ကုန်တွေအတွက်  လျှော့ရမှာမဟုတ်ဘူး။ အဲဒီအပြင်စရိတ်တွေအတွက် ကျွန်မစိတ်ပူတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ ပါတယ်။

“မီးမပျက်ဖို့ဆိုတာ လျှပ်စစ်ကိုများများ  တိုးထုတ်နိုင်ဖို့လိုပါ တယ်။ ကျွန်တော်တို့နိုင်ငံက လျှပ် စစ်မရသေးတဲ့ပြည်သူတွေ မီးပိုရအောင် ကြိုးစားတည်ဆောက်လာတဲ့ အခါ  NLD အစိုးရလက်ထက်မှာ ၃၄ ရာခိုင်နှုန်း နဲ့စတဲ့နေရာကနေ ဒီနှစ်ကုန်ဆိုရင် ၅၀ ရာခိုင်နှုန်းအထိ  မီးရအောင်၊ ၂၀၂၁ ဆိုရင် ၅၅ ရာ ခိုင်နှုန်းအထိ ပြည်သူတွေမီးရအောင် ဆိုတဲ့ လျှပ်စစ်ရည်မှန်းချက်ထားပြီး ဆောင်ရွက်ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်လေ မီးသုံးစွဲမှုပိုလာလေ ဖြစ်ပါမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းစက်မှုလုပ်ငန်းရှင်တွေရဲ့ စက် မှုလုပ်ငန်းတွေကို ပိုမိုအားပေးပါတယ်။  အလားတူ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကျွန်တော်တို့ အား ပေးပါတယ်။ ဒါကြောင့် Ease of Doing Business မှာလည်း လျှပ်စစ်ဓာတ်အားရရှိရေးကို  ကျွန်တော်တို့ ပိုမိုကြိုးစားဆောင်ရွက်လို့ ပြီးခဲ့တဲ့နှစ်မှာ ရမှတ်တွေတိုးတက်ရရှိခဲ့ပါတယ်။  အမှတ်တိုးတက်ရရှိမှုနဲ့အတူ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကလည်း အင်မတန်များပြားလာပါတယ်။ အဲဒီတော့ ဒီလျှပ်စစ်တွေကို မီးမပျက် အောင် ပေးနိုင်ဖို့ဆိုရင် ဆောင်ရွက်ရမှာက ထုတ်လုပ်ရေးကဏ္ဍကို   တိုးပြီးဆောင်ရွက်ဖို့လိုပါတယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့ပါတယ်။

တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ဓာတ်အားခ တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပေမယ့် လက်ရှိမြန်မာ့စီးပွားရေးအခြေအနေ၊ လုပ်ငန်းရှင်တွေရဲ့ တန့်နေတဲ့လုပ်ငန်းတွေ ၊ ဝင်ငွေထွက်ငွေမမျှတမှုကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက်  မီတာခတိုးမြှင့် ကောက်ခံတာကို ပြန်လည်သုံးသပ်သင့်ကြောင်းနဲ့ နှစ်အလိုက် နှုန်းထားတစ်ခု  သတ်မှတ်ကာ တဖြည်းဖြည်းတိုးမြှင့် ကောက်ခံခြင်းမျိုးသာ ဖြစ်သင့်ကြောင်းလည်း လုပ်ငန်းရှင်တွေက သုံးသပ်ပြောကြားခဲ့ကြပါတယ်။

                    

Most Read

Most Recent