တိတ်ဆိတ်လာသည့် အရှေ့မြောက်ကုန်သွယ်မှု လမ်းမကြီးနှင့် ပြောင်းစိုက်တောင်သူများ၏ မျှော်လင့်ချက်

တိတ်ဆိတ်လာသည့် အရှေ့မြောက်ကုန်သွယ်မှု လမ်းမကြီးနှင့် ပြောင်းစိုက်တောင်သူများ၏ မျှော်လင့်ချက်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်းရှိ လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်တစ်ခုကို တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်းရှိ လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်တစ်ခုကို တွေ့ရစဉ်
Published 30 June 2019
ထွန်းနေလှိုင် (နောင်ပိန်)

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် အကြီးဆုံးနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန် ၂၁ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၇၆၆ သန်းကျော် လျော့ကျနေသည်။

မူဆယ် နယ်စပ်ကုန်သွယ်မှုစာရင်းများအရ မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန် တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ ကျော်ရှိပြီး တရုတ်ဘက်က သွင်းကုန်ဒေါ်လာ ၁ ဒသမ ၂၉ ဘီလျံ ကျော်ရှိသဖြင့် မြန်မာဘက်မှ ပို့ကုန် အသာစီးရနေသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း လက်ရှိအချိန်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ယင်းတို့ အဓိကဆက်သွယ် သွားလာကုန်သွယ်နေသည့် မန္တလေး - လားရှိုး -မူဆယ် လမ်းပိုင်းများ၌ ကုန်တင်ယာဉ် အသွားအလာ အဝင်အထွက် နည်းပါးပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု သိသိသာသာ လျော့ကျလာသည်ကို လုပ်ငန်းရှင် များ၏ ပြောကြားချက်အရ သိရသည်။

ယခင်ကတစ်နေ့လျှင် ယာဉ်စီးရေ ၅၀၀၀ ဝန်းကျင်အထိ ဖြတ်သန်းနေသော အရှေ့မြောက်ဒေသရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယခုအခါ ယာဉ်စီးရေ ၂၀၀၀ အောက်သာ ပုံမှန်ဖြတ်သန်းလျက်ရှိတော့ကြောင်း အိုရီယမ်တယ် ဟိုင်းဝေး တိုးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အရင်ကဆိုရင် တစ်ရက်တစ်ရက် ကုန်တင်ယာဉ်၊ အိမ်စီးယာဉ် နဲ့ ခရီးသည်တင်ယာဉ်စီးရေ ပုံမှန်အားဖြင့်  ၅၀၀၀  ဝန်းကျင် ဖြတ်သန်းသွားလာပါတယ်။ ယာဉ်ကြောပိတ်တယ်။ ကားလမ်းပိတ်တယ်ဆိုရင် ဒီကုန်တင်ယာဉ်တွေကို ထိန်းဖို့ မလွယ်ဘူး။ ကျော်တက်တဲ့ကားက ကျော်တက်တယ်။ လမ်းတွေ ပိုပိတ်ပြီး ကြန့်ကြာမှုတွေ ပိုဖြစ်တယ်။ ဘယ်နေရာ ယာဉ်ကြောပိတ်ပိတ် ယာဉ်ကြောတစ်ခါပိတ်ရင် ယာဉ်စီးရေက ထောင်ချီပြီး သောင်တင်နေတတ်တယ်။ အဲဒီတုန်းက ယာဉ်စီးရေက တော်တော်များတယ်လေ။  ဒါတွေ ကတော့ အရင်ကပါ။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ အရှေ့မြောက်ဒေသက ပြည်ထောင်စုလမ်းမကြီးပေါ် တစ်ရက်တစ်ရက် ပုံမှန် ဖြတ်သန်းနေတဲ့ ယာဉ်တွေက စီးရေ ၂၅၀၀ အောက်ပဲ ရှိတော့တယ်။ အရင်ကထက် ထက်ဝက်ကို လျော့ကျသွားတယ်။ အဓိကကတော့ တရုတ်နဲ့  စီးပွားရေးအဆင်မပြေဘူး။ ပြောင်းတွေကိုလည်း တရုတ်က ဝင်ခွင့်မပြုဘူးလေ” ဟု လားရှိုးမြို့ မြို့ရှောင်လမ်းရှိ အိုရီယမ်တယ်ဟိုင်းဝေး ယာဉ်ဖြတ်သန်းဂိတ်  တာဝန်ခံ ဦးလှညွန့်က ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့်  လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန် ထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် AQSIQ ( General Administration of Quality In-spection, Supervision and Quarantine ) မှတ်ပုံတင်ထားသည့် ကုန်စည်မှာ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဆီးသီးငါးမျိုးသာရှိပြီး ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင် တင်ပို့နေရသည့်  အခြေ အနေရှိနေသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ တစ်ဖက်နိုင်ငံ၏ စျေးကွက် အနိုင်ကျင့်ခံရမှုများ မကြာခဏပေါ်ပေါက်လျက်ရှိပြီး ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ကုန်သည် စက်မှုအသင်းချုပ် နယ်စပ်ဒေသ ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်  ဦးကိုကိုကြီးက မတ် ၁၅ ရက်က ကျင်းပသည့်  ဒုတိယသမ္မတဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ တွင် တင်ပြခဲ့သည်။

“ပြောင်းက တရုတ်ပြည်ထဲ သွားရောင်းလို့မရဘူး။  အခြေအနေ က တရုတ်နဲ့ MoU ထိုးဖို့လိုတယ်။  တရုတ်ဘက်က ပိုးမွှားကာကွယ်ရေးဌာနက မြန်မာပြည်ဘက်ကိုလာပြီး ဘယ်အရာတွေကို ဘယ်လိုလုပ်ပေး ရမယ်ဆိုတဲ့အချက်တွေ လာညှိနှိုင်းပြီးပါပြီ။  အားလုံးသဘောတူပြီးပြီ။  စိုက်ပျိုးရေးဌာနကနေ တရုတ်ပြည်ထဲ စာချုပ်သွားချုပ်ရမယ်။ ပြီးရင်တော့ တရုတ်ပြည်ကို ပြောင်းတင်ပို့ဖို့ ပါမစ်လျှောက်လို့ရပြီပေါ့။   ပိုးမွှားကာကွယ်ရေးဌာနက စိုက်ပျိုးရေးနဲ့ဆိုင်တယ်။ အဲဒီကိစ္စက ပြီးသွားတာကြာပြီ။ လက်မှတ်ထိုးပေး ဖို့ပဲလိုတယ်။ အခုလောလောဆယ် ပြောင်းတွေကို တရုတ်ပြည်ကို တင်ပို့လို့မရတော့ ပြောင်းစိုက်တဲ့ တောင် သူတွေရော ပြောင်းသိုလှောင်တဲ့ ကုန်သည်တွေပါ အကုန်ဒုက္ခရောက်နေတယ်။ မြန်မာပြည်ထဲက ပြောင်း တွေမှာ ဘယ်ပိုးတွေ ကျရောက်တတ်တယ်။  အဲဒီပိုးတွေပါတဲ့ ပြောင်းတွေကို တရုတ်ပြည်ကိုတင်ပို့တဲ့အခါ ပိုး သတ်ပြီးမှ တင်ပို့ရမယ်ဆိုတဲ့ အချက်တွေပါတယ်။ ညှိနှိုင်းတာ တစ်နှစ်လောက်ကို ကြာတယ်။ အဲဒီလက် မှတ်ထိုးပြီးတဲ့ အဆင့်ပြီးရင်တော့ တရုတ်ပြည်ထဲကို ဆန်တင်ပို့သလို တင်ပို့ရောင်းချလို့ ရပြီပေါ့ဗျာ”ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံဒေသ အသီးသီး၌ စိုက်ပျိုးဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများလည်း တရုတ်ပြည်တွင်းသို့ နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရားဝင်တင်သွင်းခွင့်မရသဖြင့် တောင်သူများအဖို့ စျေးကွက်ရရှိမှု နည်းပါးနေပြီး တရုတ်သို့ တင်သွင်းရောင်းချခွင့်ရရှိမှသာ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကုလားပဲ၊ ပဲစင်းငုံ၊နှမ်းလုံး။  နှမ်းလုံးဆိုတာကလည်း တရုတ်ပြည်မှာ ဝယ်လက်ရှိတယ်။ စျေးလည်း ကောင်းတယ်။ ပြောင်းမစိုက်ဘဲ နှမ်းလုံးတွေစိုက်ရင်တောင်မှ ဖြစ်တယ်။ ဒါပေမဲ့ အခုသွင်းလို့မရဘူး။  မက္ကာ ဒေးမီးယား၊ နာနတ်သီး၊ ထောပတ်သီး ဒါတွေလည်း ဝင်လို့မရဘူး။ ဒါတွေကို အစိုးရက တရုတ်နဲ့ညှိနှိုင်းပြီး ဝင်လို့ရအောင် လုပ်ပေးနိုင်ရင်ပိုကောင်းတယ်။ ဒါမှမဟုတ်ရင် မြန်မာပြည်ကတောင်သူတွေ အများကြီး စျေးကွက်နစ်နာနေပါတယ်။ ကျွန်တော်တို့ကတော့ တောင်သူတွေ စိုက်တဲ့သီးနှံတွေ တရုတ်ပြည်မှာ ရောင်းလို့ရအောင် လုပ်ပေးစေချင်တယ်။ ဒါမှလည်း တောင်သူတွေအတွက် အကျိုးရှိမယ်”ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ဆက်လက်ပြောကြားသည်။

“အခုအချိန်က မိုးလည်းကျလာပြီဆိုတော့ အရင်ကထက်တော့ ကုန်စည်ကူးသန်းမှုက လျော့လာတာပေါ့။ နောက်တစ်ချက်ကတော့ ပြောင်း၊ ဆန်၊ သကြားတို့လည်း နည်းနည်း အခက်အခဲ အကျပ်အတည်း  ဖြစ်နေတော့ ခါတိုင်းနှစ်ထက်တော့  ပို့ကုန်မှာ ကျတယ်။ နောက်ပြီးသွင်းကုန်မှာလည်း ကားခတွေ စျေးတက် တော့ ခါတိုင်းနှစ်ထက်တော့ မများဘူး။ တစ်ရက်တစ်ရက် ကုန်တင်ကားစီးရေ အတက်အဆင်း ၁၀၀၀ တောင် မပြည့်ဘူး။ ပြောင်းကိုတော့ တရုတ်ဘက် တင်ပို့လို့မရတော့ မြဝတီဘက်ကို တင်ပို့နေကြတယ်လို့ ကြားတယ်”ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ဦးထွန်းကိုကိုက ပြောကြားသည်။

ယခုအချိန်သည် ပြောင်းစိုက် ရာသီအသစ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယခင်နှစ် ပြောင်းများ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရောင်းချခွင့်မရရှိခဲ့ခြင်းကြောင့်  ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြောင်း သိုလှောင်ရုံများတွင် ပြောင်းများစုပြုံနေပြီး အချို့မှာ ရန်ကုန်၊ မြဝတီမြို့များသို့ အရှုံးခံကာ ငွေပေါ်ရန် တင်ပို့ ရောင်းချနေကြရကြောင်း သိရသည်။

“လက်ရှိအချိန်မှာတော့ ပြောင်းပွဲရုံတွေတိုင်းမှာ ပြောင်းတွေ စုပြုံနေတုန်းပဲ။  အရင်နှစ်က ပြောင်းတွေပေါ့။ ဘယ်မှာသွားရောင်းရမလဲ။ စျေးကွက်မရှိဘူး။  တရုတ်ပြည်ကိုမှ တင်ပို့ခွင့်မရရင် ဘယ်လိုမှ အဆင်မပြေဘူး။ ပိုးမထိုးအောင် ဆေးဖျန်းရတယ်။ တချို့လည်း ငွေပေါ်အောင်ဆိုပြီး ရန်ကုန်ပို့တယ်။ တချို့မြဝတီကနေ ထိုင်းဘက်ကိုပို့တယ်။ ဒါကမြတ်လို့မဟုတ်ဘူး။ အရှုံးပေါ်တယ်။ ဒါကြောင့် ဒီတစ်နှစ် ပြောင်းစိုက်တဲ့သူတွေ ပြည့်ပြည့်ဝ၀  မစိုက်နိုင်ကြဘူး။ ပွဲရုံတွေကတောင်သူတွေကို မျိုးစေ့တွေ၊ စိုက်ပျိုးစရိတ်တွေ ထုတ်ပေးတယ်။ ဒီတစ်နှစ်ပြောင်းက ရောင်းလို့မရတော့ မထုတ်ပေး နိုင်ဘူး။ ကျွန်တော့်အထင်တော့ ဒီ တစ်နှစ် ပြောင်းစိုက်တဲ့တောင်သူတွေအနေနဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားနိုင်တယ်လို့ ထင်တယ်”ဟု ပြောင်းပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဦးစိုင်းအောင်က ပြောကြားသည်။

နှစ်စဉ် ပြောင်းစိုက်ပျိုးချိန်များ တွင် ပုံမှန်အားဖြင့် ပြောင်းစိုက်ပျိုးလေ့ရှိကြသော ပြောင်းစိုက်တောင်သူများအဖို့ ယခုနှစ်တွင် ယခင်နှစ်ကကဲ့သို့  ပြောင်းခြံသို့ ဝင်ရောက်သူ နည်းပါးနေကြောင်း သိရသည်။

“အဓိကကတော့ တရုတ်ကို တင်ပို့တဲ့ ပြောင်းစျေးကွက်ပျက်တာပဲဗျ။ ရွာတွေက ပြောင်းစိုက်တောင် သူတွေဆီမှာ ပြောင်းတွေ သူတို့စိုက် လို့ရတဲ့ပြောင်းတွေရဲ့ ထက်ဝက်ကျော် ကျန်နေသေးတယ်။  သူတို့က လည်းစျေးကောင်းမယ့် အချိန်ကို စောင့်နေကြတာပေါ့။ အခု ကျွန်တော်တို့ ပွဲရုံတွေရဲ့ ပြောင်းဂိုဒေါင် တွေထဲမှာရှိနေတဲ့ ပြောင်းတွေက အရင်တစ်နှစ်က တောင်သူတွေစိုက်ဖို့ ထုတ်ပေးထားတဲ့ မျိုးစေ့ဖိုးတွေကို ပြန်လာသွင်းတာရယ်၊ ပြောင်းပေါ်ပြီး သူတို့ရိုးရာ နှစ်သစ်ကူးပွဲတော်တွေမှာ သုံးဖို့အတွက်လောက်ပဲ လာရောင်းတဲ့ပြောင်းတွေပါ။ သူတို့ဆီမှာ ပြောင်းတွေ အများကြီးကျန်နေသေးတယ်”ဟု လားရှိုးမြို့ စေတနာပွဲ ရုံမှ ကိုအောင်ဇော်လတ်က ပြောကြားသည်။

လားရှိုးမြို့ရှိ ပြောင်းပွဲရုံများ သည် လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့် ပေါင်ဒေသများအပြင်  ရှမ်းပြည်နယ် (တောင်ပိုင်း) ဝမ်စိမ်း၊ ခိုလမ်၊ မိုင်းရှူး ဒေသများအထိ ပြောင်းမျိုးစေ့များ ဖြန့်ဖြူးရောင်းချရပြီး ယခုနှစ်တွင်မူ ပြောင်းမျိုးစေ့ရယူ၍ စိုက်ပျိုးကြသူ လွန်စွာနည်းပါးခဲ့ကြောင်း သိရသည်။

စျေးကွက်တည်ငြိမ်မှုမရှိခြင်း၊ စျေးကွက်ပျောက်နေခြင်းစသည့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသည့် ပြောင်းစိုက်တောင်သူများအဖို့  လက်ရှိစိုက်ပျိုးလျက်ရှိသော ပြောင်းစိုက်ခင်းများတွင် FAW ငမြှောင်တောင်ပိုး ကျရောက်မှုများ ဖြစ်ပေါ်နေသဖြင့်  တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို အခက်ကြုံနေရပြီး ပြောင်းစိုက်တောင်သူများအတွက် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ခရိုင်ခြောက်ခရိုင်တွင် ယခုနှစ် ပြောင်းစိုက်ပျိုးရာသီအတွင်း ပြောင်းစိုက်ဧက ၃၇၃၄၀၂ ဧကစိုက်ပျိုးရန် လျာထားလျက်ရှိပြီး ဇွန် ၂၆ ရက်အထိ ၁၃၇၅၀၉ ဧကစိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးပြီးစီးခဲ့သည့် ပြောင်းစိုက်ဧက ၁၃၇၅၀၉ အနက် FAW  ငမြှောင်တောင်ပိုးကျရောက်သော ပြောင်းစိုက်ဧကမှာ ၁၆၄၀၁ ဒသမ ၅၅ ဧကအထိ ရှိနေကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) စိုက်ပျိုး ရေးဦးစီးဌာန၏ စာရင်းဇယားများ အရ သိရသည်။

“ Fall Armyworm (FAW) လို့ခေါ်တဲ့ ငမြှောင်တောင်ပိုး နှိမ်နင်းရေး ပညာပေးလုပ်ငန်းကို ဧပြီလ နောက်ဆုံးပတ်ကတည်းက သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လိုက်လုပ်တယ်။ ပိုးရဲ့သဘာဝအကြောင်း၊  ဘယ်လို နှိမ်နင်းရတယ်ဆိုတဲ့အကြောင်း ကျေးရွာတွေမှာ လိုက်လုပ်ပါတယ်။ ပိုးကျတာတွေ တွေ့ရင် လည်းပဲ စိုက်ပျိုးရေးဝန်ထမ်းတွေက အစုအဖွဲ့တွေ ဖွဲ့ပြီးတော့ ပိုးကျတဲ့ စိုက်ခင်းတွေဆီ အရောက်သွားပြီး ဘာဆေးဖျန်းရမယ်။ ဘယ်လိုနှိမ်နင်းရမယ်ဆိုတာတွေကို အသိပညာပေးလျက်ရှိပါတယ်”ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မန်နေဂျာ ဦးမြကျော်က ပြောကြားသည်။ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြောင်းစိုက်ခင်းများတွင် FAW ငမြှောင်တောင်ပိုး ကျရောက်မှုမှာ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့ နယ်သည် အဆိုးရွားဆုံးဖြစ်ပြီး ၎င်းနှစ်မြို့နယ်အတွင်း ဧက ၁၄၀၀၀ ခန့်အထိ ပိုးကျလျက်ရှိကြောင်း သိရသည်။

“ဇွန်လ ပထမပတ်အတွင်းက နေစပြီး ဒီနယ်တစ်ဝိုက်က ပြောင်းစိုက်ခင်းတွေမှာ ပိုးတွေကျတယ်။ ဒါနဲ့ စိုက်ခင်းတွေမှာ ပိုးသတ်ဆေးတွေ တော်တော်ဖျန်းလိုက်ရတယ်။ အခု မိုးလည်းနည်းနည်းပြန်ကျလာပြီဆိုတော့ ပိုးကျတာတွေ လျော့သွားတယ်။ စောင့်တော့ကြည့်နေရတုန်း ပဲ။ ကျောက်မဲနယ်တစ်ဝိုက် ပြောင်းစိုက်တာ စောတဲ့ စိုက်ခင်းမှန်သမျှ ပိုးကျတဲ့ဒဏ်တွေ ခံရတယ်။ အရင်နှစ်က ပြောင်းတွေ ရောင်းမရလို့ အခက်ကြုံနေရလို့မှ မဆုံးသေးဘူး။  ဒီတစ်နှစ် ပြောင်းစိုက်ရာသီပြောင်း စိုက်ခင်းတွေမှာ ပိုးပြန်ကျတော့ ပြောင်းစိုက်တောင်သူတွေ တကယ့်ကို အထိနာတဲ့နှစ်ပါပဲ”ဟု ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာမှ ပြောင်း စိုက်ပျိုးသူ စိုင်းမြင့်ထွန်းနိုင်က ပြောကြားသည်။

ပြောင်းသိုလှောင်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် အနီးစပ်ဆုံးဖြစ်သော တရုတ်နိုင်ငံအတွင်း သို့ ပြောင်းတင်ပို့ ရောင်းချခွင့်မရ သည့်အတွက် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံစျေးကွက်အတွင်းသို့ တင်ပို့ ရောင်းချလျက်ရှိရာ ငွေကြေးနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ကြရကြောင်း သိရသည်။

 “တရုတ်ကို ပြောင်းတွေတင်ပို့ ရောင်းချလို့မရတဲ့အတွက် အရင်နှစ်က သိုလှောင်ထားတဲ့ ပြောင်းတွေကို မြဝတီစျေးကွက်အတွင်းကို တင်ပို့ ရောင်းချနေကြရတယ်။ ဒါကအမြတ်ရလို့လား ဆိုတာမဟုတ်ပါဘူး။  အရှုံး ပေါ် တယ်။  အချိန်လည်း ရှုံးတယ်။ ငွေကြေးလည်းရှုံးတယ်။ ကျွန်တော်တို့ တရုတ်ကိုတင်ပို့ရင် သုံးရက်ဆိုရင် တစ်ခေါက်ရတယ်။  အခု မြဝတီ ကို တင်ပို့တဲ့အခါ ရှစ်ရက်လောက်ကြာမှ တစ်ခေါက်ရတယ်။ ၂၂ ဘီး တွဲကားတစ်စီးတင်ရင် သိန်း ၂၀ ဝန်း ကျင် အရှုံးပေါ်ပါတယ်။  ပြောင်းတစ် အိတ်ကိုပျမ်းမျှ ၃၀၀၀ နဲ့ ၄၀၀၀ ကြား ရှုံးတယ်။  ၂၂  ဘီးတွဲကားတစ်စီး ကို အိတ် ၇၀၀ ဝန်းကျင် တင်တယ်ဆို တော့ ပျမ်းမျှသိန်း ၂၀ ကျော်ကျော် ရှုံးတယ်။ ဒါပေမဲ့ ပြောင်းတွေကိုဒီအတိုင်းထားတော့လည်း မဖြစ်နိုင်တော့ တရုတ်ပြည်ထဲ ပြောင်းတင်ပို့ရောင်းချလို့ရမယ့် အချိန်ကိုစောင့်ရင်းငွေပေါ်အောင် ရောင်းနေကြရတယ်”ဟု ကျောက်မဲမြို့နယ်အတွင်းရှိ ပြောင်းသိုလှောင်ရောင်းဝယ်သူ ကုန်သည်တစ်ဦးက ပြောကြားသည်။

ယခင်က တရုတ်ဝယ်လက်ကို အဓိကထား အားကိုးခဲ့သည့် ပြောင်းစျေးကွက်သည် ယခုအခါ အရည်အ သွေးကြောင့်လား။ စျေးကွက်အခြေအနေကြောင့်လား။  လားပေါင်းများစွာနှင့် ပို့ကုန်မျက်နှာငယ်စရာများ ကြုံနေကြရသည်။ ပြောင်းစိုက်တောင် သူနှင့် ပြောင်းကုန်သည်တို့၏ အခက်အခဲကို မည်သူကဖြေရှင်းပေး မည်နည်း။ 

ယခင်က  ကုန်တင်ယာဉ်ကြီးများ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရန် သွားလာကြသည့် ယာဉ်များဖြင့် စည်ကားခဲ့သော မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် အရှေ့မြောက်ဒေသရှိ ပြည်ထောင်စုကား လမ်းမကြီး ယခင်ကဲ့သို့ ပြန်လည် စည်ကားလာအောင် မည်သူ့တွင်တာဝန်ရှိသနည်း ဆိုသည်ကတော့ ...။

 

Most Read

Most Recent