ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုတွင် အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ရရှိရေး အရေးကြီးအဆိုအား လွှတ်တော်က အတည်ပြု

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုတွင် အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ရရှိရေး အရေးကြီးအဆိုအား လွှတ်တော်က အတည်ပြု
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး ပြုလုပ်စဉ်
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး ပြုလုပ်စဉ်
Published 26 June 2019
သန်းလှိုင်

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုတွင် အင်တာနက်လိုင်းများ အမြန်ဆုံး ပြန်လည်ရရှိရေး ပြည်နယ်အစိုးရ မှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ဇွန် ၂၄ ရက်က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လွှတ်တော်အတွင်း ဆက်လက် ဆွေးနွေးရန် အတည်ပြုခဲ့ရာ ဇွန် ၂၆ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီးနောက် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား မင်းပြားမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ ဦးလှသိန်းအောင်က တင်ပြခဲ့ခြင်းဖြစ်ကာ ထိုသို့ အဆိုတင်သွင်းရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများကို အားပေးအားမြှောက်ရာ ရောက်ကြောင်း၊ ပြည်သူအခြေပြု ဒီမိုကရေစီစနစ်ကို အပြည့်အဝရရှိရန် ဖော်ဆောင်နေချိန်တွင် အစိုးရအနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း ပြည်သူများ ဒုက္ခရောက်ရှိနေသော မြို့နယ်များကို အင်တာနက်လိုင်း ဖြတ်တောက်ခြင်းသည် စစ်မက်ဖြစ်ပွားရာ ဒေသခံ ပြည်သူများအား ဒုက္ခတွင်းနက်သို့ ကျရောက်စေရန် တွန်းပို့လိုက်ခြင်း ဖြစ်ကြောင်း၊ ဧပြီ ၁၈ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော်အတွင်း သက်ဆိုင်ရာမှ ထုတ်ပြန်သည့် သတင်းများသည် လက်တွေ့ မြေပြင် အခြေအနေများနှင့် ကွာခြားခြင်းကြောင့် သတင်းမှန်များ ရရှိ ထုတ်ပြန်ပေးရေးအတွက် မီဒီယာ သတင်းအား သတင်းမှန်ရယူနိုင်ရန် ကူညီ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကို  ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းလည်း တင်ပြခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ကျွန်တော့် အဆိုကို လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးပြီးတဲ့နောက်မှ ကန့်ကွက်သူ ရှိသလားလို့ လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းခဲ့ပေမယ့် ကန့်ကွက်သူ မရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ကျွန်တော် ပြောချင်တာက ဧပြီ ၁၈ ရက်ကလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အတည်ပြုခဲ့တာ ရှိတယ်။ အခုတစ်ခါ အင်တာနက် ပိတ်လိုက်တော့ တည်ငြိမ်အေးချမ်းရေးကို ဖြစ်စေတယ်လို့ သူတို့ ထင်သလားတော့ မသိဘူး၊ ဒီကိစ္စဟာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်လို့ မြင်တယ်။ နောက်ပြီး ဆိုရှယ်မီဒီယာ လွတ်လပ်ခွင့် ရနေတဲ့ အချိန်မှာတောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို မြင်တွေ့နေရတော့ အခုလို အင်တာနက် ပိတ်လိုက်ရင် လူအခွင့်အရေးတွေ ချိုးဖောက်မှု ပိုမိုဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အခုလို ဒီအဆိုကို တင်သွင်းရတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထောက်ခံဆွေးနွေးသူ မြောက်ဦးမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “အင်တာနက် ပိတ်ထားတဲ့အတွက် ပြည်သူတွေ အခက်အခဲ အများကြီး ဖြစ်နေကြရတယ်။ အထူးသဖြင့် စစ်ဘေးရှောင် ပြည်သူတွေအတွက် ကူညီမှုတွေ လုပ်ဆောင်နေသူတွေ အနေနဲ့ ကူညီဖို့ အဆင်မပြေဘူး၊ အင်တာနက်ကို အသုံးပြုပြီး အလုပ်လုပ်ကိုင် ဝင်ငွေရှာသူတွေကလည်း အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က အင်တာနက် ပိတ်ထားကို ပြန်ဖွင့်ပေးဖို့အတွက် ထောက်ခံဆွေးခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။                      

Most Read

Most Recent