သရုပ်ဆောင် ထူးအောင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ထူးအောင်နှင့် တွေ့ဆုံခြင်း
Published 12 June 2019
သိင်္ဂီဝင်းထွန်း

မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်များအားပေးမှုမှတစ်ဆင့် သရုပ်ဆောင်အနုပညာတွေ လုပ်ကိုင်ရင်း ပရိသတ်တွေအချစ်ကို ရရှိထားသူကတော့ သရုပ်ဆောင်ထူးအောင်ပါ။ သရုပ်ဆောင်ထူးအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ လေဒီဘွိုင်းဇာတ်ကားကိုလည်း ဇွန် ၆ ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ထူးအောင်ကို  ဂန်းစတားတစ်ယောက်အဖြစ် မြင်တွေ့ကြရမှာဖြစ်ပြီး လေဒီဘွိုင်းဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို အွန်လိုင်းတင်ချိန်မှာလည်း ပရိသတ်တွေက ထူးအောင်ရဲ့ သရုပ်ဆောင်မှုများကို သဘောကျခဲ့ကြတဲ့အတွက် ဇာတ်ကားနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ၊ ကြိုးစားမှုတွေ၊ ရှေ့ဆက် အနုပညာခြေလှမ်းတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လေဒီဘွိုင်းဇာတ်ကားထဲမှာ အစ်ကို့ကို ဘယ်လိုမျိုးမြင်ရမလဲ။

ဖြေ - ဒီကားထဲမှာ ကျွန်တော်က ခိုင်ဒီဆက်ဆိုတဲ့နာမည်နဲ့ ယိုးဒယား - မြန်မာကပြား ဂန်းစတားတစ်ယောက်အနေနဲ့ သရုုပ်ဆောင်ထားပါတယ်။

မေး - ဂန်းစတားတစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ အမှတ်တရက။

ဖြေ - အမှတ်တရကတော့ ကျွန်တော် ယိုးဒယားစကား ပြောထားတယ်။ ဒီကားမှာ ကျွန်တော်က ယိုးဒယား - မြန်မာ ကပြားဆိုတော့ မြန်မာနဲ့တွေ့တဲ့အခါ ကျွန်တော်က မြန်မာစကားပြောရတယ်။ ယိုးဒယားနဲ့ဆုံရင် ယိုးဒယားစကားပြောတယ်ပေါ့။ အဲဒီအခါမှာ ကျွန်တော်ယိုးဒယားစကားကို မပီပြင်မှာ စိုးရိမ်တာလေးတစ်ခုတော့ ရှိတယ်။

မေး - ထိုင်းအနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အပေါ်မှာကော အစ်ကိုအနေနဲ့ ဘယ်လိုအတွေ့အကြုံသစ်တွေရလဲ။

ဖြေ - သူတို့က ကိုယ့်အလုပ်ကို တာဝန်ယူတယ်။ ကိုယ်က ဘယ်အပိုင်းကျလဲ၊ အဲဒီကျတဲ့အပိုင်းကို အပြည့်အဝ တာဝန်ယူတယ်။ မခိုမကပ်ဘူး။ အဝတ်အစားဆိုလည်း အဝတ်အစားအလျောက်၊ အစားအစာဆိုလည်း အစားအစာအလျောက်၊ သရုပ်ဆောင်တွေဆိုလည်း အမြဲတမ်းရှိနေတာမျိုးပေါ့။

မေး - နောက်ပိုင်းတွေမှာကော အခုလိုအက်ရှင်ကားတွေ ဆက်ရိုက်သွားဖို့ရှိလား။

ဖြေ - ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုလိုအက်ရှင်ကားတွေ အများကြီးရိုက်ချင်ပါတယ်။

မေး - ဒီဂန်းစတားဇာတ်ရုပ်အတွက်ရော ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့ရလဲ။

ဖြေ - ပြောရမယ်ဆိုရင် ဒီဇာတ်ကားလေးက ကာရိုက်တာမျိုးစုံပါတယ်။ ဟာသတွေပါမယ်၊ ဒရမ်မာတွေပါမယ်၊ အက်ရှင်တွေလည်းပါတယ်။ အက်ရှင်တွေဆို ကျွန်တော်တို့ ဇာတ်ကားမရိုက်ခင်မှာ ရီဟာဇယ်ဗွီဒီယိုတွေ ရိုက်တယ်။ စတီးကြိုးတွေ ခန္ဓာကိုယ်မှာ တပ်တယ်၊ လျှောက်တယ်။ တကယ်ရိုက်တဲ့အခါမှာလည်း သုံးရက်လောက်ရိုက်ရတယ်။ ပြီးတော့ အဲဒီအခန်းကိုပဲ မကြိုက်လို့ဆိုပြီး နောက်ထပ်သုံးရက်လောက် ထပ်ရိုက်ရတယ်။ ဖိုက်တင်အခန်းတွေ တော်တော်များပါတယ်။

မေး - ဒီကားလေးက LGBT Support လို့ ပြောလို့ရလား။ အစ်ကို့အမြင်ကရော။

ဖြေ - ဒီကားက နာမည်သာတပ်ထားတာပါ။ တကယ်ကျ အဲဒါနဲ့ပတ်သက်ပြီး ဘာမှမပြောထားပါဘူး။ ကျွန်တော်တို့က ဒီကားထဲမှာ ကိုပြေနဲ့ ဦးခင်လှိုင်က သူတို့အသက်ရှင်ဖို့အတွက် ဒီလိုဟန်ဆောင်ရတာပါ။ အဲ့ Life ကြီးကို ပြနေတာမဟုတ်ပါဘူး။

မေး - အစ်ကို့အနေနဲ့ဆိုရင် LGBT ကို ဘယ်လိုမြင်လဲ။

ဖြေ - ဒါကတော့ မိမိဘဝမှာ ကိုယ်ကြိုက်တာကိုယ် လုပ်ပိုင်ခွင့်ရှိပါတယ်။

မေး - Gym Trainer တစ်ယောက်အနေနဲ့ရော Gym ဆော့နေတဲ့သူတွေကို ဘယ်လိုနည်းလမ်းမျိုးတွေ ပေးချင်လဲ။

ဖြေ - ဂျင်မ်ဆော့နေတဲ့အခါမှာ ကိုယ်ဘာဆော့တယ်ဆိုတာကို ကိုယ့်ရဲ့နည်းပြနဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်တယ်။ ကိုယ်က ဘယ်လိုပုံစံမျိုးသွားချင်တာလဲ။ ကိုယ်နဲ့မတည့်တာတွေ ဘာရှိလဲ။ အဲဒီလို အစစအရာရာ အသေးစိတ်ကအစ ဂရုစိုက်ပြီး လုပ်သွားစေချင်ပါတယ်။ အဲဒီလိုက ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်။ ကိုယ့်အတွက်လည်း ကောင်းတယ်။

မေး - ဂျင်မ်ဆော့နေတဲ့သူတွေအတွက် အစားအစာပိုင်းဆိုရင်ကော ဘယ်လိုအကြံပေးချင်လဲ။

ဖြေ - အစားအစာပိုင်းဆိုရင် အဆီပါတဲ့အစားအစာတွေ စားနေမယ်ဆိုရင် ခန္ဓာကိုယ်က ဘယ်လိုမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်နဲ့လိုက်ဖက်ညီတဲ့ အစားအစာကို ဂရုစိုက်ပေးပါ။

မေး - အစ်ကိုကိုယ်တိုင် ခန္ဓာကိုယ်ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်ကိုယ်တိုင်ကတော့ ရိုက်ကူးရေးတွေရှိရင် အစားအစာကို ဂရုတစိုက်စားဖြစ်တယ်။ အဆီမပါတဲ့အစာတွေပေါ့။ ကြက်သားပြုတ်တို့ ကြက်ဥပြုတ်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် အရသာမရှိတဲ့ အစာတွေစားတယ်။

မေး - အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကို ပြောပြပေးပါဦး။

ဖြေ - အခုက Media 7 နဲ့ အကြင်နာမြစ်ဖျားဆိုတဲ့ ဇာတ်လမ်းတွဲလေး ဆက်ရိုက်ကူးဖို့ရှိပါတယ်။

 

 

Most Read

Most Recent