ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထောက်အကူ ပြုနိုင်ရေးအတွက် အစိုးရနှင့် UNDP၊ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို တစ်နှစ်သက်တမ်းတိုးမြှင့်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထောက်အကူ ပြုနိုင်ရေးအတွက် အစိုးရနှင့် UNDP၊ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို တစ်နှစ်သက်တမ်းတိုးမြှင့်
Exchange of Letters လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မေ ၂၈ ရက်က ကျင်းပစဉ်
Exchange of Letters လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မေ ၂၈ ရက်က ကျင်းပစဉ်
Published 29 May 2019
မင်းနိုင်စိုး

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူ ပြုနိုင်ရေးအတွက် အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို တစ်နှစ်သက်တမ်း တိုးမြှင့်လိုက်ကြောင်း မေ ၂၈ ရက်က ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် UNDP၊ UNHCR တို့အကြား Exchange of Letters လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မေ ၂၈ ရက်တွင် နေပြည်တော်ရှိ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် UNDP၊ UNHCR တို့အကြား နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပြီး ယင်းလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ယခင်နားလည်မှု စာချွန်လွှာအား ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်အထိ တစ်နှစ်သက်တမ်း တိုးမြှင့်၍ Exchange of Letters လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေး အပြီးတွင် နေရပ်စွန့်ခွာ သူ ၂၂၄၃၂ ဦးနှင့်ပတ်သက်၍ လိုအပ်သော စိစစ်မှုများကို ဆောင်ရွက်နေပြီး သုံးပွင့်ဆိုင် MoU စာချုပ်အရ UNDP နှင့် UNHCR တို့မှ ဝန်ထမ်းများ ပါဝင်သည့် အကဲဖြတ်အဖွဲ့၏ ဆန်းစစ်ချက်များအရ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုမှ ကျေးရွာပေါင်း ၁၀ ရွာနှင့် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ကျေးရွာပေါင်း ၁၄ ရွာတို့တွင် ပထမအသုတ် Community – Based Project ၃၅ ခုအနက်မှ ၂၁ ခု၏ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ငါးအုပ်စုမှ ကျေးရွာပေါင်း ၂၀ နှင့် မောင်တော မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ကျေးရွာပေါင်း ၁၅ ရွာတို့တွင် ဆောင်ရွက်မည့် ဒုတိယအသုတ် Community – Based ၃၆ ခုအနက်မှ ၁၃ ခု၏ လုပ်ငန်းဆောင်ရွက်ခွင့်တို့ကို ယခုနှစ် ဧပြီ ၁၉ ရက်အထိ နယ်မြေဒေသ လုံခြုံရေး အခြေအနေ လေ့လာဆန်းစစ်စုံစမ်း၍ ဆောင်ရွက်ရန် ခွင့်ပြုပေးထားခဲ့ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။

ထို့ပြင် သုံးပွင့်ဆိုင် MoU အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကွင်းဆင်း အကဲဖြတ်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် ကျေးရွာအုပ်စုများကိုလည်း အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် သုံးပွင့်ဆိုင် MoU အား တစ်နှစ်သက်တမ်းတိုး၍ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ကူညီဆောင် ရွက်ပေးသည့် UNDP နှင့် UNHCR တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး တို့အတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းပြောကြားသည်။

ထို့နောက် UNHCR ဌာနေကိုယ်စားလှယ် Mr.Johan Cels နှင့် UNDP ဒုတိယ ဌာနေကိုယ်စားလှယ် Ms. Dawn Del Rio တို့က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဆက်လက်၍ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels နှင့် UNDP ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Dawn Del Rio တို့က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးစိုးအောင်တို့ ရှေ့မှောက်တွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြပြီး အပြန်အလှန် လဲလှယ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာ နေကိုယ်စားလှယ် Mr. Johan Cels၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဒုတိယ ဌာနေကိုယ်စားလှယ် Ms. Dawn Del Rio နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent