မီတာခတက် ပြည်သူမခက်ရန်လိုသည်

မီတာခတက် ပြည်သူမခက်ရန်လိုသည်
 လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် လှိုင်သာယာမြို့နယ်တွင် မေ ၁၄ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် လှိုင်သာယာမြို့နယ်တွင် မေ ၁၄ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 26 May 2019
ဆန်းမိုးထွန်း

NLD အစိုးရသက်တမ်းအတွင်း လျှပ်စစ်မီတာခများ ပြောင်းလဲကောက်ခံရန် မကြာမီအချိန်ကာလတွင် တရားဝင်ထုတ်ပြန် ကြေညာနိုင်မည်ဟု မျှော်လင့်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ဆိုသည်။

လျှပ်စစ်မီတာခများ ပြောင်းလဲကောက်ခံရန် နိုင်ငံတော်အကြီးအကဲများက မူအားဖြင့် လက်ခံထားကြောင်း၊ မကြာမီအချိန်တွင် ဓာတ်အားခ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘတ်ဂျက်ကာလ ပြောင်းသွားသည့်အတွက် ချင့်ချိန်နေရခြင်းဖြစ်ကြောင်းနှင့် မကြာမီအချိန်တွင် တရားဝင်ထုတ်ပြန်၍ ကြေညာသွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း နေပြည်တော်၌ မေ ၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားခဲ့သည်။

အမြဲတမ်းအတွင်းဝန် ပြောကြားသည့် ‘မကြာမီအချိန်ကာလ’ ဆိုသည့် စကားနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးက NLD အစိုးရသက်တမ်းကာလအတွင်း ဖြစ်နိုင်မည်လားဟု မေးမြန်းရာတွင် ဦးတင်မောင်ဦးက ‘မှန်ပါတယ်’ ဟု ပြန်လည်ဖြေကြားသည်။

လက်ရှိ လျှပ်စစ်ထုတ်လုပ်မှု ကဏ္ဍတွင် နိုင်ငံတော်အစိုးရအနေဖြင့် တစ်နှစ်လျှင် စိုက်ထုတ်သုံးစွဲရငွေ ကျပ်ဘီလျံ ၅၀၀ ကျော်ရှိပြီး အကြမ်းဖျင်းအားဖြင့် တစ်ရက်လျှင် အစိုးရစိုက်ထုတ်သုံးစွဲရမှုမှာ ကျပ် ၁ ဒသမ ၂ ဘီလျံမှ ၁ ဒသမ ၅ ဘီလျံ ခန့်ရှိနေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ Independent Power Producer (IPP)များ မလာကြခြင်းသည် နိုင်ငံတွင်း လျှပ်စစ်မီတာခ သတ်မှတ်နှုန်းထားများကြောင့် ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်က ပြောသည်။

“အခု မီးမရဘူး၊ Generation တွေမရှိဘူးဆိုတာ IPP ခေါ်တဲ့ Independent Power Producer တွေကလည်း မလာပါဘူး။ ဘာလို့ မလာလဲဆိုရင် ကျွန်တော်တို့က ဓာတ်အားခပေးတဲ့အခါမှာ ၃၅ ကျပ်၊ ၅၀၊ ၇၅ ကျပ်၊ ဒီလိုနှုန်းနဲ့ပဲ ပေးနိုင်တဲ့အတွက် သူတို့တောင်းတဲ့ ၁၅၀ တို့ ၂၀၀ တို့ မပေးနိုင်တဲ့အတွက် IPP တွေကလည်း အဆင်မပြေပါဘူး။ မပြေတဲ့အတွက် ကျွန်တော်တို့က ဒီအပေါ်မှာ ကျွန်တော်တို့ရှုံးတာလည်းရှိတယ်။ ကျွန်တော်တို့ ဓာတ်အားခကို မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်” ဟု အမြဲတမ်းအတွင်းဝန်က ဆိုသည်။

မီတာခ ပြောင်းလဲသတ်မှတ်ခြင်း

မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာခများကို ၂၀၁၄ ဧပြီ ၁ ရက်မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ထိုသို့ ပြင်ဆင်သတ်မှတ်ရာတွင် အိမ်သုံးနှင့် စက်မှုသုံးဟူ၍ အမျိုးအစားနှစ်မျိုးခွဲပြီး သတ်မှတ်ခဲ့သည်။

အိမ်သုံးအမျိုးအစားတွင် တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိကို ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ယူနစ် ၂၀၀ အထိကို ၄၀ ကျပ်နှင့် ၂၀၁ ယူနစ်အထက်ကို ကျပ် ၅၀ နှုန်းဖြင့် ပြောင်းလဲကောက်ခံခဲ့သည်။

စက်မှုသုံးအမျိုးအစားတွင် တစ်ယူနစ်မှ ၅၀၀ ယူနစ်အထိ ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ် အထိ ၁၀၀ ကျပ်၊ ၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ယူနစ် ၂၀၀၀၀၀ အထိ ၁၅၀ ကျပ်၊ ယူနစ် ၂၀၀၀၀၀ မှ ယူနစ် ၃၀၀၀၀၀ အထိ ၁၂၅ ကျပ်နှင့် ၃၀၀၀၀၁ ယူနစ်နှင့်အထက် ကိုမူ ၁၀၀ ကျပ် အဖြစ်ပြောင်းလဲ ကောက်ခံခဲ့သည်။

အရှုံးပေါ်နေဆဲ

လျှပ်စစ်မီတာခများကို ပြောင်းလဲကောက်ခံခဲ့သော်လည်း အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် နှစ်စဉ် အရှုံးပေါ်နေဆဲ ဖြစ်သည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၄၂၂ ကျော် အရှုံးပေါ်ခဲ့ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၆၀၀ ကျော် အရှုံးပေါ်မည်ဟု ခန့်မှန်းထားသောကြောင့် လျှပ်စစ်ကဏ္ဍ၏ အရှုံးပေါ်မှုမှာ မြင့်တက်နေသည်။

“ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားကဏ္ဍမှာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုက အရှုံးပေါ်တာဖြစ်ပါတယ်။ ၂၀၁၆ -၂၀၁၇ ခုနှစ်တွေမှာဆိုရင် ငွေကျပ် ၄၂၂ ဘီလျံကျော် ရှုံးပါတယ်။ ထုတ်လုပ်ရေးကဏ္ဍတစ်ခုတည်းမှာ ရှုံးတာဖြစ်ပါတယ်။ ဘတ်ဂျက်ပိတ်တဲ့အခါ ၄၂၂ ဘီလျံ ရှုံးပြီး ဘတ်ဂျက်ကြိုတင် တွက်ချက်တုန်းက ငွေကျပ် ဘီလျံ ၃၆၀ ကျော် ရှုံးမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၇ -၂၀၁၈ မှာရော အခြေအနေကို သိနိုင်အောင် အရှုံးခန့်မှန်းခြေ တွက်ချက်ထားတဲ့ ဘတ်ဂျက်စာအုပ်ကိုကြည့်တော့ ငွေကျပ် ဘီလျံ ၆၀၀ ကျော်ရှုံးမယ်လို့ တွက်ချက်ထားတာ တွေ့ရပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉ ဧပြီ ၅ ရက်က နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

ယခုကဲ့သို့ ရှုံးရသည့်အကြောင်းရင်းမှာ အစိုးရအနေဖြင့် လျှပ်စစ်တစ်ယူနစ်ထုတ်သည့်အခါတွင် ကျပ် ၁၁၀ မှ ၁၁၅ ကျပ်အထိ ကုန်ကျစရိတ်ရှိသော်လည်း ပြည်သူများ ကို တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ ဖြင့် အရှုံးခံ၍ ရောင်းချနေရခြင်းကြောင့်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

“ကျွန်တော်တို့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ လျှပ်စစ်တစ်ယူ နစ်ထုတ်တိုင်း ၁၁၀ ကျပ်ကနေ ၁၁၅ ကျပ်ထိ ကျသင့်တဲ့အချိန်မှာ ပြည်သူကို တစ်ယူနစ် ၃၅ ကျပ်၊ ၅၀ ကျပ် နဲ့ရောင်းတော့ ထုတ်လုပ်စရိတ်နဲ့ ရောင်းချစရိတ်ဟာ ကွာခြားတဲ့အတွက် ဘယ်လောက်ပဲ ကြိုးပမ်း ကြိုးပမ်း အရှုံးပမာဏကြီးကို မရှိ‌အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး” ဟု ဒုတိယဝန်ကြီးက မှတ်ချက်ပြုသည်။

ထိုသို့သောအခြေအနေတွင် လျှပ်စစ်တစ်ယူနစ်လျှင်ကျပ် ၁၁၀ နှင့်အထက် ပေးနိုင်မည်ဆိုပါက မီးပြတ်တောက်မှုမရှိဘဲ စိတ်ကြိုက်သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီများရှိသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၁၀ ရက်တွင် ပြောကြားသည်။

“အဲဒီစျေးနှုန်းကို ပေးနိုင်မယ်ဆိုရင် မီးကို ကြိုက်သလောက် သုံးပါ။ များများသုံးပါ တိုက်တွန်းမယ့် ကုမ္ပဏီတွေ အများကြီးရှိတယ်။ ပေးချင်လွန်းလို့။ မြန်မာနိုင်ငံကို လျှပ်စစ်ကုမ္ပဏီတွေ ဘာကြောင့် စိတ်ဝင်စားလဲ မီးခဏခဏပြတ်လို့ စိတ်ဝင်စားတယ်။ မီးမှန်နေရင် ဘယ်သူမှ စိတ်မဝင်စားဘူး” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

လျှပ်စစ်ကဏ္ဍတွင် တစ်နိုင်လုံး ဘတ်ဂျက်၏ လေးပုံတစ်ပုံကို သုံးစွဲထားသည်။ အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍ၌ အရှုံးများနေချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် အမြင့်ဆုံးပမာဏအဖြစ် မဂ္ဂါဝပ် ၂၃၅၀၊ ၂၀၁၆ ခုနှစ်တွင် အမြင့်ဆုံးပမာဏအဖြစ် မဂ္ဂါဝပ် ၂၆၇၀၊ ၂၀၁၇ ခုနှစ်တွင် အမြင့်ဆုံးပမာဏအဖြစ် မဂ္ဂါဝပ် ၂၉၀၀၊ ၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံးပမာဏအဖြစ် မဂ္ဂါဝပ် ၃၃၀၀ ရှိခဲ့ရာက ယခုနှစ်တွင် အမြင့်ဆုံးပမာဏအဖြစ် မဂ္ဂါဝပ် ၃၇၀၀ အထိ မြင့်တက်လာသည်။

နိုင်ငံတကာမှာ ဘယ်လိုကောက်ခံသလဲ

ဖွံ့ဖြိုးတိုးတက်သည့် အမေရိကန်၊ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများတွင် ဓာတ်အားခနှုန်းထားများကို ထုတ်လုပ်မှုကုန်ကျစရိတ်ပေါ် မူတည်၍ ကောက်ခံလျက်ရှိကြောင်း သိရသည်။ အခြေခံလူတန်းစားများအတွက် ဓာတ်အားခ စျေးနှုန်းလျှော့၍ ရောင်းပေးခြင်း၊ အစိုးရမှ စိုက်ထုတ် အကုန်အကျခံပေးခြင်းများ မရှိပေ။

အာဆီယံနိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံများတွင်လည်း ထုတ်လုပ်ကုန်ကျမှုစရိတ်အပေါ်မူတည်၍ ကောက်ခံကြောင်း သိရသည်။

“အရှေ့တောင်အာရှမှာ မီတာခအနည်းဆုံးကတော့ ကျွန်တော်တို့ နိုင်ငံပဲ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက ဆိုသည်။

စင်ကာပူနိုင်ငံတွင် ပြည်သူများ ဓာတ်အားရရှိမှုသည် ၁၀၀ ရာခိုင်နှုန်းရှိပြီး တစ်ယူနစ်လျှင် ၁၇၀ ကျပ် ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ပြည်သူများဓာတ်အားရရှိမှုသည်  ၉၉ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တစ်ယူနစ်လျှင်၈၈ ကျပ်ဖြင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများ ဓာတ်အားရရှိမှုသည် ၈၉ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး တစ်ယူနစ်လျှင်၂၇၂ ကျပ်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင်  ပြည်သူများ ဓာတ်အားရရှိမှုသည် ၇၃ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး တစ်ယူနစ်လျှင်၂၃၆ ကျပ်ဖြင့်လည်းကောင်း၊ ဗီယက်နမ် နိုင်ငံတွင် ပြည်သူများ ဓာတ်အားရရှိမှုသည် ၉၇ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တစ်ယူနစ်လျှင် ၁၂၅ ကျပ်ဖြင့် လည်းကောင်း အသီးသီးကောက်ခံလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ နိုင်ငံတကာတွင် ထုတ်လုပ်မှုကုန်ကျစရိတ်အတိုင်း မီတာခများကို ကောက်ခံနေသော်လည်း မြန်မာနိုင်ငံတွင်မူ အစိုးရက စိုက်ထုတ်သုံးစွဲ၍ အရှုံးခံပြီးရောင်းချ နေရသောကြောင့် လက်ရှိတွင် မီတာခများ ပြင်ဆင်ကောက်ခံရန် အစိုးရက စိုင်းပြင်းလာခြင်းဖြစ်သည်။

untitled-2.jpg

ရန်ကုန်မြို့လယ် ဓာတ်တိုင်တစ်ခုတွင် တပ်ဆင်ထားသည့် ဓာတ်ကြိုးများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသူများရဲ့ အခြေအနေ

မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံသည် ဆင်းရဲနွမ်းပါးလျက်ရှိသည့်အပြင် နောက်ထပ် လူဦးရေ ၁၄ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါး လုလု အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲလေ့လာ စိစစ်သုံးသပ်ထားသည့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာစိစစ်ချက် အပိုင်း(၂) အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၆၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု ပြမျဉ်းအောက် သို့မဟုတ် အနီးတွင် နေထိုင်နေကြရသည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်နေကြရပြီး နောက်ထပ် ၃၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု ပြမျဉ်း၏ ၅၀ ရာခိုင်နှုန်းအတွင်း နေထိုင်ကြရကြောင်း အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ငါးပုံတစ်ပုံသည် အကြွေးနွံတွင် နစ်နေသည်။ အိမ်ထောင်စု ငါးစုလျှင်တစ်စုနီးပါးသည် အခြေခံ အစားအစာ လိုအပ်ချက်များ ပြည့်မီရန် ငွေချေးယူနေရပြီး အိမ်ထောင်စုများ၏ ၁၄ ရာခိုင်နှုန်းသည် အစားအစာအတွက် မိသားစုနှင့် မိတ်ဆွေများထံမှ ချေးယူမှုများရှိသည့်အပြင် ၁၃ ရာခိုင်နှုန်းသည် ငွေတိုးချေးစားသူများနှင့် အပေါင်ဆိုင်များမှ ချေးယူခဲ့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထိုသို့သောအခြေအနေတွင် မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ တစ်ရက်လျှင်ကျပ် ၄၈၀၀ ဖြစ်သည့်အတွက် အခြေခံအလုပ်သမားတစ်ဦးအနေဖြင့် တစ်လလျှင်ကျပ် ၁၄၀၀၀၀ ဝန်းကျင်ဖြင့်သာ စားဝတ်နေရေးကို ဖြေရှင်းနေရသည်။

ထိုသို့ ဆင်းရဲနွမ်းပါးသူ ရာခိုင်နှုန်းများပြားလှသည့် မြန်မာနိုင်ငံတွင် အစိုးရအနေဖြင့် လျှပ်စစ်မီတာခကို ထုတ်လုပ်မှုကုန်ကျစရိတ်အတိုင်း တိုးမြှင့်ကောက်ခံမည်ဆိုပါက အခြေခံအလုပ်သမားများ၏ လုပ်ခလစာကို တိုးမြှင့်သတ်မှတ်ပေးပြီးမှသာ မျှတမှုရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနော်အောင်က ဆိုသည်။

“မီတာခ တိုးကောက်မယ်ဆိုလည်း ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာ မရှိဘူး။ အခွန်တိုးကောက်မယ်ဆိုလည်း ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ တစ်ပြိုင်တည်း အလုပ်သမားတွေရဲ့ ဝင်ငွေတိုးပွားအောင်လည်း အစိုးရအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်။ အဲဒါဆို အလုပ်သမားတွေလည်း လုပ်ခလစာ တိုးမယ်။ ပြီးတော့မှ တိုးကောက်မယ်ဆို ပိုပြီးတော့ မျှတမှုရှိတာပေါ့” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အိမ်သုံးမီတာခမှာ တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိသာ သုံးမည်ဆိုပါက ၃၅ ကျပ်သာ ကောက်ခံနေခြင်းဖြစ်ပြီး အစိုးရ၏ ထုတ်လုပ်မှုစရိတ်အတိုင်း တိုးကောက်မည်ဆိုပါက တစ်ယူနစ်လျှင် ကျပ် ၁၁ဝမှ ၁၁၅ ကျပ်အထိ ပေးသွင်းရမည်ဖြစ်သည့်အတွက် မီတာခနှုန်းထားမှာ သုံးဆခန့် ခုန်တက်သွားနိုင်သည်။

“မီတာခ တိုးကောက်တဲ့အခါမှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရော၊ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေမှု ဒါတွေကို အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ ထည့်သွင်း တွက်ချက်သင့်တယ်လို့ ယူဆတယ်။ အခုအချိန်မှာ တစ်ပြေးညီ တိုးကောက်မယ်ဆိုရင်တော့ အခြေခံလူတန်းစားတွေမှာ ပြဿနာရှိ နိုင်တယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးရဲဝင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေအများစုသည် အခြေခံလူတန်းစားများဖြစ်သောကြောင့် မီတာခ တိုးကောက်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်တမ်းမဖြစ် မနေကောက်ပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

“လျှပ်စစ်က တစ်နိုင်ငံလုံးက အများပြည်သူနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ မီတာခ တိုးမကောက်ခင်မှာ စစ်တမ်းတွေ လုပ်သင့်တယ်” ဟု ဦးရဲဝင်းထွန်းက ဆိုသည်။

မီတာခတိုးရင် မီးမှန်မလား

အစိုးရအနေဖြင့် မီတာခ တိုးကောက်မည်ဆိုပါက မီးမပျက်ရန် အာမခံပေးဖို့လိုကြောင်း ပြည်သူများအကြားတွင် ပြောဆိုမှုများ ရှိနေသည်။

မီတာခတိုးမြှင့် ကောက်ခံပြီးမှ လက်ရှိအတိုင်း မီးပျက်နေမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း     စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

“မီတာခတိုးကောက်ပြီးတော့မှ မီးရဖို့အတွက် အာမခံချက်တို့နောက်ပြီး မီးရတယ်ဆိုပေမယ့် မီးအားမှန်ဖို့ကိစ္စ ဒါတွေကိုလည်း ဆောင်ရွက်ပေးရမယ်လို့တော့ ကျွန်တော်မြင်တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် ဓာတ်အားမလုံလောက်မှုကြောင့် တစ်နိုင်ငံလုံးကို ဓာတ်အားအလှည့်ကျပေးနေပြီး တစ်နေ့လျှင်လေးနာရီမှ ခြောက်နာရီကြား လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် မီတာခ တိုးကောက်မည်ဆိုလျှင် မီးမှန်ရန်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်များ ထောက်ပြနေကြခြင်းဖြစ်သည်။

“တကယ်တိုးကောက်လိုက်လို့ ရေရှည်မှာ မီးလည်းမပျက်တော့ဘူး။ ပုံမှန်အတိုင်း မှန်မှန်ရေရှည်ရသွားမယ်ဆိုရင်တော့ အစ်ကိုတို့ လုပ်ငန်းရှင်ဘက် ရေရှည်အတွက်ကြည့်မယ်ဆိုရင် အကျိုးရှိမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု မီးပုံမှန်မလာတဲ့အတွက် အစ်ကိုတို့မှာ ဆီဖိုး တောက်လျှောက်ကုန်တယ်။ ပတ်ဝန်းကျင်ကလည်း အစ်ကိုတို့ဖွင့်တဲ့ မီးစက်တွေရဲ့ ဆူညံသံကို ခံရတယ်။ ဒီလိုအခြေအနေမှာ မီတာခတိုးလိုက်ပြီး မီးမှန်မယ်ဆိုရင်တော့ အစ်ကိုတို့ လုပ်ငန်းရှင်တွေဘက်က ချိန်လို့ရတယ်။ တချို့နေရာတွေ လျှော့သုံးရတာပေါ့။ မီးမှန်နေသရွေ့ လုပ်ရကိုင်ရတာ အဆင်ပြေတယ်။ အဓိကကတော့ မီးမမှန်တဲ့အတွက် မီးစက်ဝယ်ရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ထပ်ကုန်တယ်။ အစ်ကိုဆို သင်တန်းဖွင့်တာ ဖြစ်တဲ့အတွက် သင်တန်း အချိန် လေးချိန်လောက် တစ်ပြိုင်တည်းရှိရင် မီးစက်လေးခုလောက် လိုပြီ။ ဒါမှမဟုတ် မီးစက်အကြီးတွေ ကို ဝယ်ရတာပေါ့။ အစောကတည်းက မီးမှန်ခဲ့ရင် ဒါတွေက ရင်နှီးမြှုပ်နှံဖို့ မလိုဘူး။ တိုးကောက်ပြီး မီးကလည်း ရေရှည်မှာ မှန်သွားမယ်ဆိုရင်တော့ နောက်စီးပွားရေးအသစ်တွေ လုပ်မယ့်သူတွေအတွက်ကတော့ တော်တော်လေး အဆင်ပြေသွားမယ်။ မီးကိစ္စကို ခေါင်းခဲနေစရာ မလိုဘူး။ အစ်ကိုထင်တာကတော့ တစ်ယူနစ် ၁၂၀ လောက်ကတော့ လုပ်ငန်းရှင်တော်တော်များများ လက်ခံနိုင်မယ်လို့ ထင်ပါတယ်။ မီးတကယ်ရေရှည်မှန်မယ်ဆိုရင်တော့ အစ်ကိုက ကောက်စေချင်တယ်” ဟု Active English သင်တန်းတည်ထောင်သူ ဦးဇင်ဇေက ဆိုသည်။

လျှပ်စစ်ကဏ္ဍတွင် အစိုးရအနေဖြင့် အရှုံးများနေရခြင်းမှာ လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျှော့၍ ပြည်သူများထံ ဓာတ်အားရောင်းချပေးနေရခြင်းကြောင့် မှန်သော်လည်း လျှပ်စစ်ဌာနက မရရှိသေးသည့် အကြွေးများနှင့် ပျောက်ဆုံးမီတာယူနစ်များကိုလည်း ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောကြားသည်။

“လျှပ်စစ်မှာ မရရှိသေးတဲ့ အကြွေးတွေလည်း ရှိသေးတယ်။ တစ်ဖက်က မီတာခတိုးသလို အဲဒီအကြွေးတွေလည်း ရအောင် တောင်းသင့်တယ်။ နောက်တစ်ခုက သူတို့ဘက်ကနေပြီးတော့ မီတာရှုံးတယ်ဆိုပြီးတော့ မီတာအရှုံးကို ကာမိဖို့အတွက် ပျောက်ဆုံးယူနစ်တွေ ရှိသေးတယ်။ ပျောက်ဆုံးယူနစ်တွေအတွက် ကျခံရတဲ့ ပိုက်ဆံက ကျွန်တော် သိသလောက် ဘီလျံနဲ့ ချီတယ်။ မီတာခတိုးကောက်တာတစ်ခုတည်းကို မလုပ်ဘဲနဲ့ အဲဒီအချက်တွေကို အစိုးရအနေနဲ့ လုပ်ပါ့မယ်ဆိုပြီး လုပ်ပြမယ်ဆို ရင်တော့ ပိုကောင်းမယ်။ ဥပမာ နိုင်ငံမှာ ပျောက်ဆုံးယူနစ်က တစ်နှစ် ဘီလျံ တစ်ထောင်ရှိမယ်ဆိုရင် အဲဒီဘီလျံတစ်ထောင်ကိုလည်း အစိုးရအနေနဲ့ ပြန်ပြီးရှာပါ့မယ်ဆိုပြီး လုပ်သင့်တယ်။ အဲဒီအချက်တွေကို လုပ်ပေးနိုင်မယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် မီးက ၂၄ နာရီမှန်လာရင် ထုတ်လုပ်မှုတွေ တက်လာမယ်။ အဲဒါမျိုးမှာ ဒီပေါ်လစီကိုတော့ အစိုးရက ချပြပေးရမယ်။ ရှုံးလို့တက်မယ်ဆိုတဲ့ တစ်ခုတည်းနဲ့တော့ ဒါမကောင်းဘူး” ဟု ဦးသန်းစိုးက ထောက်ပြပြောဆိုသည်။

အစိုးရအနေဖြင့် မီတာခနှုန်းထားတစ်ခု တိုးမြှင့်ကောက်ခံမည်ဆိုပါက မီးမပျက်ရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရန်လည်း ပြည်သူများက လိုလားနေကြသည်။

“တိုးကောက်သင့်တဲ့ဘက်မှာလည်း တိုးကောက်၊ တာဝန်ယူမှု တာဝန်ခံမှုကလည်း ပိုများလာရမယ်။ ပြီးရင် လစ်ဟာနေတဲ့အပိုင်းတွေဖြစ်တဲ့ မီးခိုးသုံးတာတို့ အန္တရာယ်များစေတဲ့ ပုံစံမျိုးတွေနဲ့ သုံးတာတို့ အဲဒီလိုမျိိုးဟာတွေကို စစ်ဆေးတာ ကြီးကြပ်တာတွေကလည်း လုပ်နေရမယ်။ အဓိကကတော့ တိုးကောက်လိုက်ပြီးတော့ ဝန်ဆောင်မှုက ပိုမကောင်းလာဘူးဆိုရင် ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ဘူး။ အဲဒီတော့ တကယ်လည်း တိုးကောက်တယ်။ ဝန်ဆောင်မှုကလည်း ပိုကောင်းလာတယ်ဆိုတာမျိုးကို အစ်ကိုကတော့  ဖြစ်စေချင်တယ်” ဟု ဦးဇင်ဇေက ဆိုသည်။

ပြည်သူမခက်ရန်လို

အစိုးရအနေဖြင့် ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် အိမ်ထောင်စု ၅၅ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနိုင်ရန် ရည်မှန်းထားပြီး ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ -၂၀၃၁ ခုနှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိစေရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံ၌ လျှပ်စစ်မီးရရှိမှုတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော် (၆၃၂၂၇) ရှိသည့်အနက် ကျေးရွာ သုံးသောင်းကျော် (၃၃၈၉၄)သာ မီးရရှိနေသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းသာ မီးရရှိနေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိသည့် အိမ်ထောင်စုအရေအတွက်မှာ ၄ ဒသမ ၈ သန်း ရှိသောကြောင့် ၄၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိနေသည့်အတွက် ကျန်သည့် ၅၆ ရာခိုင်နှုန်းက လျှပ်စစ်မီး မရရှိသေးပေ။

လက်ရှိတွင် လျှပ်စစ်မီးသုံးစွဲခွင့်ရနေသည့် ၄၄ ရာခိုင်နှုန်းသော ပြည်သူများအနေဖြင့် ကိုယ်ချင်းစာတရားထားပြီး မိမိသုံးသည့် လျှပ်စစ်တန်ဖိုးကို ပေးသွင်းခြင်းဖြင့် လျှပ်စစ်မရသေးသော ၅၆ ရာခိုင်နှုန်း ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉ ဧပြီ ၅ ရက်က နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတွင် ဖြေဆိုရာတွင် တိုက်တွန်းထားသည်။

“သင့်တင့်မျှတတဲ့ ဓာတ်အားခတွေကို တောင်းခံမှသာ အရှုံးကို ကာမိအောင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအရှုံးဟာ လျှပ်စစ်မီးသုံးစွဲခွင့်ရနေတဲ့ ၄၄ ရာခိုင်နှုန်းသော ပြည်သူတွေအတွက် အရှုံးဖြစ်ပါတယ်။ ဒီငွေတွေဟာ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေလို့ ပြောပေမယ့် ၁၀၀ ရာ ခိုင်နှုန်းသော ပြည်သူများရဲ့ ငွေကြေးဖြစ်ပါတယ်။ လျှပ်စစ်မရသေးတဲ့ ၅၆ ရာခိုင်နှုန်းနဲ့လည်း သက်ဆိုင်တဲ့ ဘဏ္ဍာငွေဖြစ်ပါတယ်။ သူတို့တွေ အကျိုးခံစားခွင့်မရပါဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အား မရတဲ့ သူတွေအတွက် ကြိုးပမ်းတည်ဆောက်ပေးတယ်။ ဒါကြောင့် လျှပ် စစ်ရရှိပြီးပြည်သူတွေက လျှပ်စစ်မရသေးတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာတရားထားပြီး ကိုယ်သုံးတဲ့ လျှပ်စစ်ရဲ့တန်ဖိုးကို ပေးသွင်းခြင်းအားဖြင့် ကျန်တဲ့လျှပ်စစ်မရသူတွေအတွက် အကျိုးဖြစ်ထွန်းပြီး လျှပ်စစ်ကဏ္ဍဖူလုံပြည့်စုံလာအောင် ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

လက်ရှိတွင် အစိုးရက မီတာခများကို တိုးကောက်ရန် စီစဉ်ဆောင်ရွက်နေသည့်အပေါ် ပြည်သူများက ကန့်ကွက်မှုများ တောင်းဆိုမှုများ မရှိသေးသော်လည်း အခြေခံ လူတန်းစားများပြားလှသည့် မြန်မာနိုင်ငံတွင် မီတာခကို တစ်ပြေးညီ ကောက်ခံခြင်းထက် အခြေခံလူတန်းစားများအတွက် မူဝါဒတစ်ရပ် ချမှတ်၍ ကောက်ယူသင့်ကြောင်း တိုက်တွန်းအကြံပြုမှုများကလည်း ရှိနေသည်။

“အစိုးရအနေနဲ့ မီတာခတိုးကောက်တဲ့အခါမှာ အခြေခံလူတန်းစားတွေအတွက် စနစ်တစ်ခုတော့ ထွင်ပေးရမယ်။ ငနီတစ်ကျပ်၊ ငဖြူတစ်ကျပ်လို့တော့ လုပ်လို့မရဘူး။ အဲဒီအတွက်တော့ စနစ်တစ်ခု သီးသန့်လုပ်ပေးရမယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောသည်။

NLD အစိုးရ သက်တမ်းသည် တစ်နှစ်ကျော်ခန့်သာ ကျန်တော့သည့်အတွက် နေပြည်တော်၌ မေ ၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၏ ပြောကြားချက်အရ မကြာမီကာလတွင် မီတာခများ ပြောင်းလဲကောက်ခံမည့် နှုန်းထားတစ်ရပ်ကို အစိုးရက ကြေညာနိုင်ဖွယ်ရှိနေသည်။

လက်ရှိတွင် အိမ်သုံးမီတာနှုန်းထားကို တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိကို ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိကို ၄၀ ကျပ်နှင့် ၂၀၁ ယူနစ်အထက်ကို ကျပ် ၅၀ နှုန်းဖြင့် ၂၀၁၄ ဧပြီ ၁ ရက်က ပြောင်းလဲကောက်ခံခဲ့ သော်လည်း အစိုးရ၏ ထုတ်လုပ် ကုန်ကျစရိတ် မှာ ကျပ် ၁၁၀ နှင့် ၁၁၅ ကျပ်ရှိ သည့်အတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်ဝန်းကျင်ခန့် အရှုံးခံပြီး ရောင်းချပေးနေရသည်။

ထိုသို့သော အခြေအနေကို ကာမိရန် အစိုးရက မီတာခ တိုးကောက်ဖို့ စိုင်းပြင်းနေသော်လည်း တစ်ဖက်က အခြေခံပြည်သူများအတွက်မူ သင့်လျော်သည့်နှုန်းထားတစ်ခု သတ်မှတ်ခြင်းမရှိဘဲ မီတာတစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်အတိုင်း တစ်နိုင်ငံလုံးတစ်ပြေးညီ တိုးကောက်သွားမည်ဆိုပါက သုံးဆခန့် တိုးလာမည့် မီတာခအပေါ် အခြေခံပြည်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက “လုပ်ငန်းသုံးတွေမှာ ကောက်မယ်ဆိုရင်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ်တွေက တက်လာမယ်။ တစ်ဖက်မှာ အခြေခံလူတန်းစားတွေရဲ့ Income Level မတက်လာတဲ့အတွက် အခြေအနေနှစ်ခုကတော့ ထိပ်တိုက်တွေ့မှာပေါ့။ အဲဒါတွေ မဖြစ်နိုင်အောင်လည်း တစ်ဖက်က စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တခြားအရာတွေ ခံပြီးတော့ လုပ်ပေးသင့်သလို တစ်ဖက်က  Income Level မတက်တဲ့အတွက် မီတာခ တိုးကောက်လာပြီဆိုရင် တခြားလူမှုကူညီမှု ထောက်ပ့ံစရိတ်တွေကို တစ်ဖက်ကလည်း ပြန်ပြီးတော့ ခုခံပေးဖို့လိုတယ်။ အဲဒါတွေကို တွဲလျက်ချိန်ပြီးတော့ စဉ်းစားရမယ်” ဟု သုံးသပ်ပြောကြားသည်။

 

Most Read

Most Recent