ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်တွင် ပြည်သူ့ပါတီ၏ အချက်အလက်ကို ဝင်ကြည့်ပါက အမည်ဆင်တူယိုးမှား ပါတီတစ်ခု၏ အချက်အလက် ပေါ်နေသည့်အပေါ် ပြည်သူ့ပါတီ ဝေဖန်

ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်တွင် ပြည်သူ့ပါတီ၏ အချက်အလက်ကို ဝင်ကြည့်ပါက အမည်ဆင်တူယိုးမှား ပါတီတစ်ခု၏ အချက်အလက် ပေါ်နေသည့်အပေါ် ပြည်သူ့ပါတီ ဝေဖန်
Published 24 May 2019
ဉာဏ်လင်းထွန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်တွင် ပြည်သူ့ပါတီ၏ အချက်အလက်ကို ဝင်ကြည့်ပါက အမည်ဆင်တူယိုးမှား ပါတီတစ်ခု၏ အချက်အလက် အကြောင်းအရာများ ပေါ်လာသည်ကို တွေ့ရှိရသည်ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က မေ ၂၃ ရက်တွင် ပြောကြားသည်။

ပြည်သူ့ပါတီ (The People’s Party) ၏ မူဝါဒလမ်းစဉ်များ အပါအဝင် အချက်အလက် အပြည့်အစုံ ထည့်သွင်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်နေရာသို့ ဝင်ရောက်လိုက်ပါက လူထုပါတီ (The Party for People) အချက်အလက်များ ကျလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဆိုတာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်မျှတတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပရေးနဲ့  နိုင်ငံရေး ပါတီတွေကို စနစ်တကျ မှတ်ပုံတင်ရေးပေါ့ဗျာ။ တိုင်းပြည် ဘဏ္ဍာငွေနဲ့ တာဝန်ယူပြီး ဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်တယ်ပေါ့ဗျာ။ အဲဒီလို အဖွဲ့အစည်းအနေနဲ့ ဒီနိုင်ငံရေး ပါတီတွေရဲ့ အကြောင်းအရာကို တင်တဲ့အခါမှာ ကျွန်တော်တို့ ပါတီပဲဖြစ်ဖြစ် ဘယ်ပါတီပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ မှန်ကန်အောင် မတင်နိုင်ဘူး ဆိုရင်တော့ ဒါသည် တိုင်းပြည်ကို တာဝန်ခံရတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့တော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

ဦးရဲနိုင်အောင် ပြောကြားချက်အရ The Daily Eleven က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်ရှိ ပြည်သူ့ပါတီ အချက်အလက်အား ဝင်ရောက်ကြည့်ရှုရာ လူထုပါတီ၏ အချက်အလက်များ ကျလာသည်ကို မေ ၂၃ ရက် ညနေ ၅ နာရီခန့်အထိ တွေ့ရှိရသည်။

“ကျွန်တော်တို့ သိတာသည် ပြည်သူ့ပါတီလို့ ဝင်ကြည့်တဲ့အခါမှာ လူထုပါတီ ကျလာတယ်။ လူထုပါတီလို့ ကြည့်လိုက်လို့ရင်တော့ လူထုပါတီနဲ့ ပက်သက်တာ ကျလာတယ်။ အဲဒီလို အဖြစ်အပျက်သည် ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ ဒါကို ရှင်းလင်း တင်ပြရမှာက UEC ရဲ့ တာဝန်ဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆတယ်” ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။

ယင်းသို့ ပါတီအမည် မှားယွင်း ဖော်ပြထားမှုသည် မည်သည့်နေ့ကတည်းက ဖြစ်ပေါ်နေသည်ကိုတော့ ၎င်းအနေဖြင့် အတည်ပြုပေးနိုင်ခြင်း မရှိပေ။

ထိုကဲ့သို့ ပြည်သူ့ပါတီ၏ အချက်အလက် နေရာတွင် အခြားပါတီတစ်ခု ဖြစ်နေခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို မေ ၂၃ ရက် ညနေ ၅ နာရီခန့်အထိ ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသည့်အတွက် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီသည် ရှစ်လေးလုံးပါတီ၊ ရှစ်လေးလုံး ပြည်သူ့ပါတီ စသည့် အမည်များဖြင့် ဦးစွာ မှတ်ပုံတင်ခဲ့ပြီး ရှစ်လေးလုံး ဝေါဟာရအပေါ် ကန့်ကွက်မှုများ ရှိသည့်အတွက် ကော်မရှင်က ခွင့်ပြုခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ပြည်သူ့ပါတီ အမည်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ခဲ့ပြီး ယင်းအမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ မှတ်ပုံတင်အမှတ် ၁၁၀ ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ခွင့်ပြုခဲ့သည်။

လူထုပါတီသည် ယခင်က စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီ အမည်ဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီမှတ်ပုံတင် ရရှိထားသည့် ပါတီဖြစ်သည်။

ထို့နောက် လူထုပါတီဖြင့် အမည်ပြောင်းလဲ အသုံးပြုရန် တင်ပြလာမှုအပေါ် ယခုလ ၂ ရက်တွင် ကော်မရှင် အနေဖြင့် ခွင့်ပြုထားခြင်း ဖြစ်သည်။

Most Read

Most Recent