JMC သည် နှစ်ဖက် လက်နက်ကိုင်တပ်များ NCA ပါ အချက်များ ချိုးဖောက်မှု ရှိ၊ မရှိ စောင့်ကြည့်ခြင်းဖြစ်ပြီး ပြည်သူများက JMC နှင့်အတူ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် JMC-S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) တိုက်တွန်း

JMC သည် နှစ်ဖက် လက်နက်ကိုင်တပ်များ NCA ပါ အချက်များ ချိုးဖောက်မှု ရှိ၊ မရှိ စောင့်ကြည့်ခြင်းဖြစ်ပြီး ပြည်သူများက JMC နှင့်အတူ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် JMC-S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) တိုက်တွန်း
Published 15 May 2019
မင်းနိုင်စိုး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သည် နှစ်ဖက် လက်နက်ကိုင်တပ်များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ နှစ်ဖက်တပ်များ လေးစား လိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (Military Code of Conduct– CoC) အချက်များအား ချိုး ဖောက်မှု ရှိ၊ မရှိ စောင့်ကြည့်ခြင်း ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း  JMC  နှင့်အတူ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ  JMC -S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမိယဉ်ချမ်းက ပြောကြားသည်။

JMC –S (မွန်) အရပ်သား ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ် မေ ၁၃ ရက်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သို့ သွားရောက်၍ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ထိုသို့ ရှင်းလင်း ပြောကြားရာတွင် JMC –S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မိယဉ်ချမ်းက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း JMC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်သူများ သိရှိ နားလည်စေရန် လာရောက် ရှင်းလင်းပြောကြားရခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး သဘောတူစာချုပ်တွင် နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ၊ အရပ်သား ပြည်သူများအပေါ် ကာကွယ်ပေးရမည့် အချက်များ ရှိပါကြောင်း၊  JMC သည် နိုင်ငံရေး ဆွေးနွေးပွဲများ အဆင်ပြေပြေ သွားနိုင်စေရန်အတွက် အောက်ခြေတွင် ပဋိပက္ခများ လျော့နည်းစေရန် လုပ်ဆောင်ပေးသည့်အဖွဲ့ ဖြစ်ကြောင်းလည်း JMC –S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မိယဉ်ချမ်းက ပြောကြားသည်။

ဆက်လက်၍ JMC –S (မွန်) အဖွဲ့ဝင် နော်ဆာထူးမ SNCA စာချုပ် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့် JMC  ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ တာဝန်များ၊ JMC –S (မွန်) အဖွဲ့ဝင် စောဟိုရှေးမှ အရပ်သား ပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်း လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ၊ ဒေါက်တာ မိယဉ်ချမ်းမှ တိုင်ကြားမှု၊ အငြင်းပွားမှု လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရပ်ကွက်/ကျေးရွာများတွင် စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် နှစ်ဖက် လက်ခံသည့် ဒေသခံ အရပ်သား စောင့်ကြည့်သူများ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း JMC  ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)၊ CoC ၊ JMC  ၏ လစဉ် သတင်းလွှာများ၊ JMC -S(မွန်) ကော်မတီဝင်များသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊  JMC  အမှတ်တံဆိပ်ပါ တီရှပ်အကျႌများကို တက်ရောက်လာသော ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းလည်း JMC  က သတင်း ထုတ်ပြန်သည်။

ထို့ပြင် ပြည်သူများမှ JMC ၏ ဆောင်ရွက်နေမှု လုပ်ငန်းများကို လေ့လာကြည့်ရှု သိရှိနိုင်စေရန် အရပ်သား ပြည်သူများနှင့် ပတ်သက်၍ စောင့်ထိန်း လိုက်နာရမည့် စည်းကမ်းများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊  JMC  ၏ ဖွဲ့စည်းပုံနှင့် တာဝန်များ၊ NCA နှင့် ငြိမ်းချမ်းရေးခရီးလမ်း၊  JMC –S (မွန်) ကော်မတီဖွဲ့စည်းပုံနှင့် တာဝန်များ၊ တိုင်ကြားမှုနှင့် အငြင်းပွားမှု ဖြစ်စဉ်များကို ဗီနိုင်းပိုစတာများ ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ JMC -S(မွန်) အရပ်သား ကိုယ်စားလှယ်များ၊ စခန်းကြီးကျေးရွာ အုပ်စု၊ ရဲတံခွန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်း ၁၅၀ ကျော် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent