လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန်ကိစ္စ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန်ကိစ္စ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 12 September 2018

လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန်ကိစ္စအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန် ကိစ္စအား ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းမှာ ဓာတ်အားပို့လွှတ်ရေး အပိုင်းနဲ့ ဓာတ်အားဖြန့်ဖြူးရေးပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပြီး ဓာတ်အားပို့လွှတ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၁၁ သန်း၊ ဓာတ်အားဖြန့်ဖြူးရေး အပိုင်းအတွက် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၉၄ သန်း၊ စီမံကိန်း အတိုင်ပင်ခံ ငှားရမ်းခြင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၈ သန်း၊ မမျှော်မှန်းနိုင်သော အသုံးစရိတ် အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၆၀ သန်းနဲ့ စီမံကိန်းကာလအတွင်း အတိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၇ သန်းတို့ကို ADB ချေးငွေ ရယူသွားမှာဖြစ်ပြီး လူမှုရေး သဘာဝပတ်ဝန်းကျင်နဲ့ မြေရရှိရေး စရိတ်တွေနဲ့ စီမံခန့်ခွဲမှု စရိတ်အတွက် စုစုပေါင်း ကျသင့်မယ့် ခန့်မှန်းအမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ကျခံသုံးစွဲရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ADB ဘဏ်မှယူမည့် ချေးငွေဆိုင်ရာ အချက်အလက်များမှာ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း၊ စီမံကိန်းကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၆ နှစ်ဖြစ်ပြီး ချေးငွေသက်တမ်းသည် ဆိုင်းငံ့ကာလ ရှစ်နှစ်နှင့် ပြန်ဆပ်ကာလ ၂၄ နှစ် စုစုပေါင်း  ၃၂  နှစ် ဖြစ်ကာ အတိုးနှုန်းအနေဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်၍ ADB မှ ယခင်ပေးအပ်ခဲ့သည့် ချေးငွေများအတိုင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် စီမံကိန်း ခန့်မှန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၀၈ ဒသမ ၉ သန်းဖြစ်ပြီး ၎င်းပမာဏတွင် ADB မှ ချေးငွေအမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ပေးအပ်မည်ဖြစ်၍ နိုင်ငံတော်အစိုးရဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေကို ကျခံသုံးစွဲရမည်ဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မည့် ကာလသည်  ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ၇၂ လ ကာလအတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ခန့်မှန်းပြီးစီးမည့် အချိန်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

အဆိုပါ ADB ဘဏ်မှ ချေးငွေသည် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် ချေးယူခြင်းဖြစ်ပြီး လုပ်ငန်းအပိုင်း (၁) ဓာတ်အားပို့လွှတ်ရေး အပိုင်းတွင် အလုံ-သီတာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းနှင့် မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းနှင့် လုပ်ငန်း အပိုင်း ၂ ဓာတ်အားဖြန့်ဖြူးရေး အပိုင်းတွင် တိုင်းဒေသကြီးနှစ်ခု (ပဲခူး၊ ဧရာဝတီ) နှင့် ပြည်နယ်သုံးခု (ကရင်၊ မွန်၊ ရခိုင်) တို့တွင် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၄၂ ရုံအသစ် တည်ဆောက်ခြင်းနှင့် ၆ ရုံ အဆင့် မြှင့်တင်ခြင်းနှင့် ဓာတ်အားလိုင်း ၄၈ ခု တည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent