ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ကျရောက်နေသော နိုင်ငံတကာဖိအားများ လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း DVB Debate တွင် ဆွေးနွေး

ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ကျရောက်နေသော နိုင်ငံတကာဖိအားများ လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း DVB Debate တွင် ဆွေးနွေး
Published 4 June 2018

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် နေထိုင်နေသော ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံစဉ်

အာဆာအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အရေးကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ကျရောက်နေသော နိုင်ငံတကာ ဖိအားများအား လျှော့ချနိုင်ရေးအတွက် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဇွန် ၂ ရက်က ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရား လမ်းထောင့်ရှိ Orchid ဟိုတယ်တွင် “နိုင်ငံတကာ ဖိအားကို ဘယ်လိုကျော်လွှားမလဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် DVB Debate ဆွေးနွေးပွဲတွင် နိုင်ငံရေး လေ့လာသုံးသပ်သူများက အကြံပြုပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် အဓမ္မပြုကျင့်မှုများနှင့် လူအများအပြားကို  သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံတကာ၏ စွပ်စွဲမှုများက ရှိနေပြီး အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်ပါက ပြေလည်သွားနိုင်သော်လည်း နိုင်ငံတကာ၏ စွပ်စွဲချက်များအတိုင်း တကယ်ဖြစ်ခဲ့ခြင်း ရှိ၊ မရှိကိုမူ အစိုးရနှင့် တပ်မတော်တို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်ဟု နိုင်ငံရေးသုတေသီ ဒေါက်တာအောင်မျိုးက ပြောကြားသည်။

“စွပ်စွဲချက်တွေကို ဖြေရှင်းတဲ့နေရာမှာ အဓိကက ကျွန်တော်တို့က သူတို့ကို ဝင်ခွင့်မပေးတာပေါ့။ အဲဒီလို ဝင်ခွင့်မပေးတာဟာ ကျွန်တော်တို့က ကိုယ်မှားနေလို့လားပေါ့။ ကိုယ်မှားနေသလား။ မှန်နေသလား ဆိုတာကို အစိုးရနဲ့ တပ်မတော် ဒီနှစ်ခုက ပေါင်းကိုပေါင်းနေရမှာ။ တကယ်တော့ မောင်းနှင်တဲ့ ယန္တရားဟာ လူတစ်ယောက်ဆို အစိုးရက ခေါင်း၊ တပ်က လက်နဲ့ခြေထောက်။ အဲဒီ လက်နဲ့ခြေထောက်ဟာ လည်ပင်းက ပြတ်သွားပြီဆိုရင် ဘာမှလုပ်မရတော့ဘူး။ ဒီနှစ်ခုဟာ လက်က လုပ်နေတယ်။ ခေါင်းက တာဝန်ခံ။ ဒီနှစ်ခုက ညီပြီးတော့ အဖြေဖော်ရမှာ။ (ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်ကို ဝင်ခွင့်ပေးလိုက်ရင် ဒီပြဿနာက) ပြေလည်သွားမှာ။ ဒါပေမဲ့ မလုပ်ခင်မှာတော့ ကျွန်တော်တို့က ဒီနှစ်ဖက်က ဒါတကယ် ဖြစ်ခဲ့သလားဆိုတာ နှစ်ဖက်မျက်နှာချင်းဆိုင်ပြီး အဖြေရှာဖို့လိုတယ်။ ဒီကိစ္စအတွက် ပေါင်းပြီးတော့ အဖြေရှာရမယ်” ဟု ဒေါက်တာအောင်မျိုးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ဖိအားကို ကျော်လွန်ရန် အလွန်အရေးကြီးပြီး ယခင်ကတည်းကပင် နိုင်ငံတကာ ဖိအားများ ရှိခဲ့ကာ ထိုသို့ နိုင်ငံတကာ ဖိအားများ ရှိနေခြင်းသည် မြန်မာနိုင်ငံ အနေဖြင့် မှားနေသောကြောင့်လား သို့မဟုတ် နိုင်ငံသားများ၏ တောင်းဆိုချက် ကြောင့်လားဟု ဖက်ဒရယ်ဒီမိုကရေ စီအင်အားစုမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

“ကျွန်တော်တို့ မှန်နေတယ်ဆိုရင် နိုင်ငံတကာကနေ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရမယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကျွန်တော်တို့ မှန်တာပဲ။ ရဲရဲတင်းတင်းပဲ ပြောရမှာပဲ။ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုမြအေးက ပြောကြားသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ သဘောထား အမြင်များ အရှိန်မြင့် တက်လာသော်လည်း အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်ခုကို ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များ ဝင်ရောက်သည်ဆိုသည့် ကိစ္စသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် ကုလလုံခြုံရေး ကောင်စီထဲတွင် အချိန်ယူ ဆွေးနွေးရသည့်အတွက် ချက်ချင်း ဖြစ်မလာ နိုင်သော်လည်း အဆိုပါ လမ်းကြောင်းပေါ်ကို ဦးတည်နေသည့် နိုင်ငံတကာ သဘောထား တည်ဆောက်မှုများမှာ မြင့်တက်လာသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာသောင်းထွန်းက ပြောကြားသည်။

“လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ငါတို့ကို ကာကွယ်ပေးမှာပေါ့လို့။ ဗီတိုဆိုတာဟာ ခဏခဏ သုံးလို့ရတဲ့အရာ မဟုတ်ဘူး။ အဲဒီနိုင်ငံတွေမှာ ဂုဏ်သိက္ခာရှိတယ်။ တစ်ခါသုံးမယ်။ နှစ်ခါသုံးမယ်။ သုံးခါသုံးမယ်။ အဲဒီနိုင်ငံတွေမှာ သူတို့ရဲ့အကျိုးစီးပွားရှိတယ်။ အဲဒီတော့ ဒီကိစ္စမှာ မြန်မာနိုင်ငံ အခုလက်ရှိ ဖြစ်နေတဲ့ကိစ္စမှာ အထူးသဖြင့် တရုတ်နဲ့ ရေနံအကျိုးစီးပွား အပေါ်မှာ အခြေခံပြီးတော့ ဆက်စပ်နေတဲ့ အိုအိုင်စီ နိုင်ငံတွေရှိတယ်။ ဒါကို လျှော့မတွက်နဲ့။ ဒီရေနံ အကျိုးစီးပွား အခြေခံပေါ်မှာ တရုတ်ဟာ မြန်မာပြည်ပေါ်မှာ အကာအကွယ်ပေးနေတဲ့ သဘောထားဟာ ကာလတစ်ခုမှာ ပြောင်းသွားနိုင်ခြေရှိတယ်” ဟု ဒေါက်တာသောင်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူမျိုးသုဉ်း သတ်ဖြတ်ခဲ့မှု ရှိ၊ မရှိကို နိုင်ငံတကာက လွတ်လပ်စွာ စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်အရ ကျူးလွန်သူများကို ထိရောက်သော အပြစ်ပေးခြင်းနှင့် လူခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားမှုကြောင့် တစ်ဖက်နိုင်ငံ ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရသည့်အပေါ် မြန်မာနိုင်ငံက မည်ကဲ့သို့ လုပ်ပေးနိုင်မည်ဟူသော အချက်သုံးချက်ကို မြန်မာနိုင်ငံက မည်မျှလုပ်ပေးနိုင်သည် ဆိုသည့်အပေါ် မူတည်ကာ နိုင်ငံတကာဖိအားများ အတိုးအလျော့ ဖြစ်လာနိုင်သည်ဟုလည်း မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့မှ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးသည် နိုင်ငံတကာ၏အရေး အခြေအနေ အဖြစ်သို့ ရောက်ရှိသွားခြင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အဆိုပါ ကိစ္စရပ်ပေါ်တွင် အခြေခံပြီး နိုင်ငံရေး အကျိုးစီးပွားအတွက် ကစားကြသူများကြောင့်လည်း ဖြစ်ကြောင်း၊ ထိုသို့ဖြစ်မှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွင် ဖြစ်လေ့ ဖြစ်ထရှိကာ လူဟောင်းများ အနေဖြင့် လူထုကြားတွင် ထင်ပေါ်ကျော်ကြားခြင်း မရှိသောအခါ လူထုထောက်ခံမှု ရရှိရေးအတွက် ဘာသာရေး အယူအဆများနှင့် အစွန်းရောက် အမျိုးသားရေး ဝါဒများကို အသုံးပြုကြကြောင်းလည်း ဒေါက်တာသောင်းထွန်းက သတိပေး ပြောကြားသည်။

 

Most Read

Most Recent