ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ပါတီ ထပ်မံတိုးလာ

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ပါတီ ထပ်မံတိုးလာ
Published 19 April 2018

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ပါတီ ဝင်ရောက် ပူးပေါင်းလာကြောင်း ကချင်ပါတီ ပေါင်းစည်းရေး ကော်မတီထံမှ သတင်းရရှိသည်။

ကချင်ပြည်သူများ အနေဖြင့် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကို လိုလားနေသည့်အတွက် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) နှင့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီတို့သည် နိုင်ငံရေးပါတီ တစ်ခုတည်းအနေဖြင့် ပေါင်းစည်းနိုင်ရန် လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် နောက်ထပ် ပါတီတစ်ခုဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ပါတီကလည်း အဆိုပါ ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးတွင် ပါဝင်လာခြင်း ဖြစ်သည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းလိုသည့် ကချင်ပါတီများနှင့် ကချင်မျိုးနွယ်စုရိုးရာ ခေါင်းဆောင်များ၊ ကချင်အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ကချင်ပြည်သူ လူထုတို့သည် ဧပြီ ၁၀ ရက်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲတွင် အဆိုပါ ပါတီလေးခုက ပူးပေါင်းရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ပါတီ ပေါင်းစည်းရေးတွင် ပါဝင်လာသည့် စဒကပါတီ အပါအဝင် ပါတီ လေးပါတီမှ တာဝန်ရှိသူများ ပထမဆုံးအဖြစ် ဧပြီ ၁၇ ရက်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးူမှု ပြုလုပ်ခဲ့ပြီး ကချင်ပါတီ ပေါင်းစည်းရေး ကော်မတီတွင် စဒကပါတီ တာဝန်ရှိသူများကို ထပ်မံ ဖြည့်စွက်ခဲ့ကြောင်း သိရသည်။

“ပါတီပေါင်းစည်းရေး ဆိုတဲ့အပိုင်းမှာ ပါတီတစ်ခု ထပ်ထိုးလာတယ်။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ဦးခက်ထိန်နန်တို့အဖွဲ့ ဒေါ်ဒွဲဘူတို့အဖွဲ့ပေါ့။ သူတို့ ဝင်လာတယ်။ ဆိုတော့ လေးပါတီတော့ ဖြစ်သွားပြီ။ လေးပါတီ ဖြစ်သွားတဲ့ဟာက နည်းနည်းလေး အခက်အခဲလေးတွေတော့ ရှိနေတယ်။ အခက်အခဲလေးတွေ ရှိနေတော့ နာမည်၊ လိုဂို၊ အမှတ်တံဆိပ်ကတော့ ကော်မတီတစ်ခု ထပ်ဖွဲ့ပြီးတော့ ဆက်လက် ဆွေးနွေးဦးမယ် ဆိုပြီးတော့ လုပ်ထားတယ်” ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကချင်နိုင်ငံရေးပါတီ သုံးခုဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) နှင့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီတို့သည် ပူးပေါင်းသွားမည့် ပါတီသစ်အတွက် ပါတီအမည်၊ လိုဂို၊ အလံနှင့် တံဆိပ်များကို ရွေးချယ်ထားပြီး လူထုညီလာခံတွင် ချပြ အတည်ပြုသွားမည်ဟု ပြောကြားထားသော်လည်း ယခု လူထုနှင့် တွေ့ဆုံခဲ့မှုတွင် အဆိုပါ ပါတီ၏ နာမည်၊ လိုဂို၊ အလံနှင့် တံဆိပ်များကို အတည်ပြုနိုင်ခဲ့ခြင်း မရှိဘဲ ကချင်လူမျိုးများ အတိုင်ပင်ခံအဖွဲ့ (WMR) ဦးဆောင်ကာ ကော်မတီတစ်ခု ဖွဲ့စည်း၍ အဆိုပါကိစ္စရပ်များအား ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့က ကချင်ပြည်သူ လူထုကလည်း ပေါင်းစည်းစေလိုတဲ့ ဆန္ဒရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ကလည်း အတူတကွ ပူးပေါင်းပြီးတော့ ကချင် ပြည်သူလူထုအရေး လုပ်ဆောင်သွားမယ် ဆိုတဲ့ဆန္ဒနဲ့ ပူးပေါင်းတာပါ။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း နိုင်ငံရေးပါတီတွေက ပူးပေါင်းသွားကြတာမျိုးတွေ ရှိတယ်။ ဒီတော့ ကချင်ပြည်သူလုထု အနေနဲ့ မဲပေးတဲ့ အခါမှာလည်း ပါတီတွေ ကွဲနေရင် ဘယ်ပါတီကို မဲပေးရမလဲ ဆိုတာက ဝေခွဲမရဖြစ်နေမယ်။ ပါတီကြီး တစ်ခုတည်း လုပ်လိုက်လို့ရှိရင် သူတို့မဲပေးရမယ့် ပါတီကို ရှင်းရှင်းလင်းလင်း ပေါ်လာမယ်။ လူထုကလည်း ပေါင်းစည်းစေချင်တယ်။ မူဝါဒပိုင်းဆိုင်ရာကတော့ ပူးပေါင်းမယ့် ပါတီအားလုံးလိုလို အခြေခံမူဝါဒတွေ တူညီတာတွေ ရှိပါတယ်။ ကျွန်တော်တို့ စားပွဲဝိုင်းမှာ ဆွေးနွေးမယ်။ ပြည်သူလူထု ချပြမယ်။ ကချင်လူထုက ဘယ်လိုမျိုး ဖြစ်စေချင်တာလဲ ဆိုတာတွေကို အတူတကွ အကောင်အထည်ဖော်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောကြားသည်။

Most Read

Most Recent