လွှတ်တော်တွင် တင်သွင်းသည့်အဆိုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ပြောကြားသည်ကို ဂရုမစိုက်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် တုံ့ပြန်

လွှတ်တော်တွင် တင်သွင်းသည့်အဆိုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ပြောကြားသည်ကို ဂရုမစိုက်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် တုံ့ပြန်
Published 15 March 2018

လွှတ်တော်တွင်တင်သွင်းသည့် အဆိုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ပြောကြားသည်ကို ဂရုမစိုက်ကြောင်းနှင့် အခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၂ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်ပါ အချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်းသုံးခုမှ အိမ်ထောင်စု ၅၅ စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မတ် ၁၄ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေခြင်းနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း အဆိုရှင် မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်မှာ တာဝန်နှစ်ခုပဲရှိတယ်။ ဥပဒေပြုမယ်။ Check and balance လုပ်မယ်။ အခု အုပ်ချုပ်ရေးအဖွဲ့ရဲ့ အားနည်းချက်ကို ထောက်ပြပြီးတော့မှ Check and balance လုပ်တာ။ ဒါကို ကျွန်တော့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူး ညီတယ် လာမပြောနဲ့ ဂရုမစိုက်ဘူး။ ဒါကို ဒီနေရာကနေ အတိအလင်း ပြောချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်အောင်လည်း ကျွန်တော်တို့ကြိုးစားခဲ့တယ်။ လေးစားတယ်။ အဲဒါကိုလည်း အသက်နဲ့ရင်းပြီး ကာကွယ်နေတယ်ဆိုတာ လွှတ်တော်မှာ တစ်ခါတည်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေချိန်ကို စမ်းချင်လို့ ဒီအဆိုကို တင်တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ အားနည်းချက်ကို ထောက်ပြချင်လို့ ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်” ဟု အဆိုရှင် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ ဦးမောင်မြင့်၏ အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးရာတွင် အစိုးရအနေဖြင့် ကမန်အိမ်ထောင်စု ၅၅ စုအား ရန်ကုန်သို့ ပို့ဆောင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်းမဟုတ်ကြောင်း၊ အဆိုတင်သွင်းသူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကမန်တိုင်းရင်းသား၏ ဘဝအခြေအနေမှန်ကိုမသိ၍ လုပ်ဆောင်သည်ဟု ထင်မြင်မိကြောင်းနှင့် အဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ကျော်လွန်၍ တင်သွင်းသည့် အဆိုဖြစ်ကြောင်း ဆွေးနွေးမှုများ ရှိခဲ့သည်။

ဦးမောင်မြင့်၏ အဆိုသည်တင်သွင်းခဲ့စဉ်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း လွှတ်တော်က ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဆိုသည် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက အဆိုကိုတင်သွင်းနိုင်ခဲ့သော်လည်း ခုနှစ်လကျော်ကြာ ကြန့်ကြာမှ ဆွေးနွေးခွင့်ရခဲ့ကြောင်း ဘော်လခဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၂ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်ပါ အချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်းသုံးခုမှ အိမ်ထောင်စု ၅၅ စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အဆိုရှင် ဦးမောင်မြင့်က အတည်ပြုရန် ပြောကြားခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent