၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ကြေညာရာတွင် အိမ်ထောင်စုအလိုက် မဲစာရင်း ထုတ်ပြန်မည်

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ကြေညာရာတွင် အိမ်ထောင်စုအလိုက် မဲစာရင်း ထုတ်ပြန်မည်
Published 25 February 2018

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ကြေညာရာတွင် အိမ်ထောင်စုအလိုက် မဲစာရင်း ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖေဖော်ဝါရီ ၂၃ ရက်အပြီး ဖွဲ့စည်းရန် စာထုတ်ထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကြားဖြတ်တုန်းကလည်း အိမ်ထောင်စုအလိုက် ကြေညာပေးတာပဲ။ အက္ခရာအစဉ်လိုက် လုပ်တဲ့အခါကျတော့ နည်းနည်း ခက်ကြတာပေါ့ ရှာရဖွေရတာ။ ဥပမာ အဖေ နာမည်က ဦးအောင်အောင်၊ သားနာမည်က ကျော်ကျော်၊ မိန်းမနာမည်က ဌေးဌေး သူ့မိသားစုတွေအားလုံး အဲဒီမဲစာရင်းမှာ ပါသလား၊ မပါသလား ခဲရာခဲဆစ် ဖြစ်ကြတာပေါ့။ ရှာရတာလေ။ တကယ်တော့ မဲစာရင်း အမှန်ဖြစ်ဖို့ကတော့ မဲဆန္ဒရှင် ကိုယ်တိုင်ကလည်း ဥပဒေအရ ကိုယ့်နာမည်မပါရင် ပါအောင်လုပ်ဖို့၊ ဖော်ပြနေတဲ့ မှတ်ပုံတင်နံပါတ်လေး လွဲနေရင်လည်း ပြင်ဖို့ပေါ့နော်။ မပါသင့်ဘဲ ပါနေတဲ့ လူတွေကို ကန့်ကွက်ဖို့ပေါ့။ အဲဒီလိုလုပ်ရတာကို။ အဲဒီတော့ ကော်မရှင်ကတော့ ရပ်ကျေးကော်မရှင်၊ မြို့နယ်ကော်မရှင်တို့ ကတော့ ဖြစ်နိုင်သမျှ အောက်ခြေမှာ ရနိုင်သလောက် စာရင်းများနဲ့ မဲစာရင်းပြုစုတာကို။ မဲစာရင်း ပြုစုထားပေမယ့် တကယ့်လက်တွေ့မှာ ကျတော့ အဲဒီဟာကို ကြေညာလိုက်တဲ့ အခါကျတော့မှ တချို့က ကျွန်တော်ပြောသလို ပါသင့်တဲ့သူ ပါတယ်။ မပါသင့်သူ ပါတယ်။ အဲဒီလို ကန့်ကွက်စရာ ဖြစ်လာလို့ မဲစာရင်းကို ပြည်သူက လာကြည့်မှ လာကြည့်ပြီး သူတို့ကိုယ်တိုင်က ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ၊ နောက်အပြောင်းအရွှေ့ ရောက်ရှိလာတာ။ ထွက်ခွာသွားတာ။ ဒါတွေကလည်း ပြည်သူက ဝိုင်းကူညီမှ ရတာကို။ စာရင်းကပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဒါပဲလေ။ အဲဒီအခါကျတော့ စာရင်းကပ်တဲ့အခါမှာ မိသားစုလိုက် ဖြစ်အောင် ပြန်လုပ်ပေးတာပေါ့။ ပြီးတော့ ကျွန်တော်ပဲဖြစ်ဖြစ်၊ ခင်ဗျားပဲဖြစ်ဖြစ် မဲစာရင်း သွားကြည့်လိုက်လို့ ကိုယ့်နာမည် တွေ့လို့ရှိရင် သေချာပြီလေ ကိုယ့်မိသားစုက အဲဒီအနားမှာ တစ်စုကြီးပေါ့။ တစ်ယောက်သွားကြည့်ဖို့ပဲ လိုတော့တာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောကြားသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်ရှိသည့် မဲဆန္ဒနယ်မှ ဝန်ထမ်းများကို မဲစာရင်းကြေညာရာတွင် အိမ်ထောင်စုအလိုက် မဲစာရင်းထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ သင်တန်းများပေးလျက် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဆိုသည်။

မဲစာရင်းကို မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်ရန်လိုကြောင်း၊ မဲစာရင်း မှန်ကန်ပြည့်စုံရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများအနေဖြင့် ကြိုးစားလုပ်ဆောင်ကြရန်နှင့် အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်ကြရန် လိုကြောင်း၊ မဲစာရင်း အချိန်မီပြီးစီးရန်လည်း လိုအပ်ကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းအတွက် စမ်းသပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသည့် မဲစာရင်းပြုစုခြင်းဆိုင်ရာ သင်တန်းဆင်း သင်တန်းသားများအား တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ် ၁၆၆၁ ဒသမ ၆၁၆ သန်း သုံးစွဲရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြု တင်ပြထားသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည်။

ထို့ပြင် ပြည်နယ်လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ်အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ် အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ် အမှတ် (၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ် အမှတ် (၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် အမှတ် (၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်း မဲဆန္ဒနယ်အမှတ် (၁) နှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သော်လည်း ကျင်းပမည့်အချိန်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးပေ။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပခဲ့သည်။

Most Read

Most Recent