ရှမ်းပြည်နယ် မည်သည့်နေရာဒေသတွင် ယူရေနီယံများထွက်သည်ကို မကြားသိရဖူးကြောင်းနှင့် မည်သည့် အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား

ရှမ်းပြည်နယ် မည်သည့်နေရာဒေသတွင် ယူရေနီယံများထွက်သည်ကို မကြားသိရဖူးကြောင်းနှင့် မည်သည့် အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ပြောကြား
Published 26 February 2024

ရှမ်းပြည်နယ် မည်သည့်နေရာဒေသတွင် ယူရေနီယံများထွက်သည်ကို မကြားသိရဖူးကြောင်းနှင့် မည်သည့် အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌစဝ်ယွက်စစ်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် TaiFreedom သတင်းဌာနက အမေရိကန်တရားစီရင်ရေးစွဲချက်ခေါင်းစီးအောက်မှ ယူရေနီယံရောင်းဝယ်ရေးသတင်းနှင့်ပတ်သက်၍ မေးမြန်းရာ၌ RCSS ဥက္ကဋ္ဌက ထိုသို့ဖြေကြားခြင်းဖြစ်သည်။

RCSS ဥက္ကဋ္ဌစဝ်ယွက်စစ်က “လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သျှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် အဆိုပါဓါတ်သတ္တုများဝယ်ယူလိုကြောင်း နိုင်ငံခြားသားတစ်ဦးဦးက ပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တစ်ကြိမ်တစ်ခါမျှ မကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင် စိုးစဉ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း၊ အဆိုပါစွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ မိမိအားမူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်မည်သို့ပတ်သက်သည်ဟု တဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် discredit လုပ်ရပ်တခုသာဖြစ်ကြောင်း” ဟု  Taifreedom သို့ ဖြေကြားထားခြင်းဖြစ်သည်။

မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဂျပန်ယာကူဇာအဖွဲ့၏ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရောင်းချမည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို လျှို့ဝှက်ယူဆောင်လာခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများက ပြောကြားသည်။

နျူကလီးယားကုန်ကြမ်းပစ္စည်းများသည် မြန်မာနိုင်ငံတွင် ယူရေနီယမ် တူးဖော်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ အမည်မဖော်ထုတ်နိုင်သော ခေါင်းဆောင်တစ်ဦးထံမှ လာခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အမည်ဖော်ပြထားခြင်းမရှိသည့် မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက နူကလီးယားလက်နက်ထုတ်လုပ်နိုင်သည့် ပစ္စည်းများရောင်းချပေးရန် ပြောဆိုခဲ့သည်ဟု တာကီရှီအီဘီဆာဝါက ထုတ်ဖော်ဝန်ခံခဲ့သည်ဟု စွဲချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လာသည့် တရားရုံးမှတ်တမ်းများဆိုသည့် စာရွက်၌ ဖော်ပြချက်အရ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်မှာ RCSS ဥက္ကဌဟု ဖော်ပြထားသည်။

အသက် ၆၀ နှစ်ရှိ တာကီရှီအီဘီဆာဝါသည် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိသော မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကူးသူ ပုံစံဟန်ဆောင်ထားသော အသွင်ယူမူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန (DEA) အေးဂျင့်ထံ နျူကလီးယားလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ၏ နမူနာများကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာခဲ့သည်ဟု ဖက်ဒရယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ထုတ်လုပ်ရာအသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ယင်းနမူနာများထဲတွင် ယူရေနီယမ်နှင့် လက်နက်ထုတ်လုပ်နိုင်သော အဆင့်ရှိသည့် ပလူတိုနီယမ်များကို နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

စွပ်စွဲထားချက်အရ မူးယစ်ဆေးဝါးများ၊ လက်နက်များ၊ နျူကလီးယား လက်နက်ထုတ်လုပ်သော ကုန်ကြမ်းပစ္စည်းများ မှောင်ခိုကူးသည့် ဤအမှုတွင်ပါဝင်နေသော တရားခံများသည် အီရန်က ယင်းကုန်ကြမ်းများကို နျူကလီးယား လက်နက်များအတွက် အသုံးပြုလိမ့်မည်ဟု အပြည့်အဝမျှော်လင့်လျက် ယူရေနီယမ်နှင့် လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ပလူတိုနီယမ်တို့ကို ကမ်းလှမ်းခြင်းဖြစ်သည်ဟု ဖေ‌ဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်တွင် DEA အုပ်ချုပ်ရေးမှူး အန်းမိုင်ဂရမ်းက ဖော်ပြခဲ့သည်။

“ဒါဟာ လူ့အသက်တွေကို လုံးဝအလေးမထားဘဲ လုပ်ဆောင်နေတဲ့ မူးယစ်မှောင်ခိုကူးသူတွေရဲ့ဆိုးယုတ်တဲ့ ထူးခြား သာဓကတစ်ခုဖြစ်ပါတယ်” ဟု မိုင်ဂရမ်းကဖော်ပြခဲ့သည်။

ဗီဒီယို Call ဖြင့် စကားပြောထားသည့် မှတ်တမ်းတစ်ခုအရ မြန်မာရှိ လက်နက်ကိုင်အဖွဲ့ထံတွင် နျူကလီယား ဓာတ်ပါဝင်ပစ္စည်း ကီလိုဂရမ်ထောင်ပေါင်းများစွာရှိကြောင်း၊ ယင်းလက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်နယ်မြေများတွင် နျူကလီးယားပစ္စည်း ၅ တန်အထိ ထုတ်လုပ်နိုင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဗီဒီယိုခေါ်ဆိုမှုအတွင်း DEA လျှို့ဝှက်အေးဂျင့်၊ ပွဲစားများနှင့် လက်နက်ကိုင်ခေါင်းဆောင်တို့ သဘောတူညီချက်အတိုင်း အီရန်ထံမှ လက်နက်နှင့် ယူရေနီယံ လဲလှယ်နိုင်မည့် အကြောင်းကို သဘောတူခဲ့သည်ဟုဆိုသည်။

Ebisawa က လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်နက်များ ဝယ်ယူရန် လိုအပ်သည့် ငွေကြေးကို နျူကလီးယား ပစ္စည်းရောင်းချမှုမှ ရရှိသောငွေများကို အသုံးပြုရန် အကြံပြုခဲ့သည်။

ယင်းနောက် အဆိုပါတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်က နမူနာများ ပေးပို့ခဲ့ရာ နမူနာများထဲတွင် ယူရေနီယမ်၊ သိုရီယမ်၊ပလူတိုနီယမ်တို့ပါဝင်နေသည်ကို အမေရိကန်ဖက်ဒရယ် ဓာတ်ခွဲခန်းကတွေ့ရှိခဲ့ပြီး ပလူတိုနီယမ်၏ အိုင်ဆိုတုပ်ဖွဲ့စည်းပုံသည် လက်နက်ထုတ်လုပ်နိုင်သော အဆင့်ရှိနေပေရာ နျူကလီးယား လက်နက်များတွင် အသုံးပြုနိုင်သည်ကို တွေ့ရှိခဲ့သည်။

ဂျပန်အခြေစိုက် နိုင်ငံတကာရာဇဝတ်အဖွဲ့၏ ခေါင်းဆောင်အီဘီဆာဝါသည် DEA ၏ စစ်ဆင်ရေးအတွင်း ၂၀၂၂ ခုနှစ် ဧပြီလထဲတွင် နယူးယောက်မြို့၏ မန်ဟတ်တန်ရပ်ကွက်တွင် ဖမ်းဆီးခံရသူလေးဦးတွင် ပါဝင်သူဖြစ်သည်။

Most Read

Most Recent