ငြိမ်းချမ်းရေးကော်မရှင်နှင့် နာဂလက်နက်ကိုင်အဖွဲ့ (NSCK-K) တို့ ရန်ကုန်မြို့၌ တွေ့ဆုံမှုတွင် NCA ရေးထိုးရေး ဆွေးနွေးခဲ့ခြင်း မရှိ

ငြိမ်းချမ်းရေးကော်မရှင်နှင့် နာဂလက်နက်ကိုင်အဖွဲ့ (NSCK-K) တို့ ရန်ကုန်မြို့၌ တွေ့ဆုံမှုတွင် NCA ရေးထိုးရေး ဆွေးနွေးခဲ့ခြင်း မရှိ
Published 29 December 2017

ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံပြီးနောက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCK-K) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း)

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် နာဂလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCK-K) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၈ ဇန်နဝါရီလ ကုန်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက်နိုင်ရေး ကိစ္စရပ်များနှင့် ဒေသတည်ငြိမ် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန် သည်။

နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ်ပလန် (NSCK-K) အနေဖြင့် အစိုးရနှင့် မတွေ့ဆုံဖြစ်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်သောကြောင့် ယခုကဲ့သို့ တွေ့ဆုံရန် ၎င်းတို့ဘက်မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း NSCK-K ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဦးကျော်ဝမ်းစိန်က တွေ့ဆုံမှုအပြီး မီဒီယာများအား ပြောကြားသည်။

“ကျွန်တော်တို့ဘက်က စဆက်သွယ်တဲ့ အကြောင်းရင်းက ကျွန်တော်တို့ဒေသ ဆက်ပြီးတော့မှ တည်ငြိမ်အေးချမ်းချင်တာပေါ့နော်။ နောက်လူဆိုတာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြဲတမ်း ဆက်ဆံမှုရှိမှပဲ ဒါပိုပြီးတော့မှ ယုံကြည်စိတ်ချမှု ရှိတာပေါ့။ အဲဒီလိုမျိုးသဘောနဲ့ ချိတ်ဆက်ပြီးတော့မှ တွေ့ဆုံတာပါ။ နယ်မြေအခြေအနေကတော့ အားလုံးကောင်းပါတယ်။ ပုံမှန်ပါပဲ။ ဒါပေမဲ့လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NSCK ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကြားမှာ ဒီလိုအမြဲတမ်း ထိတွေ့မှုမရှိတဲ့ အခါကျတော့ ထိတွေ့မှုအဖြစ်နဲ့ တွေ့ဆုံချင်တာပဲ ဖြစ်တယ်” ဟု ဦးကျော်ဝမ်းစိန်က ပြောကြားသည်။

ထို့ပြင် တွေ့ဆုံမှု၌ NCA လက်မှတ်ရေးထိုးရန် ကိစ္စအားလည်းကောင်း၊ ဖွံ့ဖြိုးရေးကိစ္စများအား လည်းကောင်း၊ အိန္ဒိယနှင့် ပဋိပက္ခ ဖြစ်နေသည့်ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ နာဂနိုင်ငံရေးကျတော့ တခြားတိုင်းရင်းသား နိုင်ငံရေးနဲ့တော့ နှိုင်းယှဉ်လို့မရဘူး။ တချို့သော တိုင်းရင်းသား နိုင်ငံရေးကတော့ NCA လက်မှတ် ထိုးချင်တာ တစ်ခု၊ သူတို့ အပေးအယူတစ်ခုနဲ့ လက်မှတ်ထိုးချင်တဲ့ အပိုင်းပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နာဂတွေ လက်မှတ်မရေးထိုးဘူး ဆိုတဲ့အပိုင်းကျတော့ မြန်မာနိုင်ငံအစိုးရကို ပုန်ကန်တော်လှန်တဲ့အပိုင်းတော့ မဟုတ်ဘူး။ မိမိနိုင်ငံရေး အခြေအနေကိုက ဒီ NCA မှာ လက်မှတ်ထိုးဖို့ အခြေအနေမပေးလို့ မထိုးနိုင်ရခြင်း ဖြစ်တယ်” ဟု ဦးကျော်ဝမ်းစိန်က ပြောကြားသည်။

သို့ရာတွင် အစိုးရအနေဖြင့် တွေ့ဆုံမှုတိုင်းတွင် NSCK-K အား NCA ရေးထိုးရန် အမြဲတမ်း ဖိတ်ခေါ်ကြောင်း ဦးကျော်ဝမ်းစိန် က ဆိုသည်။

ယခုတွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဒေါက်တာအောင် ထွန်းသက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဦးလှမောင်ရွှေတို့ တက်ရောက်ပြီး NSCK-K ဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန် အပါအဝင် အဖွဲ့ဝင်ငါးဦး ပါဝင်ကြောင်း သိရသည်။

NSCK-K အနေဖြင့် NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသော်လည်း တပ်မတော်နှင့် တိုက်ပွဲများမရှိဘဲ ဒေသတည်ငြိမ်နေခြင်းမှာ အောက်ခြေတွင် သွားလာသည့်အခါ နှစ်ဖက်အပြန်အလှန် သတင်းပေး သွားလာနေသောကြောင့် ဖြစ်ကြောင်း ဦးကျော်ဝမ်းစိန်က ဆိုသည်။

ထို့အတူ NSCK-K အနေဖြင့် ဒေသတည်ငြိမ် အေးချမ်းအောင် အမြဲတမ်းထားရှိရန်အတွက် ၁၀၀ ရာခိုင်နှုန်း သဘောထားရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများမှာမူ နိုင်ငံတော်ပေါ် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCK-K) အဖွဲ့သည် မြန်မာ- အိန္ဒိယနယ်စပ်တွင် အခြေစိုက်သည့်အဖွဲ့ ဖြစ်ပြီး မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် ငါးချက်ကို ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ်ပလန် (NSCK-K) သည် ပြည်ထောင်စုအဆင့် သဘောတူညီချက်နှင့် NCA တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးဘဲ နာဂလူမျိုးများ၏ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ စလုံးတွင် နေထိုင်နေမှုအရ ၎င်းတို့၏ နိုင်ငံရေးအခြေအနေမှာလည်း မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်လျက်ရှိပြီး အိန္ဒိယနယ်ခြားစောင့်တပ်များနှင့် မကြာခဏတိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

NSCK-K သည် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်များနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂလူမျိုးများ နေထိုင်ရာဒေသများကို တစ်စုတည်း တည်ဆောက်နိုင်ရေး ကြိုးပမ်းနေသည့်အဖွဲ့ ဖြစ်သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCK) သည် ၁၉၈၈ ခုနှစ်တွင် အက်စ်အက်စ်ကပ်ပလန် ဦးဆောင်ကာ NSCK-K ဟု လည်းကောင်း၊ အိုက်ဆက်ချီဆီဆုနှင့် သူယန်ဂလန်းဗွေဗာတို့က ဦးဆောင်ကာ NSCK-IM ဟု လည်းကောင်း နှစ်ဖွဲ့ကွဲလျက်ရှိပြီး NSCK-K သည် မြန်မာနိုင်ငံဘက်တွင် လှုပ်ရှားကာ NSCK-IM မှာ အိန္ဒိယနိုင်ငံဘက်တွင် လှုပ်ရှားလျက် ရှိသည်။

NSCK-K သည် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ မရှိဘဲ အဖွဲ့ခေါင်းဆောင် အက်စ်အက်စ်ကပ်ပလန် မှာ ၂၀၁၇ ခုနှစ်အတွင်း ကွယ်လွန်သွားပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံဘက်တွင် လှုပ်ရှားလျက်ရှိသည့် NSCK-IM သည် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးလျက် ရှိသည်။

Most Read

Most Recent