ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပမည်
Published 28 November 2017

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ခြောက်ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်တာဝန်ရှိသူများက ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “နောက်လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပမယ့်ရက်ကိုလည်း အတည်ပြုနိုင်ခဲ့တယ်။ ကျင်းပမယ့် ရက်ကတော့ လာမယ့် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းမှာ ကျင်းပ ပြုလုပ်သွားဖို့ဆိုပြီးတော့ JICM အစည်းအဝေးက သဘောတူညီခဲ့ပါတယ်”ဟု ပြောကြားသည်။

JICM အစည်းအဝေးတွင် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဦးဆောင် တက်ရောက်ပြီး NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်ကာ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား အနိမ့်ဆုံးအနေဖြင့် တစ်နှစ်နှစ်ကြိမ် ပုံစံမျိုးဖြင့် သတ်မှတ်ထားသော်လည်း တိုင်းပြည်၏ ငြိမ်းချမ်းရေး အကောင်းဆုံးဖြစ်နိုင်မည့် အနေအထားကို စဉ်းစားကာ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ကာ အဆိုပါရက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“အနိမ့်ဆုံးမှာ တစ်နှစ်နှစ်ကြိမ်ဆိုပြီးတော့ ပုံစံမျိုးနဲ့ လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း တိုင်းပြည်ရဲ့အခက်အခဲ။ ရခိုင်ပြည်ရဲ့ အခက်အခဲ။ ပထမအကြိမ် ကျင်းပပြီးတဲ့ နောက်ပိုင်း အားလုံးကို ခြုံငုံပြီးတော့ အခြေအနေအချိန်အခါ အားလုံး သုံးသပ်ပြီးတော့မှ ကျွန်တော်တို့ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရွှေ့ဆိုင်းတဲ့သဘော မဟုတ်ဘူး။ Negative ပုံစံမျိုးနဲ့ ကျွန်တော်တို့ ရွှေ့ဆိုင်းတာလည်း မဟုတ်ဘူး။ အားလုံးက ဒီတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး အကောင်းဆုံးဖြစ်နိုင်မယ့် အနေအထားကို စဉ်းစားပြီးတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့ အဲဒီနေ့ကို ရွေးတာဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလက ကျင်းပခဲ့ပြီး တစ်နှစ် နှစ်ကြိမ် သတ်မှတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပရန် အစိုးရဘက်က ဆန္ဒရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပရန် ဆန္ဒရှိခဲ့ပြီး ယခုကဲ့သို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

NCA ရေးထိုးထားသည့် နှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၇ ခုနှစ်အတွင်း ကျင်းပရန် ကျန်ရှိနေသေးသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးတွင် ပြီးခဲ့သည့် ညီလာခံမှ သဘောတူညီချက် မရသေးသည့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ဆက်လက်ညှိနှိုင်း ဆွေးနွေးရဦးမည်ဖြစ်ပြီး ၂၀၁၈ တွင် ကျင်းပမည့် ညီလာခံနှစ်ကြိမ် အပါအဝင် နောက်ထပ်ပြုလုပ်မည့် ညီလာခံ သုံးကြိမ်မြောက်တွင် ဖက်ဒရယ်မူများ အပြီးအပြတ် ချမှတ်နိုင်သည်အထိ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားထားသဖြင့် ယခုကဲ့သို့ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးအား ၂၀၁၈ နှစ်ဆန်းပိုင်းသို့ ရွှေ့ဆိုင်းလိုက်သောကြောင့် ၂၀၁၈ ခုနှစ်တွင် ၂၁ ပင်လုံ အစည်းအဝေး နှစ်ကြိမ်ထက်မက ကျင်းပမည့်သဘော ရှိသည်။

ထို့အတူ JICM အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်သည့်အခါ NCA အတိုင်း ဆောင်ရွက်သွားမည် ဆိုသည့်အချက်အား ဆုံးဖြတ်ချက် ကျခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“ပြည်ထောင်စု သဘောတူစာချုပ်အကောင်အထည် ဖော်တဲ့အခါမှာ NCA အတိုင်း ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာက ဆုံးဖြတ်ချက်ကျပါတယ်။ သဘောတူညီခဲ့ပါတယ်။ နောက် အဓိက,ကတော့ NCA လက်မှတ် ရေးထိုးထားတဲ့ အစိုးရနဲ့ EAO ကြားမှာ နှစ်နှစ်တာ ကာလကျော်လွန်ပြီးတဲ့အချိန်မှာ ပြန်လည်သုံးသပ်တယ်။ ပြန်သုံးသပ်ပြီးတော့ နှစ်ဖက်သဘောတူညီတဲ့ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေလည်း အလုပ်အဖွဲ့အစီရင်ခံစာ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ အားလုံးခြုံပြီး ပြောလိုက်ရင်တော့ ကျွန်တော်တို့ JICM အစည်းအဝေးက အနှစ်သာရပြည့်ပြည့်၀၀နဲ့ စေ့စပ်ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုပေါ့။ ဒီအပေါ်မှာ ပေါ်လွင်တဲ့ အစည်းအဝေးဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် စုစုပေါင်း ၃၇ ချက် သဘောတူညီမှု ရခဲ့သည်။