ဧရာဝတီတိုင်းဒေသကြီး အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ သဘောတူညီမှုအရ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ဆက်သွယ်သည့် ကမ်းခြေပတ်လမ်းအား ပြည်ထောင်စုအစိုးရ အကူအညီဖြင့် ဖောက်လုပ်မည်

ဧရာဝတီတိုင်းဒေသကြီး အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ သဘောတူညီမှုအရ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ဆက်သွယ်သည့် ကမ်းခြေပတ်လမ်းအား ပြည်ထောင်စုအစိုးရ အကူအညီဖြင့် ဖောက်လုပ်မည်
Published 4 September 2017

Photo: Google Maps

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ သဘောတူညီမှုအရ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းဒေသမှ ရခိုင်ပြည်နယ် ဂွမြို့သို့ ဆက်သွယ်ထားသည့် ကမ်းခြေပတ်လမ်းအား ပြည်ထောင်စုအစိုးရ အကူအညီဖြင့် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး နှစ်ခုအကြားရှိ ကမ်းခြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့် လျှပ်စစ်မီးရရှိရေး အတွက်ပါ အထောက်အကူပြုမည့် ယင်းကမ်းခြေပတ်လမ်း ဖောက်လုပ်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဇူလိုင် ၂၂ ရက်က ရခိုင်ပြည်နယ် ဂွမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းဆွေးနွေးမှုအရ ကမ်းခြေပတ်လမ်းအား ဖောက်လုပ်နိုင်ရန် သဘောတူညီမှုများရရှိခဲ့ပြီး လိုအပ်သည့် ရန်ပုံငွေများ ရရှိရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားကြောင်း၊ ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်သာမက ဧရာဝတီတိုင်းဒေသကြီးမှ  လယ်ယာထွက်ကုန်များကို ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်တော့မည့် စစ်တွေဆိပ်ကမ်းနှင့် မောင်တောကုန်သွယ်ရေး ဇုန်များမှတစ်ဆင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး အသုတ်ဓာတ်အားခွဲရုံမှ ရခိုင်ပြည်နယ် ဂွမြို့သို့ ၆၆ KV ဓာတ်အားလိုင်းဖြင့် ဓာတ်အားပို့ဆောင်ပေးပြီး ဂွမြို့ရှိ ဓာတ်အားခွဲရုံမှတစ်ဆင့် ကမ်းခြေပတ်လမ်းတစ်လျှောက် ဒေသများကို လျှပ်စစ်ဓာတ်အားများ ရရှိနိုင်ရေး လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ရဲ့ ကမ်းခြေပတ်လမ်းပေါ့။ ဧရာဝတီတိုင်းကနေဆို ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာ၊ ငွေသောင်ယံ၊  ဝက်သေ၊ မကျီးပင်၊ ကျောက်ချွန်း၊ ဂွအထိပေါ့။ ဒီလမ်းဟာ ကမ်းခြေပတ်လမ်း ဖြစ်တဲ့အတွက် လမ်းအားဖြင့် သိပ်မရှည်သော်လည်း လမ်းမှာ ချောင်းတွေ မြောင်းတွေ များတဲ့အတွက် ပေ ၂၀၀၀၊ ပေ၅၀၀၊ ပေ ၈၀၀ တံတားကြီးငယ် စုစုပေါင်း ၁၉ စင်းလောက် ဆောင်ရမှာ ဖြစ်ပါတယ်။ ကမ်းခြေပတ်လမ်း ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံရမယ့် ပမာဏလည်း ကြီးမားပါတယ်။ ပထမ စဉ်းစားထားတာကတော့ တိုင်းဒေသကြီးရန်ပုံငွေသော် လည်းကောင်း၊ အချို့နေရာတွေကို ပြည်ထောင်စုကနေသော် လည်းကောင်း လုပ်ဆောင်ဖို့ ရခိုင်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းထားတာ ရှိပါတယ်။ ရင်းနှီးမြုှပ်နှံမှု များတဲ့အတွက် ပြည်ထောင်စုမှ ဆောင်ရွက်ပေးနိုင်ပါရန်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ဆိုသည်။

အဆိုပါ ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပုသိမ်မြို့မှ ဂွမြို့အထိ နာရီပိုင်းသာ ကြာမြင့်သော အချိန်ဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။