ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား အများအပြား နေရပ်စွန့်ခွာလာပြီး မောင်တောမြို့ပေါ်တွင် အသွားအလာ မရှိသလောက် နည်းပါး

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား အများအပြား နေရပ်စွန့်ခွာလာပြီး မောင်တောမြို့ပေါ်တွင် အသွားအလာ မရှိသလောက် နည်းပါး
Published 2 September 2017

မောင်တောမြို့ပေါ်တွင် လုံခြုံရေးလှည့်လည်နေသည့် ရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ်

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက မောင်တောဒေသတွင် တိုက်ခိုက်မှုများကြောင့် မြို့အားစွန့်ခွာသည့် ဒေသခံ တိုင်းရင်းသား ပိုများလာပြီး မြို့ပေါ်တွင် အသွားအလာ မရှိသလောက် နည်းပါးလာကြောင်း ဒေသခံများနှင့် The Daily Eleven သတင်းစာ၏ သတင်းထောက်များက ပြောကြားသည်။

ကိုဖီအာနန်၏ ရခိုင်အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် သြဂုတ် ၂၅ ရက် အရုဏ်တက်တွင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက ရဲကင်းစခန်း ၃၀ အား တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ စက်တင်ဘာ ၁ ရက်အထိ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

စက်တင်ဘာ ၁ ရက် နံနက်က မောင်တောမြို့ပေါ်ရှိ ဘင်္ဂါလီ အများစု နေထိုင်သည့် ရပ်ကွက် (၄) တွင် သေနတ်သံအချို့ ကြားရပြီး လက်ရှိတွင် မောင်တောမြို့အား စွန့်ခွာလာသည့် ဒေသခံတိုင်းရင်းသားများ ပိုမိုများပြားလာကြောင်း The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

“ဒီနေ့က မနက်စောစောပိုင်းမှာ သေနတ်သံ ကြားရတယ်။ လေး ငါး ဆယ်ချက်လောက် ရှိတယ်။ မြို့ပေါ်မှာကတော့ လူသွားလူလာ မရှိတော့ဘူး။ သွားတဲ့သူတွေကလည်း မောင်တောက ထွက်သွားတဲ့သူတွေချည်းပဲ” ဟု The Daily Eleven သတင်းထောက်က ပြောကြားသည်။

မောင်တောမြို့ပေါ်တွင် အစိုးရဌာန အချို့မှာ ဖွင့်လှစ်ထားသော်လည်း ဝန်ထမ်း အနည်းငယ်သာရှိပြီး ပုဂ္ဂလိကဘဏ်များမှာ ပိတ်ထားပြီး ဈေးဆိုင်အချို့မှာ ခေတ္တသာ ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၂၇ ရက်က ပျောက်ဆုံးခဲ့သည့် မောင်တောမြို့ မိုင် ၃၀ ကျော်ကွာဝေးသော သစ်တုံးနားခွဆုံ အိုးထိန်းရွာမှ ဟိန္ဒူဘာသာဝင် ၄၀၀ ခန့်မှာ လက်ရှိအချိန်တွင် ဆက်သွယ်မှု မရရှိသေးဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့အထိတော့ ဆက်သွယ်မှု မရသေးပါဘူး။ ဘယ်ကိုရောက်နေသလဲ ဆိုတာလည်း မသိရသေးဘူး” ဟု မောင်တောမြို့ ဒေသခံ တစ်ဦးက ပြောကြားသည်။

 

■ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမား ၃၇၀ ၏ အလောင်းများ ရရှိကြောင်း တပ်မတော် ထုတ်ပြန်

သြဂုတ် ၂၅ ရက်မှ သြဂုတ် ၃၀ ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေး ဆောင်ရွက်စဉ် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်မှု ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများထံမှ အလောင်း ၃၇၀၊ အရှင်ဖမ်းမိ ကိုးဦး၊ ပွိုင့် ၂၂ သေနတ် အပါအဝင် လက်နက်ငယ် ရှစ်လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဓား ၆၁ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက် လေးလုံး၊ လှံ ၁၅ ချောင်း၊ ယမ်းထုပ် ၂၇ ထုပ်နှင့် ဝိုင်ယာကြိုးခွေများ၊ ပြောက်ကျားယူနီဖောင်းများ၊ WFP တံဆိပ်ပါ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးပစ္စည်း မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံတိုင်းရင်းသား ၂၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံ တိုင်းရင်းသား ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦးတို့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များရှိပြီး လုံခြုံရေးစိတ်ချရသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့၌ နယ်မြေခံ တပ်ဌာနချုပ်များ အပါအဝင် ကျေးရွာ ၃၃ ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း၊ ၎င်းဒေသခံ တိုင်းရင်းသားများ ရွှေ့ပြောင်းမှုများတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက လမ်းခုလတ်၌ အင်အားသုံး အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဒိုင်းနက်တိုင်းရင်းသား သုံးဦး၊ ရခိုင်တိုင်းရင်းသား လေးဦး စုစုပေါင်း အပြစ်မဲ့ တိုင်းရင်းသားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကိုးတန်ကောက်၊ မြင်းလွတ်နှင့် ကျီးကန်ပြင်ကျေးရွာများ အပါအဝင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ အတွင်းရှိ ကျေးရွာပေါင်း ၃၂ ရွာနှင့် မောင်တောမြို့ရှိ ရပ်ကွက် နှစ်ခုတို့ကို ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အိမ်ခြေပေါင်း ၂၆၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

စစ်တွေမြို့သို့ ရောက်ရှိလာသူများကို တွေ့ရစဉ်

■ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအတွက် စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်မည်

အစွမ်းရောက် အကြမ်းဖက်သမားများ၏ ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအတွက် စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ (အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန) မှ နေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများအား ပြန်လည်နေရာချထားပေးနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း နေရပ်စွန့်ခွာ ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး၊ နေရာချထားရေး၊ ရေ၊ မီး၊ အိမ်သာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု စသည့် ပံ့ပိုးကူညီပေးရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဒီမနက်က အစည်းအဝေးလုပ်တာ မှန်တယ်။ အဲဒီအစည်းအဝေးမှာ လောလောဆယ် မြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းမှာ ဒုက္ခသည်တွေအတွက် နေရာချထားပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်လို့သာ အဲဒီကျောင်းတွေမှာ ပြည့်သွားရင် တခြား ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်မယ်။ မိုးရာသီ ဖြစ်တာကြောင့် ဒုက္ခသည်စခန်း သီးသန့်တည်ဆောက်ဖို့ဆိုတာ ခက်ခဲနေတဲ့အတွက် လတ်တလော သတ်မှတ်လိုက်တာဖြစ်တယ်။ နောက်တော့ ပြန်လည်သုံးသပ်ပြီး လုပ်ပါလိမ့်မယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့မှ မြို့မိမြို့ဖ အဖွဲ့ဝင် ဦးစောဝင်းက ပြောကြားသည်။

သြဂုတ် ၃၁ ရက်က စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ထောင်နှင့်ချီပြီး ရောက်ရှိနေခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင်လည်း အမြန်ရေယာဉ်ငါးစင်းဖြင့် လာရောက်လျက်ရှိကြောင်း သိရှိရသည်။

စစ်တွေမြို့သို့ ရောက်ရှိလာသူများတွင် ရခိုင်၊ ဒိုင်းနက်၊ သက်၊ မာရမာကြီး၊ ဟိန္ဒူ အစရှိသော တိုင်းရင်းသားများ ပါဝင်ကြောင်း သိရသည်။

 

■ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာသို့ ရောက်ရှိလာသော နေရပ်စွန့်ခွာထွက်ပြေးလာသူ ၃၀၀ ကျော် စားသောက်ရေး ခက်ခဲနေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာ အတွင်းသို့ ရောက်ရှိလာသော နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၃၀၀ ကျော် စားသောက်ရေး ခက်ခဲနေကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

အိမ်ထောင်စု ၉၀ ခန့်မှ လူပေါင်း ၃၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်သဖြင့် ရွာသားများက တစ်အိမ်လျှင် ဆန်တစ်ပြည်ကျစီ စုပေါင်း ကူညီပေးထားသော်လည်း စားသောက်ရေး အဆင်မပြေသည့်အတွက် အကူအညီ အဖွဲ့များ လာရောက်ပေးစေလိုကြောင်း ၎င်းက ပြောကြားသည်။

“အခု ရောက်နေကြတာက သာစည်ပြင်၊ သရက်ပြင်၊ ကြာညိုပြင်နဲ့ စိုင်ဒင်အနီးမှ ကျေးရွာသားတွေ ဖြစ်ပါတယ်။ ရွာကလည်း သေးတယ်။ ဆင်းရဲသားတွေပဲ ရှိတဲ့ရွာ ဖြစ်တဲ့အတွက် ရောက်ရှိနေသူများကို မကူညီနိုင် ဖြစ်နေတယ်။ အဲဒါကြောင့် စားသောက်ရေးအတွက် ဖြစ်ဖြစ်၊ ရွှေ့ပြောင်းလာသူတွေကို ဘူးသီးတောင်မြို့ပေါ် ခေါ်သွားတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပေးမယ် ဆိုရင်တော့ အဆင်ပြေမယ်လို့ ပြောဆိုကြပါတယ်။ ပြီးတော့ ကျေးရွာမှာဆိုတော့ ဆန်ပြတ်လပ်မှာကို စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ကို လာရောက်ကူညီပေးစေချင်ပါတယ်” ဟု ကိုမောင်စံရွှေက ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်တို့အပြင် ရသေ့တောင်မြို့နယ်များတွင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးလာသူများသည် သုံးရွာတစ်စု၊ လေးရွာတစ်စု၊ ငါးရွာတစ်စု စသဖြင့် ခိုလှုံနေကြရကြောင်း သိရပြီး လူမှုအဖွဲ့များ အနေဖြင့်လည်း ကျေးရွာများအထိ သွားရောက်ကူညီ ထောက်ပံ့ရန် လမ်းခရီးအတွင်း အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် မသွားရောက်နိုင်ခြင်းများလည်း ရှိကြောင်း သိရသည်။

 

ယခင်က စည်ကားခဲ့သည့် မောင်တောမြို့လယ် တစ်နေရာအား စက်တင်ဘာ ၁ ရက် ညနေက တွေ့ရစဉ်

■ အစ္စလာမ်ဘာသာဝင် ကျေးရွာသားများက ARSA အစွန်းရောက် အကြမ်းဖက်သမား ခုနစ်ဦးကို ဖမ်းဆီး၍ ရဲလက်သို့အပ်နှံ

မောင်တောဒေသတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသော ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို မလိုလားသည့် အစ္စလာမ်ဘာသာဝင် ရွာသူရွာသားများက အကြမ်းဖက်သမား ခုနစ်ဦးကို ဝိုင်းဝန်းဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

သြဂုတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်တွင် မောင်တောမြို့နယ်ရှိ ကျေးရွာသား ၆၀ ခန့်သည် ရော်ဖီအဏ္ဏဝါ (၂၈ နှစ်) အား လည်းကောင်း၊ နေ့လည် ၁၁ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြာကျေးရွာအုပ်စုရှိ ပြင်ရှည်အလယ်ရွာနေ အဒူတာလစ် (၂၂ နှစ်) အားလည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ဟာမီဒူလာ (၂၀ နှစ်) အပါအဝင် လေးဦးနှင့် မိချောင်းတက်ရွာမှ အဏ္ဏဝါဖိုက်ဆဲ (၂၂ နှစ်) စသူတို့အား မသင်္ကာသဖြင့် ဖမ်းဆီးထားကြောင်း သက်ဆိုင်ရာသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။ ဖမ်းဆီးထားသူများအား စစ်ဆေးရာ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်သူများဖြစ်ကြောင်း သိရသည်။