စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းသည် သယ်ယူပို့ဆောင်စရိတ် မြင့်တက်စေပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေခြင်းကြောင့် ယင်းကိစ္စဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား

စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းသည် သယ်ယူပို့ဆောင်စရိတ် မြင့်တက်စေပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေခြင်းကြောင့် ယင်းကိစ္စဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား
Published 6 October 2018

စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းသည် သယ်ယူပို့ဆောင်စရိတ် မြင့်တက်စေပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေခြင်းကြောင့် ယင်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

၎င်းက “စက်သုံးဆီသမားကျတော့ ဘာလုပ်လဲဆိုတော့ သူတို့ဈေးနှုန်းမြင့်တက်ခြင်းအပေါ်မူတည်ပြီးတော့ သယ်ယူပို့ဆောင်စရိတ် က ၁၀ ရာခိုင်နှုန်း မြင့်သွားတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ တရားဝင် ကျွန်တော်တို့ သိရတယ်။ သူတို့တိုးပြီးတော့ တောင်းတယ်ဆိုတော့။ အဲဒီတိုးတောင်းတဲ့အပေါ်မူတည်ပြီးတော့ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တာနဲ့အမျှ ကုန်ဈေးနှုန်း အဲဒါကိုသွားပြီးတော့ သက်ရောက်မှုရှိတယ်။ ဒီအပေါ်မှာလည်း ဘယ်လိုဖြေရှင်း ဆောင်ရွက်မလဲပေါ့။ အဲဒါတွေလည်း ကျွန်တော်တို့ လုပ်နေပါတယ်”ဟု ပြောကြားသည်။

အောက်တိုဘာ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်နေခြင်းနှင့် ပတ်သက်၍ အစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် ရှိသလဲဆိုသည့်မေးခွန်းကို  နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အခုစိစစ်ချက်အရ ဘယ်လိုလဲဆိုတော့ စက်သုံးဆီနဲ့ပတ်သက်လို့ စက်သုံးဆီတင်သွင်းပြီးတော့ ရောင်းချတဲ့လူတွေက အားလုံးတစ်နိုင်ငံလုံးပေါင်းလိုက်ရင် တစ်လကို ဒေါ်လာသန်း ၄၀၀ နီးပါးလောက် ဝယ်ရတယ်။ ဝယ်ရတယ်ဆိုတော့ အခုကျွန်တော်တို့ ဒေါ်လာဈေးမြင့်တက်တဲ့ အကြောင်းရင်းထဲမှာလည်း  အကြောင်းအချက်တစ်ချက်တော့  အဓိကအကြောင်းရင်းတော့ ဟုတ်ချင်မှဟုတ်မယ်။ အကြောင်းအချက်တစ်ချက်အနေနဲ့တော့ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များသည် လက်လီရောင်းချရာတွင် ကျပ်ငွေဖြင့် ရောင်းချနေရခြင်းနှင့်  စက်သုံးဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရခြင်းများသည် စက်သုံးဆီဈေးနှုန်းကို ရိုက်ခတ်မှုများ ဖြစ်ပေါ်စေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်၍ 1943 Petroleum အက်နှင့် ပြည်တွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုကို နိုင်ငံတော်ကသာ ပြုလုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့် စတင်ခွင့်ပြုခဲ့သည်။

ဦးဇော်ဌေးက “နောက်ပိုင်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်။ နောက်အဲဒါဘယ်မှာလဲဆိုတော့ ၂၀၁၀ မှာ လုပ်ပိုင်ခွင့်ပေးခဲ့တယ်။ ပေးခဲ့တော့ သူကဘာလဲဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ဆိုပြီးတော့ ပေးလိုက်တယ်။ အဲဒီအချိန်မှာတော့ ပြည်ပက လုပ်ချင်ရင် သူတို့က တိုက်ရိုက် ၁၀၀ ရာခိုင်နှုန်းလုပ်လို့မရဘူး။ လုပ်ချင်ရင် ဖက်စပ်ပုံစံမျိုး စွမ်းအင်ဝန်ကြီးဌာနနဲ့ လုပ်လို့ရတယ်။ အဲဒီလိုမျိုး လုပ်ပိုင်ခွင့်ပေးခဲ့တယ်ပေါ့။ အဲဒီတုန်းက လုပ်ခဲ့တာဆိုရင် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာဆိုရင် Puma Energy က စွမ်းအင်ဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးခွင့် အဲဒါလုပ်ကိုင်ခဲ့တယ်။ နောက်ပြည်တွင်းကုမ္ပဏီနဲ့ စွမ်းအင်နဲ့ ပေါင်းပြီးတော့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့ လုပ်ငန်းလုပ်တယ်။ ဒါပေမဲ့ လက်လီတော့ ရောင်းချခြင်းမရှိဘူး။ လက်ကားပဲ ရောင်းချခွင့်ရှိတယ်” ဟု ပြောကြားသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြည်ပမှ စက်သုံးဆီနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ၁၅/၂၀၁၇ အမိန့်ကြော်ငြာစာဖြင့် ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်မှစ၍ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“၂၀၁၇ ဧပြီ ၁၀ ရက်ကစပြီးတော့ ဖွင့်ပေးထားပြီ။ သို့သော် အဲဒီဖွင့်ပေးပြီးတဲ့နောက်ပိုင်းမှာ ပြည်ပက တကယ့်ထိပ်တန်း စွမ်းအင်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေ ဆွေးနွေးတာမျိုးတွေ ရှိတယ်။ သို့သော် လုပ်ကိုင်တာတော့ မရှိသေးဘူး။ အဲဒီတော့ အောက်ခြေမှာတော့ တကယ်လုပ်ကိုင်ခွင့်တော့ ပေးလိုက်ပြီ။ ပေးလိုက်တဲ့အချိန်မှာ ဒီပြည်ပက စက်သုံးဆီနဲ့ ပတ်သက်တဲ့ အဓိကကတော့ ရေနံကုမ္ပဏီကြီးတွေ လာရောက်လုပ်ကိုင်တဲ့အခါမှာ အခက်အခဲတွေ ဘာတွေရှိလဲ။ လာသွားပြီးတော့ ဆွေးနွေးတယ်။ သို့သော် တကယ်လုပ်ကိုင်ခြင်းတော့ မရှိသေးဘူးလို့ တွေ့ရတယ်။ အဲဒီတော့ အဓိကကတော့ မြေမြင်မှာ ဘာတွေလဲဆိုတော့ မြေနေရာလိုဟာမျိုးတွေလည်း ပါဝင်ပတ်သက်နိုင်တယ်။ တခြားဟာတွေပေါ့။ တခြားဟာတွေနဲ့ပတ်သက်လို့ အစိုးရအနေနဲ့တော့ စွမ်းအင်နဲ့လည်း ဆွေးနွေးနေတယ်။ လူကြီးတွေလည်း ပြန်ပြီးတော့ စီစဉ်နေတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အကောင်းဆုံးလုပ်ရင် အဆင်ပြေမလဲပေါ့” ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းစက်သုံးဈေးနှုန်း မြင့်နေခြင်း၊ ဈေးနှုန်းကိုက် ညီမှုရှိခြင်း-မရှိခြင်းနှင့် အရှုံးအမြတ်ပြဿနာများကို မေးမြန်းစိစစ်မှုများ ပြုလုပ်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။

 

Most Read

Most Recent