တပ်မတော်က သွားရောက်ရှင်းလင်းမှုကြောင့် TNLA က သိန္နီမြို့အနီး

တပ်မတော်က သွားရောက်ရှင်းလင်းမှုကြောင့် TNLA က သိန္နီမြို့အနီး
Published 1 October 2018

ဆက်ကြေးကောက်ခံနေမှု ဆုတ်ခွာသွားကြောင်းနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဆက်ကြေးကောက်ခံမှုများကို ဆက်လက်ရှင်းလင်းနေကြောင်း သိရ

TNLA က ဆက်ကြေးကောက်ခံနေသည့် နေရာများသို့ တပ်မတော်ကသွားရောက် ရှင်းလင်းနေပြီး သိန္နီမြို့အနီး ဆက်ကြေးကောက်ခံနေမှု ဆုတ်ခွာသွားကြောင်းနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဆက်ကြေးကောက်ခံနေမှုများ ဆက်လက်ရှင်းလင်းနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ် မန်ပြိန်းကျေးရွာ အနီးရှိ ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် TNLA လက်နက်ကိုင် အင်အား ၅၀ ခန့်က မော်တော်ယာဉ်များ ရပ်တန့်စေပြီး လမ်းကြောင်းပိတ်ဆို့၍ ဆက်ကြေးကောက်ခံလျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ ညနေပိုင်းတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ  စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းတွင်လည်း မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအနီးတစ်ဝိုက်ရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ TNLA လက်နက်ကိုင်တချို့က ဆက်ကြေးကောက်ခံရန်အတွက် လမ်းကြောင်းပိတ်ဆို့ထားသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ပြည်သူများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းတွင် မူဆယ်မြို့နှင့် နမ့်ဖတ်ကာကြား ထင်းရှူးတောတွင် တစ်နေရာ၊ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ ရှုခင်းသာတွင် တစ်နေရာ၊ ကွတ်ခိုင် နှင့် သိန္နီကြားရှိ မန်ပြိန်းတွင်တစ်နေရာ စုစုပေါင်း သုံးနေရာတွင် TNLA အဖွဲ့တချို့က တစ်ပြိုင်နက် ငွေကြေးကောက်ခံနေသည်ဟု ကြားသိရကြောင်း ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဆက်ကြေးကောက်ခံမှုကိစ္စနှင့် ပတ်သက်၍  ၎င်းအဖွဲ့မှ ဟုတ်မဟုတ် စိစစ် နေဆဲဖြစ်ကြောင်း TNLA အဖွဲ့မှပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ မူဆယ်-လားရှိုးကားလမ်းမ ကြီးပေါ်တွင် TNLA အဖွဲ့အချို့မှ ငွေကြေး ကောက်ခံမှုများရှှိနေခြင်းကြောင့် ကားများရာချီရပ်တန့်စောင့်ဆိုင်းနေရပြီး ပြန်လည်ထွက်ခွာချိန်တွင် အလုအယက်မောင်းနှင်မှုများရှိ လာနိုင်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများနှင့် အခြားမလိုလားအပ်သော ယာဉ်အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ယာဉ်မောင်းများက ပြောကြားသည်။

 

Most Read

Most Recent