ဘင်္ဂါလီ အကြမ်းဖက်ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် တိုင်းရင်းသား မျိုးနွယ်စုများအား မောင်တော မြောက်ပိုင်း ခုံတိုင်ကျေးရွာတွင် နေအိမ် ၂၀၀ ကျော် တည်ဆောက်ကာ နေရာချထားပေးမည် ဖြစ်ကြောင်း သိရ

ဘင်္ဂါလီ အကြမ်းဖက်ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် တိုင်းရင်းသား မျိုးနွယ်စုများအား မောင်တော မြောက်ပိုင်း ခုံတိုင်ကျေးရွာတွင် နေအိမ် ၂၀၀ ကျော် တည်ဆောက်ကာ နေရာချထားပေးမည် ဖြစ်ကြောင်း သိရ
Published 25 September 2018

ဘင်္ဂါလီများ၏ အကြမ်းဖက်ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ယာယီနေအိမ်ကို တွေ့ရစဉ်

ဘင်္ဂါလီများ၏ အကြမ်းဖက်ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် တိုင်းရင်းသား မျိုးနွယ်စုများအား မောင်တောမြောက်ပိုင်း ခုံတိုင်ကျေးရွာတွင် နေအိမ်အလုံးပေါင်း ၂၀၀ ကျော် တည်ဆောက်ကာ နေရာချထားပေးမည် ဖြစ်သည်။ ဘူးသီးတောင်မြို့နယ် ပန်ဇီရွာနှင့် ဆန်ပြာရွာမှ ရွှေ့ပြောင်းလာသည့် မိသားစုဝင်များနှင့် အခြားလာရောက် ခိုလှုံနေကြသည့်တိုင်းရင်းသား မျိုးနွယ်စုများအတွက် ခုံတိုင်ကျေးရွာတွင် နေအိမ် ၂၂၆ လုံး ဆောက်လုပ်ရန် လျာထားပြီး ဆောက်လုပ်ပြီးစီးပါက နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း နေရပ်စွန့်ခွာ တိုင်းရင်းသား မျိုးနွယ်စုများသည် မောင်တော မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာ၊ ခုံတိုင်ကျေးရွာ၊ သုပဏ္ဏကကျေးရွာ၊ ခမောင်းဆိပ်ကျေးရွာ စသည့်ရွာများတွင် ဝင်ရောက် ခိုလှုံနေကြပြီး သစ်တုံးနားခွဆုံရွာသစ်တွင် နေအိမ် ၁၀၄ လုံး တည်ဆောက်ပေးပြီး စားနပ်ရိက္ခာအတွက် WFP မှ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ဘင်္ဂါလီ အကြမ်းဖက်ရန်ကို စိုးရိမ်သဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ခိုလှုံနေထိုင်လျက် ရှိကြသည့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ တောင်ပေါ်နေ မြို၊ ဒိုင်းနက် စသည့် မျိုးနွယ်စုဝင်များအတွက် နေအိမ်များ တည်ဆောက်ပေးပြီး ဘဝရေရှည် တည်တံ့နိုင်ရေးအတွက် UEHRD အစီအစဉ်ဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း၏ မေးခွန်းနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်တွင် စက်တင်ဘာ ၁၈ ရက်က ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “နယ်စပ်ရေးရာဝန်ကြီးက ဖြေသွားတာမှာက ပန်ဇီရွာ၊ ဆန်ပြာရွာ၊ ဘူးသီးတောင်ကနေ မောင်တောဘက်ကို ရောက်လာတယ်။ သူတို့ကို အရပ်ဘက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သတင်းပို့ရမယ် ဆိုတာကို ပြောတယ်။ ပြီးတော့ ခုံတိုင်ကျေးရွာမှာ အိမ်ခြေ ၂၂၆ လုံး လျာထားတယ်။ ဆောက်လုပ်ပြီးရင် သူတို့ကို စနစ်တကျ နေရာချထားပေးမယ် ဆိုတာကို ဖြေကြားခဲ့ပါတယ်။ ပြီးတော့ မောင်တော မြောက်ပိုင်းမှာ ရောက်ရှိနေကြတဲ့ မိသားစုတွေကို WFP ကနေ လစဉ်၊ မဟုတ်ရင် နှစ်လ တစ်ကြိမ် စားနပ်ရိက္ခာ ထောက်ပံ့လျက် ရှိတယ်ဆိုတာကိုလည်း ပြောသွားပါတယ်။ သူတို့ဘ၀ ရည်ရှည် တည်တံ့နိုင်ရေးအတွက် UEHRD အစီအစဉ်နဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိဖို့အတွက် ဆောင်ရွက်လျက် ရှိတယ်ဆိုတာ ဖြေသွားပါတယ်။ နိုင်ငံတော်အနေဖြင့် အခြေအနေပေါ် မူတည်ပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိတယ်လို့ ဖြေသွားပါတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် မောင်တောမြောက်ပိုင်းတွင် ရောက်ရှိနေကြသည့် တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည့် မြို၊ ဒိုင်းနက်၊ ရခိုင်တို့မှာ တောင်ပေါ်တွင် လုပ်ကိုင် စားသောက်ခဲ့ကြသူများ ဖြစ်သော်လည်း လက်ရှိတွင် တောတောင်များကို သွားလာမရဘဲ ဖြစ်နေကြသဖြင့် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက “သူတို့က စိုးရိမ်စရာရှိတယ် ဆိုတာက တောတက်လို့လည်း မရဘူး။ တောင်တက်လို့လည်း မရဖြစ်နေတယ်။ သူတို့က တောင်ပေါ်မှာပဲ လုပ်ကိုင် စားသောက်တတ်ကြတယ်။ သူတို့ တောဝင် တောင်တက်လို့ ရအောင် လုံခြုံရေးကို ပြည့်ပြည့်၀၀ ပေးနိုင်အောင် လုပ်ပေးရမှာ ဖြစ်ပါတယ်”ဟုဆိုသည်။

ထို့ပြင် စက်တင်ဘာ ၁၉ ရက်က နွားကျောင်းသွားရင်း သစ်တုံးနားခွဆုံကျေးရွာမှ မြိုလူမျိုးတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်းနှင့် လက်ရှိတွင် ကျေးရွာသားများ ရွာပြင်မထွက်ရဲ ဖြစ်နေကြကြောင်းလည်း သိရသည်။ ယင်းသို့ သတ်ဖြတ် ခံနေရခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအားနည်းချက်ကြောင့် ဖြစ်ပြီးလုံခြုံရေးမရှိလျှင် ဒေသ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်မရနိုင်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် က သုံးသပ် ပြောကြားသည်။

၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ ရခိုင်၊ မြိုနှင့် မျိုးနွယ်စုဝင် တိုင်းရင်းသား စုစုပေါင်း လူဦးရေ ၃၄၅ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်ထဲသို့ ဝင်ရောက် ခိုလှုံလျက်ရှိပြီး ၎င်းတို့မှာ ခိုလှုံနေသည့် ကျေးရွာများတွင် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent